မောင်မိုးသူ

ဓာတ်ပုံဟောင်းနှင့် မောင်မိုးသူ

ဓာတ်ပုံဟောင်းနှင့် မောင်မိုးသူ
(ကုမုဒြာဂျာနယ်၊ ရန်ကုန်) မိုးမခ၊ အောက်တိုဘာ ၁၈၊ ၂၀၁၆


သည်ဓာတ်ပုံကလေးဟာ ဘယ်ကထွက်လာလဲ မသိပါဘူး။ သည်ဓာတ်ပုံနဲ့ အတူ တခြားဓာတ်ပုံလေးတစ်ပုံလည်း ဗိုက်ဘာကတစ်ဆင့် မောင်မိုးသူဆီ ရောက် လာပါတယ်။ ကြည့်လိုက်တော့ ကင်မရာ ကို မျက်နှာမူပြီး ပြုံးပြုံးကြီး လုပ်နေတဲ့ ဆံပင်မည်းမည်း၊ နှုတ်ခမ်းမွေးမည်းမည်း နဲ့ ပိန်ပိန်ငနဲလေးဟာ မောင်မိုးသူ ဖြစ်ပြီး နံဘေးက အတော်ကိုချောပြီး အတော့်ကိုငယ်တဲ့ မိန်းမချောလေးဟာ ဒေါ်အောင် ဆန်းစုကြည် ဖြစ်ပါတယ်။ သူ့နံဘေးက ပုဂ္ဂိုလ်က ကွယ်လွန်သူ ဦးဝင်းတင်ဖြစ်ပြီး ဦးဝင်းတင်နံဘေးက ပုဂ္ဂိုလ်ကတော့ ထောင်ထဲမှာ ကွယ်လွန်ခဲ့တဲ့ ကိုတင်မောင်ဝင်းပဲ ဖြစ်ပါတယ်။ အဲသည် ဓာတ်ပုံလေး နှစ်ပုံကို ပဉ္စဂံအောင်သူက မောနင်းစတား မှာ ထိုင်တုန်း မောင်မိုးသူရဲ့ လူမှုကွန်ရက် က တင်လိုက်လို့ အတော်ကြီးကို ပျံ့နှံ့သွား ပါတယ်။

တခြားတစ်ပုံကတော့ ပုံဟောင်းတစ်ပုံ ပါပဲ။ အဲသည်ပုံကိုတော့ မောင်မိုးသူ ဆောင်းပါးတွေကို သရုပ်ဖော် ရေးနေတဲ့ ဇော်မောင် ရသလားဆိုတော့ရတယ်တဲ့။  အဲသည်ဓာတ်ပုံထဲမှာပါတဲ့ လူတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဝဲအစွန်က မတ်တတ်ရပ်နေသူကတော့ စွယ်စုံရ အနုပညာ ရှင်ကြီးလို့ ကျော်ကြားတဲ့ ဝင်းဖေပဲ ဖြစ်ပါတယ်။

သူ့နံဘေးမှာ ထိုင်နေတဲ့ သူကတော့ မောင်မိုးသူတို့တစ်တွေက ဖိုးရွှန်းလို့ ချစ် စနိုးခေါ်ကြတဲ့ မြို့မငြိမ်းရဲ့သားကြီး ဦးရွှန်း ပြည့်ပဲ ဖြစ်ပါတယ်။ သူက ပေါ်ဦးသက်နဲ့ ဝင်းဖေသွားရင် လိုက်ပါလာလေ့ရှိတဲ့ လူပဲ ဖြစ်ပါတယ်။ အခုတော့ မြို့မအသင်းကြီးရဲ့ ဥက္ကဋ္ဌ ပေါ့။ ဖိုးရွှန်းရဲ့နံဘေးက အောင်ကြီးမြင့်ပါ။ အောင်ကြီးမြင့်ဆိုတာ မောင်မိုးသူ တို့တစ်တွေ စုဝေးဖြစ်သွားတဲ့ အေအိုင်ရဲ့ကို တည်ထောင်သူသုံးဦးထဲက တစ်ဦးဖြစ် ပါ တယ်။ အေအိုင်ကို တည်ထောင်သူ သုံးဦးကတော့ ဘိုကြီး၊ တင်ထွန်း၊ အောင်ကြီးမြင့်တို့ ဖြစ်ပါတယ်။

အောင်ကြီးမြင့်နံဘေးက ပုဂ္ဂိုလ်ကတော့ မောင်မိုးသူတို့လူအုပ်ထဲမှာ အသက် အကြီးဆုံးဖြစ်တဲ့ ဘိုကြီးပါပဲ။ ဦးဘိုကြီးက တော့ ယခု ဘုန်းကြီးဝတ်နေပါပြီ။ ဦးဘိုကြီး နံဘေးက မတ်တတ်ရပ်နေသူကတော့ အခု လေးသိမ်း လေးသိမ်းလို့ အခေါ်ခံနေရပြီ ဖြစ်တဲ့ စန္ဒရားသိမ်းမောင် ဖြစ်ပါတယ်။ သူ့ ရဲ့ စန္ဒရားလက်သံကဖြင့် မောင်မိုးသူတို့ တစ်တွေ နားမထောင်ချင်အဆုံးပါပဲ။ ကြုံ တိုင်း မနက်ဆိုရင် ဘရိတ်ဖတ်၊ နေ့ခင်းဆို ရင် လန့်ခ်ျ၊ ညနေဆိုရင် ဒင်နာအဖြစ် လက်စွမ်းပြ တီးပြလေ့ရှိပါတယ်။ အခု သူ လည်း ရန်ကုန်မှာ ရှိပါတယ်။ တစ်ခါတစ်ရံ ပွဲလမ်းတွေရှိရင် ဆုံပါတယ်။ အထူးသဖြင့် ခင်မောင်ရင်ရဲ့ ပန်းချီပွဲတွေမှာပေါ့။

သိမ်းမောင်နံဘေးက ပြုံးပြုံးချောချော လေးက မောင်မိုးသူ ဖြစ်ပါတယ်။ ဒေါ်စု၊ ဦးဝင်းတင်တို့နံဘေးမှာ ထိုင်နေတဲ့ မောင် မိုးသူထက် အတော်ငယ်သေးတဲ့ မိုးသူပါပဲ။

မိုးသူရဲ့နံဘေးက သိန်းသန်းထွန်း ဖြစ်ပါတယ်။ ဘယ်ပန်းချီရေးလို့မမီ ဝတ္ထုကို ရေးတဲ့ စာရေးဆရာ သိန်းသန်းထွန်း၊ မပန်ပါနဲ့ ကြွေချင်တယ်ရေးတဲ့ သိန်းသန်းထွန်း ပါပဲ။ သူနဲ့ ကွဲကြခွဲကြတာတော့ ကြာ ပါပြီ။ အင်းလေး ဟဲယာရွာမမှာ နေဆိုပဲ။ သူ့ သမီးလေးတောင် ဆရာဝန်ဖြစ်ဆိုပဲ။

သည်ပုံထဲကလူတွေအားလုံးရဲ့ အသက်အရွယ်တွေက မတိမ်းမယိမ်းဖြစ် ကြပြီး ကွယ်လွန်သူတစ်ယောက်ပဲ ရှိပါတယ်။ ကွယ်လွန်ရှာသူကတော့ ပေါ်ဦး သက်ပဲ ဖြစ်ပါတယ်။ ဝင်းဖေ၊ ဘုန်းကြီး ဘို ကြီး၊ မိုးသူတို့ မကြာခဏ တွေ့လေ့ရှိပါတယ်။ အဲ သိမ်းမောင်လည်း ပါတတ်သေး။ ဖိုးရွှန်းကတော့ မန္တလေးရောက်မှ ဆုံရတာ တွေ့ရတာ၊ ဒါမှမဟုတ် မြို့မ အသင်း ရန်ကုန်ဆင်းပြီး တီးကြ မှုတ်ကြ ပွဲကျင်းပတဲ့အခါတော့ ဆုံလေ့ရှိပါတယ်။ ဖိုးရွှန်းရဲ့အစ်မ ဒေါ်တင်ကြည် (ပေါ်ဦးသက်ရဲ့ ဇနီး)လည်း ကွယ်လွန်သွားရှာပါပြီ။ အောင်ကြီးမြင့်နဲ့တော့ မတွေ့တာ ကြာပြီပဲ။ လက်ဖက်ရည်ဆိုင်ဖွင့်ထားသလိုလို ကြား တယ်။

ဓာတ်ပုံဟောင်းလေးတစ်ပုံဟာ မောင် မိုးသူရဲ့ အတိတ် ငယ်ဘဝကို ပြန်ပြောင်း သတိရစေပါတယ်။ အဲသည် လူငယ်တစ် သိုက်ဟာ မြန်မာနိုင်ငံရဲ့ အနုပညာလော ကမှာ နေရာစုံ ဘက်စုံက ဝင်ရောက် လုပ် ဆောင်ကြ သူများပါပဲ။
အခု အသက် ၈၀ ပြည့်တော့မယ့် မိုး သူဟာ အသက် ၈၀ ပြည့်မယ့် ၂၀၁၇ မေလ ၁၇ ရက်နေ့အမီ “မိုးသူရဲ့ မိုးသူ”ဆိုပြီး မောင်မိုးသူရဲ့ ဘဝဖြစ်စဉ်ကို ရေးဖို့ ကြိုး စားနေပါတယ်။ မောင်မိုးသူရဲ့ ဘဝကလည်း မြန်မာဘုန်းကြီးကျောင်းသားဘဝ၊ အင်္ဂလိပ်ဘုန်းကြီးကျောင်းသားဘဝ၊ တက္ကသိုလ်ကျောင်းသားဘဝ၊ မန်းတက္က သိုလ် ကလောင်ရှင်အသင်း အမှုဆောင်၊ တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း မြန်မာစာ စာတည်း၊ ကျောင်းသားညီညွတ်ရေး တပ်ဦး အတွင်းရေးမှူး၊ မန †လေးတက္က သိုလ် ကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဋ္ဌ၊ ဗိုလ်ချုပ် နေဝင်း အိမ်စောင့်အစိုးရတက် တော့ အ ဖမ်းခံရ၊ ခွပ်ဒေါင်းအကျဉ်းသား၊ အကျဉ်းသားက လွတ်တော့ အထက်ဗမာ နိုင်ငံ စာရေးဆရာအသင်းအမှုဆောင်၊ နောက် မိုးဦးပန်း စာပေတိုက် တည် ထောင်ပြီး ဆရာ ကြီးရွှေဥဒေါင်း၊ ဆရာ ဇေယျ၊ ဆရာ ဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဆရာတက်တိုး တို့ရဲ့ စာပေတွေ ထုတ်ဝေခဲ့သလို ဒဂုန် တရာ၊ တက္ကသိုလ်ဘုန်းနိုင်၊ သိန်းသန်းထွန်း၊ ထွန်းထွန်း (ဆေးသိပπံ)၊ မောင်မိုးသူတို့ရဲ့ ဝတ္ထုတွေ ထုတ်ခဲ့သလို တင်မိုး၊ ကြည် အောင်၊ ကိုလေး၊ ဘုတလင် ချစ်လေးတို့ရဲ့ ကဗျာစာအုပ်တွေထုတ်ခဲ့၊ ဝင်းဖေ ( မောင်စွမ်းရည်) ကဗျာတွေကတော့ ကြီးပွားရေး၊ လူထုကထုတ်လို့ မိုးဦး ပန်းက မထုတ်ခဲ့ရပါ။

နောက် ရုပ်ရှင်လောကကို ရေပွက်ပမာမှာ ဇာတ်ညွှန်းရေးပြီး ရောက်ခဲ့၊ရုပ်ရှင် ဒါရိုက်တာအဖြစ် ဇာတ်ကားကြီး ၁၀ ကား၊ ဗီဒီယိုနှစ်ကားရိုက်ကူးခဲ့ပြီး ခြေ ထောက် ကျိုးလို့ ရုပ်ရှင်မရိုက်နိုင်၊ ရသစာပေလည်း မရေးနိုင်ဘဲ ဘာသာပြန် စာ အုပ်တွေရေးလို့ ဘာသာပြန်ဆရာ ဖြစ်လာ ခဲ့၊ ၈၈ အ ရေးတော်ပုံမှာ အရေးတော်ပုံတပ် သားအ ဖြစ် မောင်သော်က၊ ဦးဝင်းတင် တို့နဲ့ အတူ ပါခဲ့ပြီး အင်န်အယ်လ်ဒီစတင်ဖွဲ့စည်းတော့ ဗဟိုကော်မတီဝင်အဖြစ်ပါခဲ့၊ ၈၉ မှာ အ ဖမ်းခံရပြီး ၉၂ မှာ လွတ်၊ ၉၆ မှာ ပြန် အဖမ်း ခံရ၊ ၂၀ဝ၀ လွက်ပါတယ်။ မောင်မိုးသူရဲ့ ဘဝမှာ အနုပညာနယ်ပေါင်းစုံက နာမည် ကြီး နာမည်ကျော်များနဲ့ ပေါင်းသင်းခဲ့ရ သလို နိုင်ငံရေးမှာလည်း ဒေါ်အောင်ဆန်း စုကြည်၊ ဦးဝင်း တင်တို့နဲ့ ပေါင်းခဲ့ရသူ ဖြစ် ပါတယ်။

အခု မောင်မိုးသူ ၈၀ ပြည့်တော့မှာပါ။ မော်ဒန်၊ ကုမုဒြာ နဲ့ သံတော်ဆင့်တို့မှာ ပင်တိုင်ဆောင်းပါးရေး၊ မဂ္ဂဇင်းတွေမှာ စာရေး၊ ဘာသာတွေပြန်လုပ်နေပါတယ်။ ကိုယ့်ကိုယ်ကို ဘယ်လောက်ခိုင်းနိုင်သလဲ လုပ်နိုင်မလဲဆိုပြီး ခိုင်းကြည့် လုပ်ကြည့် နေတာပါ။

အဲ နိုင်ငံရေးတာဝန်တော့ မယူနိုင် တော့သလို ပန်းချီလည်း မဆွဲဖြစ်သလောက် ဖြစ်နေပါပြီ။ စာရေးတာ၊ ဘာသာ ပြန်တာတော့ ကြိုးစားလုပ်နေတုန်းပါပဲ။

ဓာတ်ပုံဟောင်းနှင့် မောင်မိုးသူ ပါ။

မောင်မိုးသူ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts