စာစုတို

ကျော်ကျော် (မြရည်စမ်း) ● ဆစ်​ရင်း… စစ်​ရင်း ကျွံဝင်​ခဲ့ရပါ​လေ၏

ကျော်ကျော် (မြရည်စမ်း) ● ဆစ်​ရင်း… စစ်​ရင်း ကျွံဝင်​ခဲ့ရပါ​လေ၏
(မိုးမခ) ဇူလိုင် ၂၃၊ ၂၀၁၈

(က)
ညကြီးမင်းကြီးမှာ မိုး​တွေတအားသည်း​နေ​တော့ ကျွန်​​တော့်​​ဘေးမှာ အိပ်​တဲ့​ကောင်​​လေးက ထပြီးထိုင်​​နေတယ်​။ သူ့ကို ​ကြောက်​​စိတ်​​ပြေဖို့ ​အား​ပေးစကား​လေး​တွေ ​လျှောက်​​ပြော​ပေး​နေဖြစ်​​ပေမဲ့​ ကျွန်​​တော်​ကိုယ်​တိုင်​လည်း ​ကြောက်​​နေမိတာ အမှန်​ပါ။

တခါတခါ​တော့  မိုးသံ​တွေကြားမှာပဲ အ​ဝေးကြီးက​တော်​လဲသံ၊ ​မြေပြိုသံကို ကြားရတတ်​ပါတယ်​။ အဲဒီလိုအခါမျိုးဆိုရင်​ ​ကောင်​​လေးရဲ့မျက်​နှာဟာ ဆီးရွက်​​လောက်​ပဲ ရှိ​တော့တယ်​။ တရုတ်​မီးအိမ်​က အလင်း​ဖျော့​ဖျော့​အောက်​မှာ သူ့မျက်​လုံး​လေး​တွေ ပြူးကျယ်​​နေကြတယ်​။

ည​နေပိုင်း​လေးက သူမြင်​​တွေ့ခဲ့ရတဲ့ မြင်​ကွင်း​တွေကို ​မေ့​ဖျောက်​လို့မရနိုင်​ဘူးထင်​ပါတယ်​။ ဒီ​ဒေသမှာ လူ​သေတယ်​ဆိုတာ ကျွန်​​တော့်​အတွက်​​ မထူးဆန်း​တော့​ပေမဲ့ သူ့အတွက်​​တော့ အ​တော်​ကြီးကို တုန်​လှုပ်​ဖွယ်​ရာ ဖြစ်​​နေရှာပါတယ်​။ တက္ကသိုလ်​ဘွဲ့တ​ခုကို ရထားတာပူပူ​နွေး​နွေးရှိ​သေး​တော့ ​ကျောင်းသားသာသာလူငယ်​​လေးပဲ​ပေါ့။ သူ့မိဘ​တွေကို ​ငွေဆယ်​သိန်း​လောက်​​ပေးပြီး သူ့သင်​တန်းဆက်​တက်​ဖို့ ​ ငွေရှစ်​သိန်းကို စုထားမယ်​ပြော​တော့ ကျွန်​​တော့်​မှာ စိတ်​မ​ကောင်းဖြစ်​မိပါတယ်​။ ရထားတဲ့ဘွဲ့ဒီဂရီနဲ့ အလုပ်​ဝင်​လုပ်​ပါလားလို့​ပြောမိတဲ့ ကျွန်​​တော့်​ကို ​ခေါင်း​လေးပဲ ရမ်းပြရှာပါတယ်​။

အသက်​နှစ်​ဆယ်​​ကျော်​​ကျော်​​လောက်​ပဲ ရှိ​သေးတဲ့သူ့မျက်​နှာနုနု​လေးဟာ ဒီလို​နေရာမျိုးနဲ့​တော့ မအပ်​စပ်​လှပါဘူး။ “မိဘ​ကျေးဇူးဆပ်​ချင်​တယ်​ဆိုရင်​လည်း တခြားနည်းလမ်း​တွေနဲ့ ဆပ်​ပါလားငါ့တူရာ” လို့ သူ​ရောက်​လာတဲ့​နေ့က ပြောမိ​သေး တယ်​။ “တစ်​လ သုံးသိန်းက ဒီလို​နေရာမှာမှ  ရမှာဦး​လေးရ” ဆိုတဲ့ စကား​ကြောင့်​ ဘာမှထပ်​မ​ပြောဖြစ်​​တော့ပါဘူး။ ​ကောင်​​လေးရဲ့အ​တွေးထဲမှာ တစ်​လသုံးသိန်း၊​ ခြောက်​လ တစ်​ဆယ့်​ရှစ်​သိန်းက သူ့ဘဝလမ်းခရီးကချောင်းတခုကိုဖြတ်​ကူးဖို့ တံ တားတစင်းလည်း ဖြစ်​ချင်​ဖြစ်​မှာ​​နေမှာ​ပေါ့လို့ ​တွေးမိရင်း စိတ်​မ​ကောင်းဖြစ်​ရုံပါပဲ။

မိုးသံ​တွေကြားထဲမှာ ကျွန်​​တော်​တို့အ​စောင့်​တဲ​လေးလည်း ငြိမ်​ကုပ်​​နေပါတယ်​။ အတိတ်​ကို ​ရောက်​လိုက်​၊ မ​ရောက်​​သေးတဲ့ အနာဂတ်​ကို မှန်းဆလိုက်​နဲ့ ​ခေါင်းထဲမှာ​တော့ အ​တွေး​တွေ ​ပြေးလွှား​နေကြတယ်။ တကယ်​​ပြောရမယ်​ဆိုရင်​​တော့ ဒီ​ဒေသ မှာ ​နောက်​တစ်​​နေ့ဆိုတာကြီးကိုက မ​ရေမရာ စကားဖြစ်​​နေတာ ကြာခဲ့ပါပြီ။ နောက်​တစ်​​နေ့ဆိုတာက များပါလိမ့်​အုံးမယ်​။ ကြာပါလိမ့်​အုံးမယ်​။ မနက်​နဲ့​နေ့လည်​၊ ​နေ့လည်​နဲ့ည​နေ၊ ည​နေနဲ့ည အချိန်​တိုင်းမှာ အ​ပြောင်းအလဲ​တွေက မြန်​လွန်းလှတာ ဝရုန်းသုန်းကားပါပဲ။

နေ့လယ်​တုန်းက ကျွန်​​တော်​တို့ကို နုတ်​ဆက်​ခဲ့တဲ့ ​ရေမ​ဆေး​ကျောက်​ရှာသူ လူငယ်​​လေးသုံး​ယောက်​ဟာ ည​နေကျ​တော့ ရွံ့ နွံအလူးလူးနဲ့ သက်​မဲ့အ​လောင်း​တွေ ဖြစ်​ကုန်​ကြပြီ။ သူတို့ ​ရေမ​ဆေး​ကျောက်​ ရှာ​ဖွေ​နေကြတဲ့အနီးအနားက ကမ်းပါးရံကြီး ပြိုကျ​တော့ တဖက်​ခြမ်းက နွံအနှစ်​​တွေဟာ သူတို့အ​ပေါ်ကို ဖုံးလွှမ်းသွားခဲ့တယ်​။ လူ​တွေဟာ ​ရေကူးလို့သာ ရတတ်​ကြမယ်​။ နွံကူးဖို့ဆိုတာ​တော့ ဘယ်​လိုမှမဖြစ်​နိုင်​တဲ့ကိစ္စကြီးပါ။ အ​ရေအတွက်​အတိအကျမ​ပြောနိုင်​တဲ့ လူသား​တွေဟာ နွံပြင်​​အောက်​ ကို ​နစ်​မြှုပ်​​ပျောက်​ကွယ်​ခဲ့ရပါတယ်​။ တချို့ကို​တော့ အ​ရေး​ပေါ်ကုသဖို့အ​နေအထားနဲ့၊ တချို့ကို​တော့ သက်​မဲ့ခန္ဓာ အဖြစ်​နဲ့ ဘဝတူလူသား​တွေက လတ်​တ​လော ဆယ်​ယူနိုင်​ခဲ့ကြတယ်​။

ပျော်​ရွှင်​ခြင်း​တွေ၊ ဝမ်းနည်းပူ​ဆွေးခြင်း​တွေ၊ ထိတ်​လန့်​ခြင်း​တွေ၊ ကြမ်းကြုတ်​ရက်​စက်​ခြင်း​တွေ အစရှိတဲ့ ရသမျိုးစုံကို တစ်​ရက်​ထဲမှာ မြင်​နိုင်​​တွေ့နိုင်​တဲ့ ​မှော်​ထဲကို ကျွန်​​တော်​​ရောက်​ခဲ့တာ ကြာလှပါပြီ။ ဒီ​ညမှာ​တော့ အိပ်​မရခြင်း​တွေနဲ့လုံး​ထွေးသတ်​ပုတ်​ရင်း အတိတ်​ကို ပြန်​​တွေးမိပါ​တော့တယ်​။

(ခ)
မန္တ​လေးဘူတာကြီးဟာ အဲဒီတုန်းက ပုပျပ်​ပျပ်​ဝါဝါ​လေးပါ။ အဲဒီ​ဘေးမှာ ပုပ္ပားဟိုတယ်​ရှိတယ်​။ ညတိုင်​ကျသီချင်း​တွေဆိုကြတယ်​။ သူများ​တွေဆိုကြတာပါ၊ သူ​ဌေး​တွေ​နေမှာ​ပေါ့။ ဆိုက်ကား​လေးဂိတ်​ထိုးရင်း ကျွန်​​တော်​​တို့ကနားဆင် ခံစားကြရတာပါ။

“သိန်း​ကျောက်​ရရင်​​ လောပန်းဖြစ်​ပြီ​ပေါ့” တဲ့။

ဆိုက်ကား​လေးနဲ့ခရီးသည်​ပို့ရင်း ကျုံး​ထောင့်​​ရောက်​​တော့လည်း ​ရေ​ပေါ်စတိတ်​ရှိုးမှာ စည်​ကားလိုက်​တာ။ သူ​ဌေး​တွေ​နေမှာ​ပေါ့။ ပန်းကုံး​တွေစွပ်​လို့ သီချင်း​တွေဆိုလို့။ အဲဒီသီချင်းပဲ ကြားကြား​နေရတယ်​။ “သိန်း​ကျောက်​ရရင်​​လောပန်းဖြစ်​ပြီ​ပေါ့” ဆိုတဲ့သီချင်း​လေ။

ကျွန်​​တော်​ကလည်းဆိုက်ကားသမားဆို​တော့စုံတယ်​။ ခရီးသည်​တင်​ရတာထက်​ကို ​ကျောက်​ထုပ်​သယ်​ရတာက ပိုကိုက်​တယ်​​လေ။

အဲသည်​အချိန်​က မြစ်​ကြီးနားဖက်​ကလာတဲ့ရထား​တွေမှာ ​ကျောက်​စိမ်းအထုပ်​​တွေပါတတ်​တယ်​။ ရထားဝင်​လာပြီဆို ကိုယ်​နဲ့မျက်​မှန်းတန်းမိတဲ့ကုန်​သည်​ပါလာရင်​ ဝမ်းသာရတယ်​။

၇၉ လမ်း တရုတ်​တန်းက မဖျက်​​သေးဘူး။ ကုန်​သည်​က ​စောင့်​ခိုင်းတဲ့အချိန်​ တရုတ်​တန်းပန်းကန်​ဆိုင်​​တွေနားက သွား​စောင့်​​နေလိုက်​တာပဲ။ ရထား​တွဲတွေကို ​ရေ​ဆေးတဲ့လိုင်းကျင်း (pitch) ​တွေက တရုတ်​တန်းနဲ့ကပ်​​နေတာ​လေ။ အဲဒီ​နေရာ​လေးမှာ အုတ်​တံတိုင်း​လေးကနည်းနည်းပြိုကျ​နေတယ်​။ ဘူတာဖက်​မှာကျ​တော့ ​မြေကြီးကမူ​လေးရှိ​နေပြန်​​ရော။ အထဲမှာ​တော့ သူတို့ဘယ့်​နှယ်​လုပ်​ကိုင်​ရှင်းလင်းကြတယ်​မသိရပါဘူး။ အုတ်​တံတိုင်း​ကျော်​လာတာနဲ့ ပစ္စည်းထုပ်​ဟာ ကျွန်​​တော်​တာဝန်​​ပေါ့။ ​အေး​အေးလူလူပါပဲ။ ​ကျောက်​စိမ်းဆိုတဲ့ဟာကလည်း အ​တော်​​တော့ ထူးဆန်းတဲ့​ကောင်​ဗျ။ ရထားလမ်းတလျှောက်​က ဘူ တာ​တွေမှာ ဖမ်းမယ်​ဆီးမယ်​တကဲကဲလုပ်​ကြ​ပေမဲ့​ကျောက်​ဝိုင်းထဲလည်း​ရောက်​​ရော ​အေး​ဆေး။

အဲဒီအလုပ်​​လေးက မြိုးမြိုးမြက်​မြက်​ရ​နေ​တော့ ဆိုက်ကားနဲ့ခရီးသည်​ကြိုပို့ကိစ္စ​တွေ​ဆိုရင်​​တောင်​ မြက်​မြက်​စက်​စက်​မရှိချင်​​တော့ဘူး။ အလုပ်​လုပ်​​ပေးဖူးတဲ့ ကုန်​သည်​​တွေများလာပြီဆို​တော့ ကျွန်​​​တော်​လည်း တ​ဆင့်​တက်​​တော့တာ​ပေါ့။ မန္တ​လေးဘူတာက​စောင့်​ရတာနဲ့မတင်းတိမ်​ပဲ ရွာ​ထောင်​ဘူတာအထိ ဆင်းကြိုပလိုက်​တယ်​။ ပစ္စည်းပါလာပြီဆိုရင်​ မြို့​ဟောင်းမှာ ဆင်းတယ်​။ တခါတ​လေမှာများ ပစ္စည်းက နှစ်​ထုပ်​ သုံးထုပ်​ဖြစ်​​နေပြီဆို အ​တော်​​ခေါင်းစားရတယ်​။ မြို့​ဟောင်းဘူတာအဝင်​​လေးက အမှိုက်​ပုံကြီး​တွေဟာ ကျွန်​​တော်​နဲ့ရဲ​ဘော်​ရဲဘက်​ဖြစ်​ခဲ့ဖူးတယ်​လို့​ပြောပြန်​ရင်​ လွန်​ရာကျ​နေမလားပဲ။ ပစ္စည်းများရင်​များသလို အဲဒီ အမှိုက်​ပုံကြီး​တွေ​ပေါ် အရင်​ပစ်​ချလိုက်​တာပဲ။ ပြီးမှလူကိုယ်​တိုင်​ဆင်းရတယ်​။ အမှိုက်​ပုံကစိတ်​ချရတယ်​။ ပစ္စည်းထုပ်​ပစ်​ချလိုက်​တာနဲ့ အမှိုက်​​တွေကအ​ပေါ်ကပြန်​ဖုံးသွား​ရော။ မိုး​ကောင်းကပစ္စည်းဆိုရင်​ စိတ်​မပူရဘူး။ ဟိုပင်​ကပစ္စည်းဆိုရင်​​တော့ ဂရုစိုက်​ရတယ်​။ ဟိုပင်​က​နေတင်​တဲ့ပစ္စည်းက ဆယ်​ကွင်းထုပ်​လက်​​ကောက်​အကြမ်းထည်​​တွေဆို​တော့ ကျိုးမှာပူရတာ​ပေါ့။

မြင်​ပါများ​လာ​တော့ ဆိုက်ကားနင်းတဲ့အလုပ်​ထက်​ ​ကျောက်​စိမ်းကို ကိုယ်​တိုင်​တူးချင်​တဲ့စိတ်​က ကျွန်​​တော့်​မှာများလာတာပဲ။ သူများပစ္စည်းသယ်​​ပေးလိုက်​ ​ပေးသ​လောက်​​ငွေ​လေးယူလိုက်​နဲ့လည်း မတင်းတိမ်​ချင်​​တော့ပြန်​ဘူး။ စိတ်​က အ​တော်​ခက်​တဲ့​ကောင်​ဗျ။ ဆိုက်ကား​လေး​ရောင်းပြီး အမှတ်​(၅၅)ဆိုတဲ့အဆန်​ရထားကြီးစီးလို့  ​မှော်​ထဲကိုချီတက်​ခဲ့တာပါ။ “သိန်း​ကျောက်​ရရင်​​လောပန်းဖြစ်​ပြီ​ပေါ့” ဆိုပြီး သီချင်း​လေး တညည်းညည်းနဲ့​ပေါ့။

ကျွန်​​တော်​​မှော်​ထဲ​ရောက်​စက အခုလိုစက်​ယန္တယားကြီး​တွေနဲ့ တူးကြ​ဖော်​ကြတာ မရှိသ​လောက်​ပါပဲ။ လူအားနဲ့ပဲ လုပ်​ကြကို​င်​ကြရတယ်​။ အဲသည်​​တော့ အလုပ်​လည်းမရှားပါဘူး။  ဒေသိယစကားနဲ့​ဆောင်း​ကျော်​လို့ ​ခေါ်ကြတဲ့ ​မြေသယ်​ခြင်းနဲ့ ​မြေစာ​ခေါက်​စားထမ်းလို့ရတယ်​။ ​ကျောက်​ကျင်းတိုင်းမှာ လူအင်​အားလိုအပ်​ချက်​ရှိ​နေတာပါ။ ပုခုံး​ဒေါက်​ထဲ့ထားတဲ့ ကြိမ်​ခြင်းကြားကြီး​တွေနဲ့ အပိုးသမား​တွေကို ​နေရာတိုင်းမှာ မြင်​နိုင်​ပါတယ်​။ ရေစုပ်​စက်​​မောင်းဖို့ ဒီဇယ်​ပိုးမလား၊ ​ဈေးကူးကြတဲ့ ကုန်​​ခြောက်​ပိုးမလား အလုပ်​​တွေက အရန်​သင့်​ရှိ​နေတယ်​။ တဒိုင်းဒိုင်းတဖန်းဖန်း၊ တဝုန်းဝုန်းတဂျိန်း ဂျိန်း ပစ်​ခတ်​သံ​တွေ ဆူညံ​နေတဲ့ ​မှော်​သွား လမ်းတလျှောက်​မှာ လမ်းပန်းဆက်​သွယ်​​ရေးက​​တော့ အခုလိုမ​ကောင်းဘူး​ပေါ့။ အဆိုးထဲက အ​ကောင်းက​တော့ ကျွန်​​တော်​တို့လို လူ​များစွာအတွက်​ အလုပ်​မရှား တာပါပဲ။

ကျွန်​​တော်​​မှော်​ထဲ​ရောက်​ပြီး သုံး​လေးနှစ်​ကြာ​တော့ ​သေနတ်​သံ​တွေ တိတ်​ဆိတ်​သွားပါတယ်​။ အ​ပေးအကမ်း​တွေနဲ့ ငြိမ်းချမ်း​ရေးကာလ ​ရောက်​လို့လာပါတယ်​။ မှော်​သွားလမ်း​တွေ ​ကောင်းလာသလို ရုပ်​ရှင်​ဗီဒီယို​တွေထဲမှာပဲ မြင်​ဖူးခဲ့ရတဲ့ ​မြေတူးစက်​ကြီး​တွေ ​မှော်​ထဲ​ရောက်​လာခဲ့ကြတယ်​။ ကျွန်​​တော်​တို့လိုလူ​တွေကို ကျင်းသားအဖြစ်​၊ ​ခေါက်​စားသမားအဖြစ်​ ​မွေးခဲ့​ကျွေး ခဲ့ကြသူတ​ချို့လည်း လုပ်​ခင်းကိုင်​ခင်း​တွေ ​စွန့်ခဲ့ကြရတယ်​။ ဆင်​ပိန်​ကျွဲဆိုသလို ​ငွေရှိသူ​တွေအတွက်​ မ​ထောင်းသာလှ​ပေမဲ့ ​ငွေရင်းမရှိသူ​တွေအဖို့​တော့ သူ​တောင်းစားခွက်​​ပျောက်​ရတဲ့ ဘဝ၊ နူရာဝဲစွဲရတဲ့ဘဝနဲ့ ခါးသီးတဲ့​နေ့ရက်​​တွေကို ဖြတ်​သန်းကြ ရပါတယ်​။

(ဂ)
ကျွန်​​တော်​ အလုပ်​စုံခဲ့ပါပြီ။ ဖက်​စပ်​​ခေတ်​ကိုလည်း ဖြတ်​ခဲ့ဖူးသလို အခုလိုနိုင်​ငံ​တော်​နဲ့အကျိုတူပူး​ပေါင်းလုပ်​ကိုင်​​နေပါတယ်​ဆိုတဲ့ ​ခေတ်​ထဲလည်း ကူးခတ်​​နေရတုန်းပဲ။ အ​ပေါ်က​နေဗျိုင်းတေ​ကောင်​ ဖြတ်​ပျံသွားမယ်​ဆိုရင်​​တောင်​ စိမ်းသွား​စေတဲ့ ​ကျောက်​စိမ်းတုံးကြီး​တွေကိုလည်း အ​ဝေးက​ချောင်းကြည့်​လို့မြင်​ခဲ့ဖူးပါပြီ။ လူကြီးတစ်​​ယောက်​လိုခံစားခဲ့ဖူးပြီးသလို က​လေးတ​ယောက်​လိုလည်း ​တွေးခဲ့ဖူးပါတယ်​။ “​သြော်​..သူတို့အကျိုးတူပူး​ပေါင်းတဲ့ နိုင်​ငံ​တော်​ဟာ ငါ့အ​မေအရင်းသာဖြစ်​ခဲ့ရင်​ ဘယ်​​လောက်​​ကောင်းမလဲ” ဆိုပြီး​တော့​ပေါ့။

“သိန်း​ကျောက်​ရရင်​​လောပန်းဖြစ်​ပြီ​ပေါ့” ဆိုတဲ့သီချင်း​လေး အခု​နေခါမန္တ​လေးမြို့​ပေါ်မှာ ​ခေတ်​မစား​လောက်​​တော့ဘူးထင်​ပါတယ်​။ ​ခေတ်​က လိမ့်​ခနဲလိမ့်​ခနဲကြားမှာ မြန်​လွန်းပါတယ်​ဗျာ။ ​ငွေတစ်​သိန်းဆိုတာ လက်​နဲ့တူးတဲ့​ခေတ်​ကာလမှာ တန်​ဘိုးရှိ​ပေမဲ့ အခုလို ​ခေတ်​မီစက်​ယန္တယားကြီး​တွေနဲ့ တူးတဲ့​ခေတ်​မှာ ​ပေတူးတူးအ​နေအထားပဲ ဖြစ်​မှာပါ။

ကျွန်​​တော့်​​ဘေးက လူငယ်​​လေးက​တော့ အိပ်​​ပျော်​​နေရှာပါပြီ။ အိပ်​မရတဲ့အတူ မထူး​တော့ပါဘူးဆိုပြီး အချိုရည်​ဗူးခွံ​လေးကို အ​ပေါက်​​လေးတ​ပေါက်​​ဖောက်​လိုက်​တယ်​။ ပီ​ကေခဲပတ်​​လေးကို မီးရှို့​နေရင်း အိတ်​ကပ်​ထဲက အနီ​ရောင်​​ဆေးပြားလေးကို တယုတယထုတ်​ယူလိုက်​မိတယ်​။

ကျွန်​​တော်​ အိမ်​မပြန်​ဖြစ်​တာ ကြာပါပြီ။ အ​တော်​နဲ့လည်း ပြန်​ဖြစ်​​တော့မယ်​ မထင်​ပါဘူး။ အခု​နေရာက ကျွန်​​တော့်​အတွက်​​တော့ လွတ်​​မြောက်​ရာ​ဒေသတ​ခုပါ။ နံ​ဘေးမှာ အိပ်​​ပျော်​​နေတဲ့ လူငယ်​​လေးကိုလွတ်​​မြောက်​ရာ​ဒေသမှာ ကျွန်​​တော့်​လို အကျဉ်းကျ​နေမှာစိုးတဲ့စိတ်​က​လေး ဖျတ်​ခနဲ​ပေါ်လာမိခဲ့တယ်​။

မနက်​က လက်​ပြနှုတ်​ဆက်​ခဲ့ကြတဲ့  လူငယ်​​လေး​တွေက​တော့ စိတ်​​တွေသာ ဒီ​နေရာမှာနွံ့နစ်​ကျန်​မ​နေခဲ့ကြရင်​ အမှန်​တ ကယ်​ လွတ်​​မြောက်​သွားခဲ့ရပါပြီ။ ရင်​ထဲမှာ တစစ်​စစ်​နဲ့ မငြိမ်းချမ်းနိုင်​​သေးဘူး။ ညဉ့်နက်​လေ ဘဝပျက်​​လေ အ​ခြေအ​နေဆိုး ကြီးကို စိတ်​​တွေရွက်​လွှင့်​ရင်း ကျွန်​​တော်​​ကျော်​ဖြတ်​ရပြန်​အုံးမယ်​။ ရုန်း​လေနစ်​​လေ နွံ​တောကြီးထဲကို အိပ်​မက်​မက်​ရင်း ​ရောက်​သွားမှာကို စိုးရိမ်​​နေမိပြန်​ပါတယ်​။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts