ဥုံဖွ – “ဗိုက်ပူ ဆိုသူတယောက်အကြောင်း”
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၁၈
နှစ်လုံးထီလောင်းကစားမှုနဲ့ တောင်ငူထောင်ထဲရောက်ခဲ့စဉ်ကအတွေ့အကြုံလေးတွေရယ်ပါ။
ထောင်ကျတယ်ဆိုရင် ယေဘုယျအားဖြင့်ဆိုးလို့၊ မိုက်လို့၊အပြစ်ကျူးလွန်ကြလို့ကျတယ်ဆိုပြီး တော်တော်များများ လက်ခံထားလေ့ရှိကြပါတယ်။ ယေဘုယျအားဖြင့် မှန်ပေမယ့် အလုံးစုံတော့ မှန်ကန်မှုမရှိပါဘူး။ အချုပ်သားဘ၀ကနေ အမိန်ချလို့ ထောင်ကျအကျဉ်းသားဘ၀ ရောက်သွားပြီဆိုရင် အလုပ် မလုပ်ချင်တဲ့သူတွေ၊ ရဲဘက်စခန်းတွေ ပို့လိုရှိရင် တအားဝေးတဲ့နေရာတွေမှာ အပို့မခံချင့်တဲ့သူတွေဟာ ထောင်ကျ
ရုံးကိုင်တဲ့ ထောင်မှူးဆီမှာ ပိုက်ဆံပေးရတယ်။ အဲဒါကို “ထောင်ဇယားခင်းတယ်”လို့ ခေါ်တယ်။
တရားရုံးကနေ အမိန့်ချလိုက်ပြီဆိုတာနဲ့ ပထမဆုံး ပုံစံသင်ပေးတဲ့ပုံစံဆောင်ကို ပို့လိုက်တယ်။ ပထမဦးဆုံး တန်းစီးနဲ့ တွေ့ရတယ်၊ ထောင်ငူထောင်မှာတော့ အဆောင် ၆ ဆောင်ပဲရှိလို့ အကြီးဆုံးတန်းစီးကို ၆ ဆောင်ပိုင် တန်းစီး လို့ ခေါ်တယ်။ ကျန်တဲ့အဆောင် ၅ ဆောင်မှာလဲ သူ့တန်းစီးနဲ့သူ၊ ဒါပေမယ့် ၆ ဆောင်ပိုင်တန်းစီးရဲ့အောက်က လုပ်ပိုင်ခွင့် သိပ်မရှိ။ ညပိုင်းရောက်တာနဲ့ ပုံစံ စသင်ရတယ်။ ပုံစံသင် တဲ့နေရာမှာ သူများတွေလို မသင်ချင်ဘူး၊ ဘေးကပဲ သက်သက်သာသာသင်ချင်တယ် ဆိုရင်တော့ ပုံစံပြတဲ့ ပုံစံမှူး
“စည်းကမ်းထိန်း”ကို နတ်တင်ထားပေရော။
ပြစ်မှုတွေကလဲ မျိုးစုံ၊ လူတွေကလဲ မျိုးစုံ၊ စရိုက်တွေကလဲ မျိုးစုံ။ ထောင်ထဲကို လုံးဝ မရောက်ဘူးကြသေးတဲ့၊ ထောင်အကြောင်းတွေကို ကြားဖူးနားဝမရှိကြသေးတဲ့၊ ထောင်အကြောင်းတွေ ရေးတဲ့စာတွေကို လုံးဝမဖတ်ဘူးကြသေးတဲ့ လူတွေအတွက်တော့ ထောင်ထဲရောက်တာနဲ့ ရင်တုန် ပန်းတုန်ဖြစ်ချင်စရာ၊ ထိတ်လန့်ချင်စရာပေါ့။ တချို့များဆို ပုံစံသင်ရင်း မရိုက်မနှက်ရပဲ သေးတွေ ထွက်ကျကြတာကိုလဲ မြင်တွေ့ခဲ့ရဲ့။
မနက်မိုးလင်းတာနဲ့ ထောင်ကျရုံးက ခေါ်ပြီး အချက်အလက်တွေယူကြတယ်။ အဲလို အချက်အလက်ယူ
တာကို ထောင်ပုံစံ 32” သာတီတူး ယူတယ် လို့ ခေါ်တယ်။ ပုံစံယူ၊ ပုံစံသင်တဲ့နေရာမှာ မေးတဲ့မေခွန်း တခု တခု ဆုံးတိုင်းမှာ “ခင်ဗျာ” ဆိုတဲ့စကားနဲ့ အဆုံးသတ်ရတယ်။ အဲ့နေမှာ အရက်သောက်လို့ ဆိုပြီး သာသနာညှိုးနွမ်းမှုနဲ့ ကျလာတဲ့သူကို စ စစ်ပြီး မှတ်ပုံတင်တယ်။
နာမည် … သန်းရွှေပါခင်ဗျ။
အသက် …
လိပ်စာ …
ဘာမှုဖြစ်လဲ … သာသနာညိုးနွမ်းမှုဖြစ်ပါတယ် ခင်ဗျ။
စာတတ်လား … တတ်၊ ပထမလတ်တန်းပါ ခင်ဗျ။
အဲလိုလဲဖြေရော ဇယားကွက်ထဲမှာ ရေးတတ် ဖတ်တတ်ဆိုပြီး ဖြည့်လိုက်တယ်။
“ဘုရား ဘုရား… ။ အလတ်တန်း အောင်တာတောင် ရေးတတ် ဖတ်တတ် အဆင့်ပဲ သတ်မှတ်ခံရပါလား၊ ငါ့အလှည့် ရောက်ရင်ဘယ်လိုဖြေရမလဲ” တွေးရင်း ဆုံးဖြတ်ချက် အမြန် ချလိုက်ရတယ်။
ကိုယ့်အလှည့်လဲရောက်ရော –
စာတတ်လား … တတ်။ ၄ တန်းပါခင်ဗျ … လို့ ဖြေလိုက်တယ်။
အခန်းလဲပြန်ရောက်ရော ကိုယ့်စားအိုးတွဲတွေက – “ဟေ့ကောင်ကြီး၊ စာတတ်လားဆိုတော့ မင်း ဘယ်လို
ဖြေခဲ့လဲ မေးတော့။ ‘တတ်၊ ၄ တန်း’ လို့ဖြေခဲ့တယ်ဆိုတာလဲ သိရော … “မင်းကွာ အမှန်အတိုင်း ဓမ္မာစရိယ လို့ဖြေခဲ့ရမှာ၊ ဒါမှ ဘုရားရှိခိုးအဖွဲ့ခေါင်းဆောင်နေရာလေး ဘာလေးရမှာလို့ ၀ိုင်းပြီး ပြစ်တင် ပြောဆိုကြချိန်မှာ “ဘုရားရှိခိုးခေါင်းဆောင်နေရာ မရရင် နေပစေကွာ။ ခေါင်းကို ခြေထောက်နဲ့ ထပ်တလဲလဲ အကန်ခံရပြီးမှ ရထားတဲ့ ဓမ္မာစရိယဘွဲ့ကိုတော့ ရေးတတ်ဖတ်တတ်စာရင်း အသွင်းမခံနိုင်ဘူးဟေ့” လို့ ပြန်ပြောပစ်လိုက်တယ်။
ပြစ်မှုပြစ်ဒဏ်တွေက မျိုးစုံ။ စက်ဘီး အစီးရေပေါင်း ၉၀ ကျော် ခိုးတဲ့လူနဲ့။ ဒီ စက်ဘီးခိုးတဲ့ကောင် ကြတမျိုး။ သူခိုးတာက သော့မခတ်ပဲ ရပ်ထားတဲ့စက်ဘီးတွေကိုပဲ ပေါ့ပေါ့ပါးပါးနဲ့ ခိုးတာ၊ သူခိုးခဲ့သမျှ သော့ရိုက်ဖွင့်ပြီး ခိုးတဲ့ဘီးရယ်လို့ မရှိဘူးတဲ့။ နောက်တယောက် ထက်ကို ဆိုတဲ့ကောင်ကြ ဒိုတို့ D T တို့လို ဘီးအကြီးကြီးတွေ မြင်ရင် ဘယ့်လောက်သော့ခပ်ထားထား မရ ရအောင် ခိုးတာ တဲ့။ သူခိုးလေသမျှ ဘီးတွေထဲမှာ ဘီးအသေးလေးတွေ တစီးမှမပါဘူး … တဲ့။
နောက်ပြီး ထက်ထက်မိုးဦးအိမ်ကို ဖောက်ထွင်းတဲ့ ကျော်ထိုက်တို့အဖွဲ့၊ ဒီကောင်တွေကြ စည်းမစောင့်လို့
မိတာ၊ ကြည့်လေ ခိုးပြီးပြီး၊ ပစ္စည်းတွေအားလုံးလဲ ယူပြီး ကားပေါ်တင်ပြီးပြီ၊ မောင်းသွားရင် လွတ်မယ်ဆို လွတ်လောက်ပြီ၊ ဒါကိုမောင်းမပြေးပဲ ညဥ့်နက်သန်းခေါင် ရေထချိုးတဲ့ ထက်ထက်ရဲ့ အလှမှာ ယစ်မူးပြီး မတော်ရာကြံမိလို့ အိမ်သားတွေသိပြီး ဖမ်းမိသွားတဲ့အဖြစ်။
လူသတ်မှု၊ မုဒိန်းမှု၊ လုယက်မှု၊ ၂လုံး ၃ လုံး လူစားဝင်မှု၊ ၁၀ နှစ်ကျမယ့်သစ်မှုကို သိန်း ၁၀၀ နဲ့ အစားထိုး
ဝင်ရောက်မှု၊ အမှုစစ်ရင်း လက်လွန်သွားလို့ ရဲတွေပြန်အဖမ်းခံရမှု ၊ ဆေးထိုးမှားလို့ ဆရာဝန်တွေ၊ နပ်စိပ်တွေ အဖမ်းခံရမှု အို … စုံနေတာပဲ။
ထောင်ထဲရောက်လာကြတဲ့လူတွေ အားလုံးကတော့ “နေတတ်ရင် ကျေနပ်စရာပါ” ဆိုတဲ့ စကားလုံးလေးကို ကိုင်ပြီး၊ တနေ့တနေ့ ‘ နိုင်ငံတော်’အကြောင်း ပြောလိုက်၊ စာအုပ်ဖတ်လိုက်၊ တီဗွီကြည့်လိုက်၊ ရောက်တတ်ရာရာ ပြောလိုက်၊ မုဒိန်းမှုနဲ့ ကျလာကြတဲ့ အသက် ၆၀၊ ၇၀ အဘိုးကြီးတွေကို ဗျူးလိုက်နဲ့ အချိန်တွေကုန်အောင် ဖြုန်းနေကြရတာပါ။
မကျသင့်ပဲ ကျလာကြတဲ့လူတွေအကြောင်း ပြောချင်လို့ ရေးမိတာပါ။ ကျောက်ကြီး ၅၈၉ စစ်တပ်ကို သူပုန်တွေက ၀င်ပြီးပစ်ခတ်တာကို ပြန်ပြီး မခုခံလို့ဆိုပြီး ဗိုလ်မှူးတွေရော၊ ဗိုလ်ကြီးတွေရော၊ အရာခံကြီးတွေရော၊ ဂန်းရှော့တွေရော ထောင်ချလိုက်တဲ့အမှု။
ဖြစ်ပုံက အဲဒီနေ့မှာ တိုင်းမှူးကိုယ်တိုင် ကျောက်ကြီး သွားရောက်စစ်ဆေးမှာမို့ ကျောက်ကြီးတပ်မှာ
ရှိတဲ့လက်နက်မှန်သမျှကို ဘယ်အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားမှ ကိုင်ခွင့်မပေးပဲ လက်နက်တိုက်ထဲမှာ
ထည့်သွင်း ပိတ်သိမ်ထားရမယ်လို့ အမိန့်ချထားတဲ့အတိုင်း သိမ်းဆည်းထားချိန်မှာ ၀င်ပစ်တာဆိုတော့ ဘာတွေနဲ့ ခုခံရမလဲ။ နောက်ပြီး သူ့ရဲ့လက်အောက်ခံတပ်ကို မယုံမကြည်နဲ့။ အဲ … အထဲမှာ သနားစရာအကောင်းဆုံးက ဂန်းရှော့စစ်သားလေး၊ သူ့ခမျာ နေ့ခင်းနေ့လယ်သာ ဂျိုင်း
ထောက်နဲ့ သွားရပြီး၊ ညဘက်တွေကြ ကိုင်ခွင့်မပေးပဲ သက်ဆိုင်ရာ တာဝန်ကျထောင်မှူးက သိမ်းထားတယ်။ ဒီဂျိုင်းထောက် အဆောင်ထဲမှာရှိရင် အခြားအကျဉ်းသားတွေကယူပြီး အန္တရာယ်ပြုမှာစိုးလို့တဲ့။
ညဘက် အပေါ့ အလေးသွားရင် သေးပေါက်ခြံ အိမ်သာရောက်အောင် ခြေထောက်တဘက်ထဲနဲ့ ခုန်ဆွ
ခုန်ဆွလုပ်ပြီး သွားရရှာတာ၊ သူသွားတဲ့ပုံစံကိုကြည့်ပြီး အားလုံးက သူ့ကို “ဆက်ရက်”တဲ့။
နောက်တယောက်က ဗိုက်ပူ လို့ခေါ်တဲ့ ရေတာရှည်မြို့နယ်က ရွာသား။ လူရိုး၊ မဟုတ်မခံ၊ သွက်သွက်လက်လက်၊ ဆိုက္ကားနင်းတယ်။ ဆေးရုံ ဆေးခန်းတွေကို လိုက်ပို့ရရင် ဆိုက္ကားခ တောင်းလေ့မရှိဘူး။ ဆေးရုံမှာ သေသွားလို့ ပြန်သယ်ဘို့အတွက် အခက်အခဲရှိရင်တောင် ဆိုက္ကားနဲ့ ပေးချင်သလောက်သာပေးပါ ဆိုပြီး လိုက်ပို့တတ်တဲ့ကောင်။ လူသေအလောင်းဆို တော်တော်များများ တင်ချင်ကြတာမဟုတ်ဘူး။ နောက်ပြီး မအေအိုကြီးကို လုပ်ကြွေးနေတဲ့ကောင်။ တနေ့တော့ ဒီကောင်နင်းတဲ့ဆိုက္ကားကို ခရီးဆောင်အိပ်တွေနဲ့ လူတယောက်က ငှါးစီးတယ်။ ခဏနေ
တော့ အဲဒီလူက ရပ်ခိုင်းတယ်၊ သူဝင်စရာရှိလို့ ဘယ်နားက စောင့်နေပါ၊ သူ လိုက်လာခဲ့မယ်ဆိုပြီး ဆိုက္ကားခရှင်းပြီး ထွက်သွားတယ်။ ဘယ်လောက်မှ မနင်းရသေးဘူးတဲ့ ရှေမှာရဲတွေ တားပြီးစစ်တော့ ခရီးဆောင်အိတ်ထဲမှာ ဆေးပြားတွေ တွေ့ရောတဲ့။ သက်ရှိဆိုလို့ ဆိုက္ကားပေါ်မှာ သူတယောက်ပဲ ရှိတာ ဆိုတော့ ရဲကဖမ်းပြီး တရားရုံး တင် လိုက်တယ်။ တရားရုံးမှာ ဖြစ်ကြောင်းကုန်စင်ပြောပြပြီး ငြင်းတယ်။ သူငယ်ချင်းဆိုက္ကားသမားတွေရော၊ သူနဲ့ သိသူတွေပါ တရားရုံးမှာ သူ့ပစ္စည်းတွေမဟုတ်ကြောင်း ၀ိုင်းပြီး
ထွက်ဆိုပေးကြတယ်။ ဒါပေမယ့် ပြစ်မှုထင်ရှားတယ်ဆိုပြီး လက်ဝယ်တွေ့ရှိမှုနဲ့ ထောင်ထဲပို့လိုက်တယ်။ ထောင်ထဲကနေ ရဲဘက် ပို့လိုက်တယ်။ ဘယ်လောက်နာကျည်းစရာကောင်း လိုက်သလဲ။
ဖြစ်ချင်တော့ ရဲဘက်မှာ ပညာရှင်တယောက်နဲ့ သွားတွေ့တယ်။ ကောင်းတဲ့ပညာရှင်တော့ မဟုတ်ဘူး၊။ ဖောက်ထွင်းဝိဇ္ဇာ ပညာရှင်အကြီးစား။ ဒီကောင်ကလဲ ဒီပညာရှင်ကြီးဆီက ပညာတွေကို နာကျည်းမုန်းတီးစိတ်အပြည့်နဲ့ လေ့လာသင်ယူပြီး ရဲဘက်ကနေထွက်ပြေးတယ်။
အပြင်ရောက်တော့ ဒီကောင်စဉ်းစားတယ်။ “ငါတော့အပြင်ရောက်လာပြီ၊ ပညာရပ်အသစ်တွေလဲ တတ်
မြောက်ထားပြီ၊ ဒီပညာတွေနဲ့ ငါ့ကို ဒုက္ခရောက်အောင် မိသားစုနဲ့ ကွေကွင်းအောင်လုပ်တဲ့ ကောင်တွေကို ပြန်ပြီး ပညာပြမယ်” လို့ စိတ်ပိုင်းဖြတ်လိုက်တယ်။ စိတ်ပိုင်းဖြတ်လိုက်တဲ့အတိုင်း တောင်ငူ၊ ရေတာ
ရှည် စတဲ့ အနီးအနားမြို့တွေက ဒုရဲအုပ်၊ စခန်းမှူး၊ မြို့နယ်မှူး၊ တရားသူကြီးစတဲ့ အရာရှိလို့ ဆိုတဲ့လူတွေရဲ့
ဘီးတွေကို ခိုးလိုက်၊ ရောင်းလိုက်၊ ရောင်းလို့မရတဲ့ဘီးတွေကိုကြတော့ ရေတာရှည်က ကန်ထဲ ပစ်ချလိုက်
လုပ်လာလိုက်တာ အစီး ၇၀ ကျော် သွားတယ် တဲ့။
သူ့ကို ပြန်မိပြီး ခိုးထားတဲ့ဘီးတွေ ဘယ်မှာလဲ စစ်ဆေးတော့အမှန်အတိုင်း ပြောပြလိုက်တယ်၊ ပြောတဲ့အတိုင်း ကန်ထဲကို ရေငုတ်ကြည့်ခိုင်းတွေ့တော့ ကရိန်းနဲ့ ဆယ်တာ မနဲမနောပဲလို့ ပြန်ပြောပြတယ်။ ထောင်ထဲ ပြန်ရောက်တော့ ထောင်ပိုင်တွေ ထောင်မှူးတွေက သူ့ကို ထောင်တံခါးတွေနား မသွားဘို့နဲ့ သွားမိခဲ့ရင် ထပ်တိုးပြစ်ဒဏ်နဲ့ သံခြေချင်းစာ မိမယ် လို့ ရာဇသံ ပေးထားရတဲ့အထိပဲ။
တနေ့တော့ ကိုယ့်ရဲ့စားစရာတွေ ထည့်ထားတဲ့ အိတ်ကလေးကို သော့ခတ်နေတုန်း ဗိုက်ပူရောက်လာ
ပြီး “ဦးလေး … ဦးလေးခတ်ထားတဲ့သော့ကို ကျွန်တော် ၃ မိနစ်နဲ့ ပွင့်အောင် ဖွင့်ပြမယ်၊ သော့လဲ မပျက်စေရဘူး။ ဖွင့်လို့ရရင် ကျွန်တော့်ကို ဟင်းတတုံးပဲ ကျွေး” ပါလို့ ပြောလာတော့ ကိုယ်လဲ စူးစမ်းချင်တာနဲ့ ခွင့်ပြုပေးလိုက်တယ်။ အပ်ချိပ်ကလေးနဲ့ ဟိုကလိ၊ ဒီကလိ လုပ်လိုက်တာ သော့က ပွင့်သွားတယ်။ ပြန်ခတ်ကြည့်တော့ သော့က အကောင်းပကတိ။ ဒါနဲ့ ဟင်းတင်မက လေးစားတဲ့အနေနဲ့ ကွမ်းယာပါ ကျွေးလိုက်ပါတယ်။
သူကပြောလိုက်ပါသေးတယ်”ဘယ်သော့လာလာ၊ ဘယ်လောက် အာမခံပါတယ်ဆိုတဲ့သော့ဖြစ်ဖြစ် ကျွန်
တော် ရအောင် ဖွင့်နိုင်တယ်၊ ဒါကို သိလို့ ထောင်မှူးတွေက တခါးနား လုံးဝ မကပ်ခိုင်းတာ”တဲ့။ ထောင်ထဲမှာတော့ လုံးဝ ခိုးမစားဘူး၊ အိပ်ယာလိပ် ချုပ်စားတယ်၊ ကော်ဖီမစ်အိတ်ခွံတွေနဲ့ အခင်းတို့၊ လက်
ဆွဲခြင်းတို့၊ ပတ္တာအိတ်တို့ မျိုးစုံလုပ်ရောင်းတယ်။ ဒါက ကိုယ်နဲ့ခင်ခဲ့ဘူးတဲ့ သူတယောက်အကြောင်းပဲ ရှိသေးတယ်၊။
ကိုယ်နေခဲ့ဘူးတဲ့ နှစ်ကြီးသမားတွေ ပြောလေ့ရှိတဲ့ … “မင်းတို့ ၂ လုံး၊ ၃ လုံးသမားတွေ ကျတဲ့နှစ်က ငါတို့ အုတ်ရိုး သေးပန်းသလောက်ပဲ ရှိပါတယ်ကွာ …” တဲ့။ သူတို့ကသာ အဲလိုပြောတာ ကိုယ်တွေမှာတော့ လိမ့်
နေတာပဲ။ ခံရချင်တော့လဲ ဘာမှမဟုတ်၊ လွတ်ချင်တော့လဲ ဘာမှမဟုတ်ဘူးလို့ ပြောရမလားပဲ။ မောင်ခင်ညွန့်အဖွဲ့ အဖမ်းခံရပြီး မကြာခင်မှာ လွတ်ငြိမ်းချမ်းသာခွင့် ကြေငြာလိုက်တယ်။ “ထောက်လှမ်းရေးအဖွဲ့ကြီးရဲ့ မှားယွင်းစွာ ဖမ်းဆီး စီရင်ခဲ့မှုများကြောင့် …” တဲ့ အကြောင်းပြချက်က။
အဲ့တုန်း တောင်ငူထောင်က လွှတ်ပေးလိုက်သူတွေကြည့်လိုက်တော့ နိုင်ငံရေးအကျဉ်းသားတွေ လုံးဝ မပါ
ပဲ ကျွန်တော်တို့လို လောင်းကစားမှုနဲ့ ကျခဲ့ရတဲ့သူတွေသာ အများဆုံးဖြစ်ပါကြောင်း။
ဥုံဖွ