Han Thit Naing News

Ko Mya Aye’s songs

အပြာရောင်အင်္ကျီဝတ်ပြီး ရေးစပ်ခဲ့သော သီချင်းများ နားထောင်ရတော့မည်
ဟန်သစ်နိုင်
စက်တင်ဘာ ၂၇၊ ၂၀၀၃
  

      နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမြအေးက ထောင်ထဲတွင် သူရေးစပ်ခဲ့သော အပြာရောင်သက္ကရာဇ်များ တေးစီးရီးကိုကို  ကြာသပတေးနေ့က ရန်ကုန်မြို့တွင် မိတ်ဆက်ပေးခဲ့ရာ  ၄င်း၏မိတ်ဆွေသူငယ်ချင်း ရဲဘော်ရဲဘက်များ၊ စာနယ်ဇင်းသမားများ တက်ရောက်ခဲ့ကြသည်။

အောက်တိုဘာလ ၅ ရက်နေ့တွင် ထွက်ရှိမည့် ထိုစီးရီးတွင်  ဒီမွန်၊ ဇောင်း၊ နိုးဝေး တို့က သီဆိုထားပြီး ကိုမြအေး၏ ရဲဘော်ရဲဘက်ဖြစ်သော ကိုဝင်းမောင်၏ ရွှေသံစဉ်အဖွဲ့သားများက တီးခတ်ပေးထားသည်။

 ထောင်တွင်းပုံရိပ်များကိုထင်ဟပ်သည့်သီချင်း ၁၁  ပုဒ်ကို သီဆို တီးခတ်ပေးသူများမှာ နိုင်ငံရေးတွင်တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သော လှုပ်ရှားနေသောသူများဖြစ်သည်။

တေးစီးရီးမိတ်ဆက်ပွဲတွင် ဦးကိုကိုကြီးက အမှာစကား ပြောကြားခဲ့သည်။

ဦးကိုကိုကြီးက  … မိမိလည်း အနုပညာကို ၀ါသနာပါကြောင်း၊ ကိုမြအေးရဲ့သီချင်းများသည် သံတိုင်ကြားတွင်ရေးသားခဲ့သော  သီချင်းများဖြစ်ကြောင်း၊
သံတိုင်ကြားထဲက  ညည်းတွားသံတွေ၊ ငိုညည်းသံတွေအပြည့်နဲ့ ရှိနေတဲ့နေရာထဲမှာ အနုပညာတွေပွင့်ဖူးနိုင်ခဲ့ကြောင်း၊ ကိုမြအေးသည် ၀ထ္ထုများ၊
ကဗျာများ၊ သီချင်းများကို ဖန်တီးခဲ့ကြောင်း၊ ၀ထ္ထုတစ်ပုဒ်လည်း ထွက်ဖူးခဲ့ကြောင်း၊ ၄င်းတေးစီးရီးကို အနုပညာညီအကိုမောင်နှမများနှင့် ပေါင်းဖက်ပြီး
ဝိုင်းဝန်းဖန်တီးထားသောကြောင့် သူ၏အနုပညာကို အားပေးစေလိုကြောင်း၊ နိုင်ငံရေးသမားတွေကို အကြမ်းဖက်သမား၊ ဆူပူဖျက်ဆီး အမျိုးမျိုးနှင့်ထင်တတ်ကြောင်း စသဖြင့် ပြောကြားသွားသည်။

“တခါတလေ ကျွန်တော်တို့အချင်းချင်း ရီမောပြောဆိုသောစကားတစ်ခွန်းမှာ ငါတို့အဖက်ကြမ်းတာကို အကြမ်းဖက်တာလို့ ပြောခံရတာနဲ့တူပါတယ်” ဟု သူက ဆက်ပြောသည်။

     ကိုမြအေးကလည်း အပြာရောင်သက္ကရာဇ်များဟု နာမည်ပေးရခြင်း၏ရည်ရွယ်ချက်မှာ နှစ်ပေါင်းများစွာ ထောင်ကျနေစဉ် အပြာရောင်ဝတ်စုံကိုဝတ်ရခြင်းကို ဆိုလိုကြောင်း၊
ထိုတေးသီချင်းများသည်ပင်လျှင် ထောင်ကျနေသူတို့၏ အနှိမ်ခံဘဝကို မီးမောင်းထိုးပြနေကြောင်း ရှင်းပြသည်။

အမေနဲ့ကျွန်တော်ဟူသော သီချင်းလေးသည် နှစ်နှစ်လလ မိဘတွေနဲ့ကွဲ ဟိုအဝေးကြီးကိုရောက်သွားတဲ့သားနဲ့ မျှော်နေရတဲ့အမေတစ်ယောက်ရဲ့ခံစားမှု၊ သားကကြီးရင့်လာတဲ့အခါမှာ ရုန်းကန်တဲ့ဘဝကို ဖော်ကျူးထားတဲ့သီချင်းဖြစ်ကြောင်း၊
အပြာရောင်သက္ကရာဇ်များသီချင်းဟာလည်း မိမိရဲ့ညီငယ် ညီမငယ် ကျောင်းသားသမဂ္ဂတွေနဲ့ ပုံဖော်ထားကြောင်း၊
ဘယ်သူ့ကိုမှမရည်ရွယ်ဘဲ ထောင်ကျနေတဲ့ သူတွေရဲ့ဘဝကို ကြိုးစားပြီးတင်ဆက်ထားကြောင်း ကိုမြအေးက ပြောသည်။

“အဓိကပြောချင်တာက နိုင်ငံရေးသမားတွေဟာ ဆံပင်စုတ်ဖွားနဲ့ ပင်နီတိုက်ပုံဝတ်ပြီ ခုံဖိနပ်စီးတဲ့သူတွေမဟုတ်ဘူးဆိုတာ ပြောချင်တာ၊
နိုင်ငံရေးသမားတွေဟာ ခံစားမှုရှိပါတယ်၊ ကျွန်တော်တို့ မမာပါဘူး၊ အင်မတန်နုပါတယ်၊ အင်မတန်နုလို့ အင်မတန်ကြမ်းတမ်းတဲ့ဘဝတွေကို ဖြတ်ရဲတဲ့သတ္တိကိုပြတာပါ၊
ဘာပဲပြောပြော နိုင်ငံရေး သံချောင်းခေါက်သံတွေ၊ ခြေချင်းခတ်သံတွေ၊ ငှက်ဆိုးထိုးသံတွေ၊ ကျီးထိုးသံတွေကြားထဲက ဖန်တီးပြီးရေးထားတဲ့သီချင်းများကို နားထောင်ရင်း အားပေးကြပါ” ဟု ကိုမြအေးက ပြောကြားသွားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts