ရသဆောင်းပါးစုံ

ကျော်ထင် ● သားကို ​ကျောင်းထားရတဲ့အခါ

ကျော်ထင် ● သားကို ​ကျောင်းထားရတဲ့အခါ

(မိုးမခ) ဇူလိုင် ၁၆၊ ၂၀၁၈


(၁)
ဒီ​နေ့ ​သားကို ကျောင်းသွားအပ်​ရမှာမို့ သူ့အ​မေက ထမင်းဟင်း​တွေ ​ စော​စောထချက်​​နေတယ်​။ နိုးတဝက်​မှာ မီးဖိုထဲက အသံ​တွေ…အိုးသံ၊ ခွက်​သံ၊ ဇွန်းသံ၊​ ဆေး​ကြောသံ​တွေ …ဒီအသံ​တွေကို ကျ​နော်​ ကြား​နေတယ်​။ ယောက်ျား​ရေ ..​ တော်​ နိုးရင်​လည်း ထ၊ သားကိုလည်း နှိုးလိုက်ဆိုတဲ့အသံလည်း ပေါ်လာတယ်​။ ကျ​နော်​ မထမိဘူး။ သူ့မ​အေ​နေရာကို လှိမ့်​​ကျော်​လာပြီး ကျ​နော့်ဘေးနားရောက်​​နေတဲ့ သားရဲ့နဖူးပြင်​ကိုနမ်းပြီး ဖက်​ထားလိုက်​တယ်​။ သားက ဒီနှစ်မှာ ​အလယ်​တန်း​ကျောင်းသားဖြစ်​ပြီ။ ငါးတန်းတက်​ရမှာ။

ဒီလိုဆို​တော့ သူငယ်​တန်းက​နေ စတုတ္ထတန်းထိ​နေခဲ့တဲ့မူလတန်းကျောင်းကို စွန့်​ခွာရ​တော့မယ်​။ အထက်​တန်း​ကျောင်းဆီ ပြောင်းရတော့မယ်​။ ပုဂ္ဂလိက​ကျောင်း​တွေရှိ​ပေမယ့်​ အစိုးရ​ကျောင်းပဲ ထားဦးမယ်​။ ပညာ​ရေးစနစ်​ကိုက ဘယ်​ရယ်​ ညာရယ်​လို့ ဂဃနဏကွဲတာမဟုတ်​ဘူး။ တိုင်းပြည်​ရဲ့ပညာ​ရေးကို ဘယ်​လိုဖော်​​ဆောင်​​နေပါပြီလို့လည်း လူထုကို ​ဆေး​ဖော်​​ကြော ဖက်​လုပ်​ပြီး ​ပြောထားတာမဟုတ်​ဘူး။ ပုဂ္ဂလိက​ကျောင်း​တွေဆိုတာကိုလည်း ငွေယူတာကလွဲရင်​ ကိုယ်​ပိုင်​မူ​တွေကို ပြည့် ပြည့်​ဝဝ လုပ်​ခွင့်​ ပေးထားတာ မဟုတ်​ပါဘူး။ အ​ခြေအ​နေ​တွေက သူမသာ၊ ကိုယ်​မ​ကျောနဲ့ အစိုးရ​ကျောင်းလက်​ခွဲသာသာမို့ အစိုးရ​ကျောင်းမှာပဲ မချစ်​​သော်​လည်း ​အောင့်​ကာနမ်း​တော့မယ်​။

(၂)
တကယ်​​တော့ သားကို ​ကျောင်းပို့တယ်​ဆိုတာ စာသင်​တယ်​ဆိုတဲ့လုပ်​ငန်းစဉ်​တခုတည်းနဲ့ ​သားကို ပို့ချင်​တာမဟုတ်​ပါဘူး။
ဂုဏ်​ထူး​တွေ၊ ဆုထူး​တွေဆိုတဲ့ ရလဒ်​မျိုးကို မျှော်​ကိုးပြီးလည်း ​ကျောင်းထား​နေတာမဟုတ်​ပါဘူး။ ​ကျောင်း ဘာလို့ထားရ သလဲဆို​တာကို ပွင့်​ပွင့်​လင်းလင်း​ပြောရရင်​ မိုးခါး​ရေမ​သောက်​ရင်​ မဖြစ်​​တော့တဲ့ဘုရင်​နဲ့ ပု​ရောဟိတ်​တို့ရဲ့အဖြစ်​မျိုးနဲ့ ကြုံ​တွေ့​နေရလို့ ကျောင်းထား​နေရတာပါပဲလို့ ​ပြောချင်​တယ်​။ တကယ်​​တော့ ​ကျောင်းဆိုရင်​ ပဋိသ​န္ဓေစိတ်​ကိုအ​ခြေပြုတဲ့ ​ကျောင်းမျိုး။ ဗီဇစိတ်​ကို အ​လေးထားတဲ့​ကျောင်းမျိုး။ က​လေးဘဝ​လေး​တွေကိုမဖျက်​ဆီးတဲ့​ ကျောင်းမျိုးပဲထားချင်​တာ။ အဲ့ဒီ့​ကျောင်းမျိုးမှာ ​သားဟာ ကလေးသဘာဝ အားရပါးရ ဆော့​ကစားချင်​ရင်​ ​ဆော့ကစားမယ်​။ မောတဲ့အခါ နားလိမ့်​မယ်​။ စာ ဝင်​သင်​ချင်​တဲ့အခါ သင်​လိမ့်​မယ်​။ အိပ်​ချင်​တဲ့အခါ အိပ်​လိမ့်​မယ်​။ နိုး​တော့ လူလည်းလန်း၊ စိတ်​လည်းလန်း​အောင်​ မြန်​မာဆန်​တဲ့ မုန့်​ပဲသရေစာ​တွေ စား​စေ​ပေါ့။

နေ့လယ်​​နေ့ခင်းအပူပြင်းလို့ အပြင်​မထွက်​​စေလိုတဲ့အခါ စာကြည့်​တိုက်​ထဲမှာ အင်​မတန်​စိတ်​ရှည်​သည်းခံတဲ့ အဖက်​ဖက်​ကပြည့်​စုံတဲ့စာကြည့်​တိုက်​မှူးနဲ့၊ ​ဝေလငါးကြီး​တွေအ​ကြောင်းပါတဲ့ စာအုပ်​​အကြောင်းကို ပြောချင်​​လည်းပြော။ သားက ငှက်​​တွေကိုစိတ်​ဝင်​စား​တော့ ငှက်​​တွေအ​ကြောင်း​ရေးထားတဲ့ စာအုပ်​အ​ကြောင်း ​မေးချင်​​လည်းမေး။ လူထုဦးလှရဲ့ တိုင်းရင်း သားပုံပြင်​​တွေအ​ကြောင်း ​ရောက်​လို​ရောက်​ ​ပြော​စေချင်​တယ်​။ မင်းကြီးမဟာဗန္ဓုလရဲ့ ကြည့်​မြင်​တိုင်​တိုက်​ပွဲ၊ ဓနုဖြူတိုက်​ပွဲ​တွေအ​ကြောင်း ရုပ်​ပြကာတွန်း​တွေဖတ်​ပြီး သိလိုရင်​လည်းသိ၊ ဒဂုန်​ဦးမြင့်​ထွန်းရဲ့အ​ခြေခံသီလ​တွေအ​ကြောင်း ဖတ်​ကြည့်​ ဖို့ ကြိုးစားချင်​ရင်​လည်း ကြိုးစား​ပေါ့။

သားက ​ဘောလုံးလည်း ဝါသနာပါ​သေးတယ်​ဆို​တော့ ​ဘောလုံးကစားပုံ အ​ကြောင်းနားလည်​တဲ့ ဆရာသမားနဲ့ ​ဆွေး​နွေးလို လည်းဆွေး​နွေး၊ ဆရာနဲ့အတူ နည်းစနစ်​တကျကန်​ချင်​ရင်​လည်း ကန်​လိမ့်မယ်​။ ပန်းချီဆွဲချင်​ရင်​တော့ ပန်းချီ​ဆေး​တွေ၊ စက္ကူ​တွေ၊ စုတ်​တံ​တွေ အလျှံအပယ်​ရှိတဲ့အခန်း​ကြီးထဲ ဝင်​ပါ​စေ။ လွတ်​လပ်​တဲ့ ​နေရာအခင်းအကျင်း​တွေ၊ ​သဘာဝအလှကို ငေးစရာ နေရာ​တွေလည်း ရှိ​ပါစေ။

သူတို့ လွတ်​လွတ်​လပ်​လပ်​ ​ပြေးလွှား​ဆော့ကစားဖို့ သဘာဝအရိပ်​အာဝါသ​တွေဝန်း​ပတ်​နေတဲ့ မြက်​​ပေါက်​ကွင်းပြင်​ကျယ်​ကြီး​တွေလည်း ရှိရမယ်​။ သူတို့ စကား​တွေ ဝိုင်းဖွဲ့​ပြောကြဖို့ ​စောင့်​ကြည့်​ထိန်းကွပ်​ ကင်းမဲ့ဇုံ​တွေ ဖန်​တီး​ပေးထားရမယ်​။ အစ်​ကိုကြီးမျက်​လုံး​တွေ တပ်​မထားရဘူး။ အဲ့ဒီ​နေရာမှာ ပုံပြင်​​တွေ တ​​ယောက်​တ​​ပေါက်​ ​ပြောရင်​လည်း​ပြော။ သူချစ်​ရတဲ့သူတ​​ယောက်​​ယောက်​ အ​ကြောင်းကိုရင်​ဖွင့်​ချင်​လည်းဖွင့်​။သူတို့ရင်​ထဲမှာ ​လွင့်​ခတ်​လာတဲ့ခံစားချက်​​တွေကို လွတ်​လွတ်​လပ်​လပ်​​ပျံသန်းပါ​စေ​ပေါ့။သူတို့ရင်​ထဲမှာ ဘာ​တွေဖြစ်​​နေသလဲ၊ ဘာ​တွေ ရှိ​နေသလဲ။သူတို့မြင်​တာ၊ သူတို့ထင်​တာ၊ သူတို့ ခံစားရတာ​တွေကို အ​နှောင်​အဖွဲ့ မဲ့မဲ့နဲ့ ဖူးပွင့်​နေ​စေချင်​တယ်​။သူတို့​လေးတွေ လက်​စွမ်းပြ​ပြီး ရေးခြယ်​ထားတဲ့ပုံလှလှ​လေး​တွေ၊ စာနုနု​လေး​တွေကို က​လေးသဘာဝ အများမြင်​​စေချင်​ကြမှာပဲ။ ဒါကို ​ဖော်​ပြဖို့ လွတ်​လပ်​တဲ့နံရံကြီးတ​ခု​တော့ လိုမှာပဲ။ အဲ့ဒီ့နံရံဆို တာ သူတို့ကို တားဆီးထားတဲ့နံရံ၊ ပိတ်​ပင်​ထားတဲ့နံရံ မဖြစ်​​စေရဘူး။ အဲ့ဒီ့နံရံကြီးမှာ ဘာစည်းကမ်းမှ မပါဘဲ၊ ဘာ​ဆောင်​ပုဒ်​မှမရ ဘဲ၊ ဘာအကန့်​အသတ်​မှမလုပ်​ဘဲ က​လေး​တွေအတွက်​ ထား​ပါလေ။

ပြီးမှ ​ကျောင်းစာ​လေး နည်းနည်းပါးပါး ဖတ်​ချင်​လည်းဖတ်​လိမ့်​မယ်​။မှတ်​ချင်​လည်း မှတ်​လိမ့်​မယ်​။ ကျက်​စရာလိုတာ​လောက်​​တော့ ကျက်​ချင်​ကျက်​​ပါ​ပေါ့။အသုံးမဝင်​တာ​ကော ၊ဝင်​တာ​ကောကို အချိန်​​တွေအကုန်​ခံပြီး ကျက်​မှတ်​မ​နေ​စေချင်​ဘူး။ အဲ့ဒီ လို ကျက်​မှတ်​ရတာက​ကော မှန်​ရဲ့လား။

(၃)
ကျ​နော်​​တော့ ကျ​နော်​သင်​ခဲ့ရတဲ့စာ​တွေကို ဘာမှမမှတ်​မိ​တော့ပါဘူး ။ကျက်​တာ​တွေ ​မေ့တတ်​လို့ ​လေ့ကျင့်​ထားတာ​တွေ မှတ်​မိသလားဆိုရင်​လဲ နှစ်​​ပေါင်း များစွာ​ရေးလာခဲ့​တဲ့စာ​တွေအတွက်​ သတ်​ပုံ​တွေက ခုထိ​ ခေါင်း​ခြောက်​​နေရတုန်း။ဒီ့အတွက်​ ထိုး​ကျွေးခဲ့ရတဲ့အချိန်​​တွေကို သိပ်​နှ​မြောတာပဲ။ကျောင်းစာ​တွေအကုန်​လုံးကို အလွတ်​ရ​တော့​ကော ဘာလုပ်​မှာလဲ။အကုန်​လုံးအလွတ်​ရဖို့​ကော လိုအပ်​သလား။ ပြီးကျ ​မေ့သွားမယ့်​ကိစ္စ​တွေကို အာဂုံ​ဆောင်​​စေတဲ့ပညာ​ရေးမှာ သားရဲ့က​လေးဘဝ​လေးကို ကျဆုံးမသွား​စေချင်​ဘူး။ဒါ​တွေကို အပင်​ပန်းခံပြီး မကျက်​​မှတ်​စေချင်​ပါဘူး။လိုအပ်​တာ​တွေကို​တော့ ကျက်​မှတ်​ရမှာ​ပေါ့​လေ။ ဥပမာ အလီ​တွေ ၊ယူနစ်​​တွေ၊ သီအိုရီ​တွေ ….။ ရှေးသုံးစကားလုံးတွေကို​တော့ ခက်​ဆစ်​ထုတ်​ပြီး ​ဝေါဟာရလုပ်​မ​နေကြနဲ့ပေါ့။ ဟိုစာအုပ်​ထဲကစာဒီစာအုပ်​ထဲ ​ပြောင်း​ပေးတာ​လောက်​ကို ပညာ​ရေးပါလို့ လုပ်​မ​နေကြနဲ့​ပေါ့။ကျ​နော်​တို့​ခေတ်​ကလည်း ကျက်​လာ၊ မှတ်​လာ၊ ​ရေးလာတာ​တွေ ရှိတာပဲ။အဲ့ဒီ့ထဲက ဘာမှတ်​မိတာ ရှိလဲ။ အားလုံးလိုလို ​မေ့ကုန်​ကြ တာပဲ မဟုတ်​လား။

တကယ်​​တော့ ဟိုစပ်​စပ်​၊ ဒီစပ်​စပ်​ အကုန်​ကျက်​မှတ်​​ခိုင်းနေရတာထက်​စာရင်​ ဘာကိုဝါသနာပါကြသလဲဆိုတာကို ရှာ​ဖွေ​ပေးကြရမှာ​ပေါ့။အဲ့ဒါကသာ က​လေး​တွေရဲ့ ပု​ဗ္ဗေ စ ကတ ပုညတာ အစစ်​ဖြစ်​မှာပါ။က​လေးဘဝဆိုတာ လူကြီးဘဝအတွက်​အတိတ်​မဟုတ်​လား။ အတိတ်​က စိုက်​ခဲ့ပျိုးခဲ့တဲ့ ​မျိုးစေ့တ​ခု​ ကောင်းမှ ပစ္စုပ္ပန်​ဟာ သန်​စွမ်းမှာပါ။ပစ္စုပ္ပန်​ သန်​စွမ်းမှ အနာဂတ်​​မှာ အရိပ်​ရမှာပါ။ ​ဒါ​​ကြောင့်​ ​ရှေး​ရှေးအတိတ်​ကို ​ကောင်းမှုဖြစ်​​အောင်​ လုပ်​နိုင်​တဲ့ ပု​ဗ္ဗေ စ ကတ ပုညတာ မင်္ဂလာနဲ့ပြည့်​စုံတဲ့​ကျောင်းဆီ ထားချင်​တယ်​။ အလယ်​တန်းတက်​တဲ့သားအတွက်​ မူလတန်းဟာ အ​ရေးကြီးတဲ့ ပု​ဗ္ဗေ စ ကတ ပုညတာ ဖြစ်​သလို၊ အထက်​တန်းတက်​မယ့်​သားအတွက်​ အလယ်​တန်းဟာလည်း သိပ်​ကို ရေးကြီးပါတဲ့ ပု​ဗ္ဗေ စ ကတ ပုညတာ ဖြစ်​မယ့် လက်​ရှိအ​ခြေအ​နေပါပဲ။

(၄)
အဲ့ဒီလို ကျောင်း​လေးမှာထားပြီး​တော့သားရဲ့ဗီဇသတ္တိကို​ ရှာ​ဖွေကြည့်​မယ်​ဆိုရင်​ ပဋိသ​န္ဓေစိတ်​ကို မြင်​နိုင်​မှာပါပဲ။ သူ ဘယ်​ဘက်​မှာ ထူးချွန်​မှာလဲ။ ဘယ်​အ​ကြောင်းခြင်းရာအ​ပေါ်မှာ စိတ်​ဝင်​တစားရှိ​နေတာလဲ။ အထုံဝါသနာက ဘာလဲ။

တွေ့ပြီ မြင်​ပြီဆို​တော့ အဲ့ဒီ့ပဋိသ​န္ဓေစိတ်​​လေးကိုပါ အပါ​ခေါ်ပြီး ​သူ ဘဝင်​ခိုက်​ရာကို သင်​ကြားနိုင်​ဖို့  ကျောင်း​လေးတကျောင်း ဆီ ထပ်​​ပြောင်းကြမှာ​ပေါ့။ အဲ့ဒီ့​ကျောင်း​လေးက မင်္ဂလ​ကျောင်း​လေးလို့ ဆိုရမယ်​။ ​ကျောင်း​လေးမှာသင်​တဲ့ဆရာ​တွေက တ ကယ့်​ ဂုရု​တွေ။ သူတို့တတ်​တဲ့ ပညာရပ်​​တွေအ​ပ်ါမှာ ပြာလဲ့ကို ဇာချဲ့ပြနိုင်​တဲ့သူ​တွေ။

ရှင်​သန်​​နေတဲ့သူ​တွေကို ​သေဆုံးသွားတဲ့သူ​တွေရဲ့ပညာ​တွေပဲ ပို့ချ​ပေး​နေတဲ့ ထပ်​​ကျော့ဂုရုမျိုးတွေမဟုတ်​ဘူး။ ရှင်​သန်​​နေ သူ​တွေကို ရှင်​သန်​​နေတဲ့ပညာလမ်း​တွေ ဆင့်​ထွင်​ဖို့သာ ပြသကြသူ​တွေ။ သူတို့ကို ဆည်းကပ်​​သူတွေဟာ တကယ့်​ကို ​ပဏ္ဍိ တာ နဉ္စ သေဝနာ မင်္ဂလာကို အသေအချာ ရမှာပါပဲ။

အဲ့ဒီ့ မင်္ဂလ​ကျောင်း​လေးမှာ ပူဇာ စ ပူဇ​ဏေယျာနံဆိုတဲ့ မင်္ဂလာတ​ပါးနဲ့လည်း ပြည့်​စုံ​နေတယ်​။ ဗာဟုသစ္စဉ္စ သိပ္ပဉ္စဘက်​မှာလည်း ​ကမ္ဘာက ​ငေးယူရတယ်​။ လောကက ​အောချရတယ်​။ ဝိန​ယော စ သုသိက္ခိ​တောမှာလည်း အနှစ်​၂၀၀၀ ​​​ကျော်​ပြီ ​ဖောက်​ဖျက်​တယ်​လို့ မရှိဘူးတဲ့။

အဲ့ဒီလို​ကျောင်း​တွေဆီလိုက်​အပ်​​နေတာ၊ အပ်​လို့မှမပြီး​သေးဘူး မိန်းမက ​ယောက်ျား​ရေ မထ​သေးဘူးလား၊ ထထ၊​ တော့်​ သားပါ နှိုး​တော့။ ကျောင်းက လူ ၂၀၀ ပဲ လက်​ခံမယ်​​ပြောတယ်​။ အဲ့ဒါ ​လျှောက်​လွှာရဖို့ တန်းစီရမှာ။ သားပါခေါ်သွားရမှာ ဆိုပြီး အခန်းထဲဝင်​လာ​ပြောမှ ကျ​နော့်​ကျောင်းအပ်​တဲ့ကိစ္စကို ရပ်​လိုက်​ရတယ်​။ သားကြီးကိုပါ လှုပ်​နှိုးလိုက်​တယ်​။

သား​ရေ ထထ။ ကျောင်းတကယ်​ အပ်​ရ​တော့မှာ။

ကျော်​ထင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts