မောင်မိုးသူ

ခေတ်ဂျာနယ် နှင့် မောင်မိုးသူ


ခေတ်ဂျာနယ် နှင့် မောင်မိုးသူ
(ကုမုဒြာဂျာနယ်၊ ရန်ကုန်) မိုးမခ၊ သြဂုတ် ၂၀၁၈

ခေတ်ဂျာနယ်တိုက်ကို တည်ထောင်သူကတော့ ကိုအေးမောင်နဲ့ ဦးလေးကိုတို့ ဖြစ်ပါတယ်။ ဦးလေးကိုက ပြည်လမ်းက ပုံနှိပ်တိုက်ပိုင်ရှင်ဖြစ်ပြီး ကိုအေးမောင်ကတော့ နိုင်ငံရေးသမား ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ပေါင်းပြီး ဂျာနယ်တစ်စောင်ထုတ်ဝေဖို့ စီစဉ်ရာမှာ အယ်ဒီတာအဖြစ် ကိုသာနိုးကိုတာဝန်ပေးချောဆွဲပါတယ်။ ထုံးစံအတိုင်းပါပဲ ကိုသာနိုးက မောင်မိုးသူကို ချောဆွဲပြီး ခေတ်ဂျာနယ်ရဲ့ တိုက်ထိုင်တာဝန်ကိုပေးပါတယ်။ ပြောရမယ်ဆိုရင် ကိုသာနိုးရော မောင်မိုးသူပါ အယ်ဒီတာနာမည်များအဖြစ် ခေတ်ဂျာနယ်မှာ ပါဝင်ခြင်းမရှိကြပါဘူး။ ထုတ်ဝေသူ လိုင်စင်ယူထားတဲ့ ဦးလေးကိုရဲ့ ပုံနှိပ်တိုက်က ဖိုမင် မောင်ကျော်ညွန့်ဖြစ်ပါတယ်။ ခေတ်ဂျာနယ်ကို ဩဂုတ်လ ၆ ရက် ဟီရိုရှီးမား အထိမ်းအမှတ်နဲ့ စတင်ထုတ်ဝေပါတယ်။

ခေတ်ဂျာနယ်ရဲ့ ပင်တိုင်ပန်းချီဆရာ ဝင်းဖေဖြစ်ပါတယ်။ တစ်နေ့ ခေတ်ဂျာနယ် ကြော်ငြာပိုစတာရေးဖို့ ဝင်းဖေကိုရေးခိုင်းတော့ ဝင်းဖေက မျက်နှာနောက်ဘက်လှည့်နေတဲ့ကျောပေးထားတဲ့ ကြောင်အမည်းကြီးပုံကိုဆွဲပေးပါတယ်။ ပြီးတော့ စာက¯ကြောင်မနေနဲ့ ခေတ်ဂျာနယ်ဖတ် ပုံနဲ့စာကဒါပဲပါတယ်။ ပရိသတ်တော်တော်များများစိတ် ဝင်စားကြပါတယ်။

ခေတ်ဂျာနယ်ဟာ တကယ်တမ်း ခြောက်လသာထုတ်ဝေနိုင်ခဲ့တဲ့ ဂျာနယ်တစ်စောင်ဖြစ်ပြီး ခရီးတစ်ဝက်မှာ အယ်ဒီတာ မောင်သာနိုးကို ပုဒ်မ ၅ နဲ့ဖမ်းသွားပြီး ခေတ်ဂျာနယ်တိုက်ဟာလည်း အမြဲတစေ ထောက်လှမ်းရေးတွေ အကဲခတ်စောင့်ကြည့်ခံရတဲ့ တိုက်တစ်တိုက်ဖြစ်ပါတယ်။

ပထမဆုံးထွက်တဲ့ ခေတ်ဂျာနယ်ရဲ့ မျက်နှာဖုံးမှာ ကမ္ဘာ့ခေါင်းဆောင်ကြီးများရဲ့ ကယ်ရီကေချာပုံများနဲ့ ဝင်းဖေ လက်စွမ်းပြထားပါတယ်။ နောက်ပြီး ရုရှားစာရေးဆရာကြီး တော်လ်စတွိုင်းရဲ့ Resurrec-tion ဝတ္ထုကို ချစ်မိုးမစွေ အမည်နဲ့ မောင်သာနိုးက မြန်မာမှုပြုထားတာကို ဝင်းဖေရဲ့ သရုပ်ဖော်ပုံများနဲ့ အပတ်စဉ်ထည့်ပါတယ်။

မောင်သာနိုးတို့၊ မောင်မိုးသူတို့ဟာ ခေတ်ဂျာနယ်က လက်ရင်းလက်ရုံး သတင်းထောက်ဖြစ်တဲ့ ကိုအောင်ကျော့် အားကိုးနဲ့ နိုင်ငံရေးမျက်နှာဖုံးသတင်းတွေလူစိတ် ဝင်စားအောင် ရေးသားဖော်ပြနိုင်ခဲ့ပါတယ်။ မှတ်မှတ်ရရ ခွပ်ဒေါင်းအကျဉ်းသား အမည်နဲ့ ခေါင်းစဉ်ကို အဖမ်းခံရစဉ် အတွေ့အကြုံများအဖြစ် မောင်စိန်မြင့် ကလောင်အမည်ဖြင့် ရေးသားခဲ့ပါတယ်။ ခေတ်ဂျာနယ်တိုက်ကို ကိုကိုကြီး (ဒွါရဝတီဘုန်းလူ)ကလည်း ကူညီပြီးရေးပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ စာရေးဆရာ မောင်နေဦးက ခေတ်ဂျာနယ်တိုက်ကို အမြဲလာထိုင်လေ့ရှိပါတယ်။ ကိုနေဦးဟာသိပ်ပြီး လည်ဝယ်တဲ့သူမဟုတ်လေတော့ ထောက်လှမ်းရေးတွေ စောင့်ကြည့်နေချိန်မှာ မောင်မိုးသူတို့က တိုက်ထဲမဝင်တတ်ပေမဲ့ သူကအူကြောင်ကြောင်နဲ့ အယ်ဒီတာ စားပွဲမှာဝင်ထိုင်လို့ အမေးအမြန်းခံရပါတယ်။

ခေတ်ဂျာနယ်မှာ လယ်ဇင်ဘလင်းရဲ့ သတ်ပုံဟာရေးကြီးခွင်ကျယ်လောဆိုတဲ့ ဆောင်းပါးတွေလည်း နာမည်ရပါတယ်။ မန်းခေတ်သတင်းစာမှာတုန်းကတော့ သတင်းတွေ အများကြီး ဖော်ပြရတာဖြစ်ပြီး ခေတ်ဂျာနယ်မှာတော့ ကဏ္ဍစုံဆောင်းပါးတွေရေးသားရတာဖြစ်လေတော့ မောင်မိုးသူတစ်ယောက် အကြောင်းအရာအစုံ နာမည်စုံနဲ့ရေးသားရတဲ့အဖြစ်ကို ရောက်ပါတော့တယ်။ လူထုဒေါ်အမာရဲ့ လုံးချင်းစာအုပ်ကို မောင်စိန်မြင့်ဆိုတဲ့ နာမည်နဲ့ ဝေဖန်ရေးရေးတယ်။ ရုပ်ရှင်မင်းသမီးကြီး မြင့်မြင့်ခင်ကို နှစ်ခြိုက်စွဲလမ်းတဲ့ မောင်မိုးသူက အလုံ သို့မဟုတ် မြင့်မြင့်ခင်ဆိုပြီး ရေးမိတာလည်းရှိတယ်။ မန္တလေး တက္ကသိုလ်ရဲ့ ဘောလုံးသမားဖြစ်တဲ့ ဂြိုဟ်တုညွန့်မောင်က လည်း အားကစားတွေရေးပေးရှာပါတယ်။ ထိုနည်းတူပဲ ABSDF က ခေါင်းဆောင် ရဲဘော်သံခဲရဲ့ ဖခင် စိုးဝင်း မောင်ကလည်း နိုင်ငံရေးဆောင်းပါးတွေရေးပေးပါတယ်။

ခေတ်ဂျာနယ်ရဲ့ အယ်ဒီတာတွေဖြစ်တဲ့ မောင်သာနိုးတို့၊ မောင်မိုးသူတို့ဟာ ငယ်ကလည်းငယ်၊ ရဲကလည်းရဲ ဖြစ်လေတော့ ခေါင်းတပ်ရာ ခေါင်းပေးရာမှာ အတော်ကြမ်းပါ တယ်။ အဲသည်ခေတ်က ရွှေဝါရောင် ပထစခေါင်းဆောင်များကိုအတိအလင်း တိုက်ခိုက်ပြီးရေးသားကြပါတယ်။ အဲသည်လို အဲသည်လို ပွဲအတော်ဆူစေတဲ့ ခေတ်ဂျာနယ်ရဲ့ လမ်းခရီးတစ်ဝက်လောက်မှာ နာမည်လုံးဝမပါတဲ့ ကိုသာနိုးကို ပုဒ်မ ၅ နဲ့ ဖမ်းသွားပါတယ်။ ခေတ်ဂျာနယ်က သာနိုးကိုဖမ်းတယ်ဆိုပြီး ချက်ချင်းတုံ့ပြန်ရေးတာပေါ့။

ခေတ်ဂျာနယ်တိုက်ကို တင်မိုးတို့၊ ကြည်အောင်တို့လည်း ကြုံရင်ကြုံသလိုအမြဲလာထိုင်ပါတယ်။ အဲဒါကို အကြောင်း ပြုပြီး တင်မိုး၊ ကြည်အောင်၊ မောင်မိုးသူ သူငယ်ချင်းသုံးယောက် ကဗျာစာအုပ် ထုတ်မယ်လို့ ကြေညာဖူးပါတယ် ပန်းရည်ဘဏ်တိုက်သီချင်းကို ကန်မြဲ အေးကျော်က ရေးတာ။ တင်မိုးလည်း ကန်မြဲသားလေ။ပန်းရည်ဘဏ်တိုက်အကြောင်းရော၊ ကိုအေးကျော်အကြောင်းရောရေးပါလေရော။ နောက်မှသိရတဲ့အကြောင်းက ပါတော်မူခေတ်မှာ ပညာရှင်ကြီးတစ်ယောက်ကန်မြဲကိုရောက်ရှိသွားရာမှ အဲသည်ကန်မြဲမှာ သီချင်းရေးဆရာတွေ၊ ဆရာတွေ၊ ပညာရှင်တွေ အများကြီးပေါ်ထွက်ခဲ့တယ်ဆိုတဲ့ အကြောင်းမှတ်သားရဖူးပါတယ်။

ကဗျာကျောင်းသားခေါင်းဆောင် မောင်စိန်မြင့် အဖမ်းခံရတဲ့အကြောင်းကို ခွပ်ဒေါင်း အကျဉ်းသားခေါင်းစဉ်နဲ့ မောင်စိန်မြင့်ရဲ့ ကလောင်နာမည်နဲ့ပဲရေးပါတယ်။ ဒါပေမဲ့ ခြောက်လအကြာ ဂျာနယ်ရပ်သွားလို့ တစ်ပိုင်းတန်းလန်းဖြစ်သွားပါတယ်။

ခေတ်ဂျာနယ်ရဲ့ အလယ်ဖောင်မှာ စာရေးသူနာမည်ဖော်ပြခြင်းမရှိဘဲပါတော်မူနေ့နဲ့ အမျိုးသားအောင်ပွဲနေ့ကို နှိုင်းယှဉ်ပြီး ဆောင်းပါးတစ်ပုဒ်ဖော်ပြခဲ့ဖူးတယ်။ ပါတော်မူ နေ့ဟာ စည်းရုံးမှုပြိုကွဲလို့ နန်းတွင်းပြဿနာတွေအများကြီးဖြစ်ပွားရာမှ အင်္ဂလိပ်ကျွန်ဘဝရောက်ရတဲ့နေ့ဖြစ်သလို အမျိုးသားအောင်ပွဲနေ့ဟာလည်း စည်းရုံးညီညွတ်မှု စုစည်းနိုင်ခဲ့တဲ့ အမျိုးသားအောင်ပွဲနေ့တစ်နေ့ ဖြစ်ပေါ်လာရတဲ့အကြောင်း နှိုင်းယှဉ်ပြီး ဆောင်းပါးကိုလည်းရေးဖြစ်ခဲ့ကြပါတယ်။

ပြည်တွင်းနိုင်ငံရေး အရေးအခင်းတွေမှာ ရွှေဝါရောင်ပါတီကြီးကို ပြင်းပြင်းထန်ထန်ဝေဖန်ရေးသားခဲ့ကြသလို နိုင်ငံတကာအရေးအခင်းတွေမှာလည်း အမေရိကန်နယ်ချဲ့ဆန့်ကျင်ရေး အရေးအခင်းတွေမှာ တော်တော်ရေးဖြစ်ကြပါတယ်။

ဂျာနယ်သက်တမ်းတစ်ဝက်မှာ ကိုသာနိုးကို ဖမ်းပြီးသည့်နောက်မှာလည်း ခေတ်ဂျာနယ်က ဆက်လက်ပြီးပွဲဆေူနေလေတော့ နောက်ဆုံးမှာ မျက်စိစပါးမွေးစူးတဲ့အတွက် တာဝန်ရှိသူများက ထုတ်ဝေသူ မောင်ကျော်ညွန့်ကို ထုတ်ဝေခွင့် ရပ်ဆိုင်းလိုက်တဲ့အတွက် ခြောက်လအကြာမှာ ခေတ်ဂျာနယ်ရပ်ဆိုင်းခဲ့ရပါတယ်။

ခေတ်ဂျာနယ်ရဲ့ နောက်ဆုံးနေ့ နောက်ဆုံးဆောင်းပါးမှာ ခေတ်ဂျာနယ်ရဲ့ နောက်ဆုံးနေ့ဆိုပြီး မောင်မိုးသူ လွမ်းလွမ်းဆွတ်ဆွတ် ရေးခဲ့ဖူးပါတယ်။ အဲသည်ဆောင်း ပါးရဲ့အနှစ်သာရကခွဲခွာခြင်းဆိုတာ ပြန်လည်တွေ့ဆုံနိုင်ခြင်းရဲ့ အစတစ်ခုပဲဖြစ်တယ်ဆိုပြီး ရေးသားခဲ့မိဖူးပါတယ်။

တကယ့် တကယ်တော့ ခေတ်ဂျာနယ်ရပ်ဆိုင်းသွားပြီးတဲ့နောက် မောင်မိုးသူကလည်း သတင်းဂျာနယ်လောကမှာမပါသလိုဖြစ်နေခဲ့ရပါတယ်။ ဒါပေမဲ့လည်း ဒါပေမဲ့ ပေါ့လေ၊ အရေးအခင်းကာလ မတိုင်ခင်လောက်က ကိုအံ့မောင်ဦးစီးတဲ့ မော်ကွန်းဂျာနယ်ဆိုတာထွက်ဖူးပါတယ်။ အဲသည် မော်ကွန်းဂျာနယ်မှာ အယ်ဒီတာ နာမည်က တစ်ပုံတစ်ခေါင်းကြီးခင်ဗျ။ ရန်ကုန်မှာထုတ်တဲ့ မော်ကွန်းဂျာနယ် အယ်ဒီတာ စာရင်းထဲမှာ မန္တလေးက မောင်မိုးသူလည်းပါဝင်ခဲ့ဖူးကြောင်းပါ။

မောင်မိုးသူရဲ့ မန္တလေးစာနယ်ဇင်း လောကအတွေ့အကြုံမှာ မိုးဦးပန်းစာပေတိုက် တည်ထောင်ထုတ်ဝေခြင်း၊ မန်းခေတ်သတင်းစာ အယ်ဒီတာလုပ်ဖူးခြင်း၊ ခေတ်ဂျာ နယ်ရဲ့ အယ်ဒီတာလုပ်ဖူးခြင်းတို့ဟာ အလွန်ပဲပျော်ရွှင်စရာကောင်းတဲ့ လွမ်းမောစရာရက်များ ဖြစ်ပါကြောင်း။

ခေတ်ဂျာနယ်နဲ့ မောင်မိုးသူ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts