K ငြိမ်းချမ်း သတင်းပဒေသာ

နှစ် ၃၀ ပြည့် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနား ရန်ကုန်တက္ကသိုလ်မှာ ကျင်းပမယ်


နှစ် ၃၀ ပြည့် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနား ရန်ကုန်တက္ကသိုလ်မှာ ကျင်းပမယ်
K (မိုးမခ) ဇူလိုင် ၂၈၊ ၂၀၁၈

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ခွင့်ပြုချက်ဖြင့် နှစ် ၃၀ ပြည့် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနားကို ၈၈၈၈ အရေးတော်ပုံ နှစ် – ၃၀ ပြည့် အခမ်းအနား ဖြစ်မြောက်ရေးကော်မတီမှကြီးမှူးကာ သြဂုတ်လ ၆ရက်မှ ၈ရက်ထိ သုံးရက်ကြာ ရန်ကုန်တက္ကသိုလ်ဝင်းရှိ တက္ကသိုလ်အပန်းဖြေရိပ်သာ(RC)မှာ ပြုလုပ်ကျင်းပသွားမယ်လို့သိရပါတယ်။

အဆိုပါ ၈၈၈၈ အရေးတော်ပုံ နှစ် ၃၀ပြည့် အထိမ်းအမှတ်အခမ်းအနားမှာ အခမ်းအနားအစီအစဉ်အရ သြဂုတ်လ ၆ရက်၊ ၇ရက်နေ့များ တွင် “ရှစ်လေးလုံးအရေးတော်ပုံ နှစ် (၃၀) ကာလ ပြန်လည်သုံးသပ်ခြင်း ဆွေးနွေးပွဲ”ခေါင်းစဉ်ဖြင့် နိုင်ငံရေး ဆွေးနွေးပွဲ များကို ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး (၁) ဒီမိုကရေစီရေး နှစ် (၃၀) ခရီး (၂) တိုင်းရင်းသားများ တန်းတူ ညီမျှ ရေးနှင့် ဖက်ဒရယ်ပြည် ထောင်စု (၃) မြန်မာ့နိုင်ငံရေးနှင့် စစ်အာဏာရှင်စနစ် စတဲ့ခေါင်းစဉ်များဖြင့် ဆွေးနွေးသွားမယ်လို့ ၈၈၈၈-နှစ်-၃၀-ပြည့်-သတင်းပြန်ကြားရေးနှင့်-မှတ်တမ်း-ဆပ်ကော်မတီမှ သိရပါတယ်။

ဆွေးနွေးပွဲများတွင် ပါဝင်လိုသော်လည်း လူကိုယ်တိုင် မလာရောက်နိုင်သူများ အနေနှင့် မိမိတို့၏ ဆွေးနွေးချက်များကို politicaldiscussion8888@gmail.com သို့ ပေးပို့နိုင်ပြီး သြဂုတ်လ ၆ရက်မှစတင်ကာ ၈ရက်နေ့ထိ ၈၈၈၈ အရေးတော် ပုံနှစ် (၃၀) ပြည့် အထိမ်းအမှတ် ပြခန်းများကိုလည်း ပြသထားမယ်လို့သိရပါတယ်။

၈၈၈၈ အရေးတော်ပုံ နှစ် ၃၀ပြည့် အထိမ်းအမှတ်နဲ့ပတ်သက်၍ အခမ်းအနား ဖြစ်မြောက်ရေးကော်မတီဝင်တဦးဖြစ်သူ ၈၈မျိုးဆက်ကျောင်းသားကိုမြအေးရဲ့လူမှုကွန်ရက်စာမျက်နှာမှာ “ နှစ်(၃၀)ပြည့်၈၈၈၈အခမ်းအနားကို ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာ(RC)မှာသြဂုတ်လ ၆-၇-၈ ရက်များမှာ ကျင်းပ သွားမှာဖြစ်ပါတယ်။ အခမ်းအနားကျင်းပရခြင်းရဲ့ရည် ရွယ်ချက်ကတော့ ၈၈ ကစလို့ဒီနေ့ထိဖြတ်သန်းခဲ့တဲ့ နှစ်(၃၀)ကာလ ကိုပြန်လည်သုံးသပ်ခြင်းဖြစ်ပါတယ်။ အခမ်းအနား ကျင်းပတဲ့အခါမှာ နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ဆွေးနွေးပွဲပြုလုပ်မှာဖြစ်သလို ၈၈ အရေးတော်ပုံကာလနဲ့ အဆက်ဆက် သက် ဆိုင်တဲ့မှတ်တမ်းများကို ပြခန်းများပြုလုပ်ပြသသွားမှာဖြစ်ပါတယ်။

သြဂုတ်လ ၆-၇ ရက်တွေမှာနိုင်ငံရေးဆွေးနွေးပွဲရော ပြခန်းတွေပါ စတင်ဆွေးနွေးပြသသွားမှာဖြစ်ပြီး ၈ ရက်နေ့မှာ အခမ်း အနားကျင်းပခြင်းနဲ့အတူ ဆွေးနွေပွဲများရဲ့ရလဒ်သုံးသပ်ချက်စာတမ်းကို တိုင်းပြည်နဲ့ပြည်သူလူထုကို အကြံပြု အသိပေး တင်ပြသွားမှာဖြစ်ပါတယ်။

ဆွေးနွေးပွဲအနေနဲ့ (၁)ဒီမိုကရေစီရေးနှစ်သုံးဆယ်ခရီး (၂)တိုင်းရင်းသားတန်းတူရေးနှင့်ဖက်ဒရယ်ပြည်ထောင်စု (၃)မြန်မာ့ နိုင်ငံရေးနှင့်စစ်အာဏာရှင်စနစ် ဆိုပြီးခေါင်းစဉ်သုံးခုခွဲထားပါတယ်။

ဆွေးနွေးလိုသူတိုင်းကို တံခါးဖွင့်ထားပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ ယုတ်ရင်းကြမ်းတမ်းတဲ့စကားလုံးများသုံးစွဲမှုကိုတော့ တား မြစ်ထားပါတယ်။ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုဖြစ်စဉ်များနဲ့ ပကတိအခြေအနေတွေကို မိမိမြင်တဲ့အတိုင်း လွတ်လပ်စွာ ပြောဆိုဆွေးနွေးနိုင်ပါတယ်။ ဒါကြောင့် အခုကျင်းပမယ့် ၈၈၈၈ အရေးတော်ပုံနှစ်သုံးဆယ်ပြည့်အခမ်းအနားမှာ ဖေါ်ပြပါ ခေါင်းစဉ်များကို မိမိမြင်တဲ့ အတိုင်း၊ မိမိရင်ထဲမှာရှိတဲ့အတိုင်း လွတ်လွတ်လပ်လပ်ဝင်ရောက်ဆွေးနွေးပေးကြဖို့ ပညာရှင် များ၊ လုပ်ငန်းရှင်များ၊ နိုင်ငံရေးသမားများ၊တက်ကြွလှုပ်ရှားသူများ၊ အခြေခံလူတန်းစားများအပါအဝင် ရဟန်းရှင်လူ ကျောင်းသားပြည်သူလူထုများကို တရိုတသေတလေးတစားနဲ့ဖိတ်ခေါ်ကြောင်းပါခင်ဗျာ။”လို့ ရေးသားဖော်ပြထားပါတယ်။

သြဂုတ်လ ၈ရက်နေ့မှာ ကျရောက်မယ့် ရှစ်လေးလုံးအရေးတော်ပုံ နှစ် (၃၀) ပြည့် အခမ်းအနားများကို ရန်ကုန်မြို့တွင် သာ မက မန္တလေး၊ ပဲခူး၊ တောင်ကြီး၊ ကျောက်ပန်းတောင်း၊ မြင်းခြံအစရှိတဲ့ မြို့ကြီးများမှာလည်း ကျင်းပပြုလုပ်သွားမှာလို့လည်း သိရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts