ခရီးသွား ဆောင်းပါး

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၁၆)

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၁၆)
(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၈

တရုတ်ပြည်မကြီးတွင် တနှစ်ကြာနေထိုင်ပြီးနောက် ဘုန်းကြီးလေးဒလိုင်းလားမား တိဗက်ပြည်သို့ ပြန်လာခဲ့သည်။ ဒလိုင်း လားမားဘုန်းကြီးလေး တိဗက်ပြည်ကို ပြန်ရောက်လာပြီဆိုသောသတင်းက တိဗက်ပြည်သူတွေကို ပျော်ရွှင်အားတက် စေခဲ့ သည်။ ဒလိုင်းလားမားကိုယ်တိုင်အတွက်တော့ အိမ်အပြန်ခရီးက ပျောရွှင်စရာမဖြစ်ခဲ့။  သူထွက်ခွါသွားခဲ့တုန်းက တိဗက် သည် ယခုသူမြင်တွေ့နေရသော တိဗက် မဟုတ်တော့။ တိဗက်ပြည်ကနေ သူထွက်ခွါခဲ့သည့်တနှစ်ဆိုသော အချိန်တိုကလေး အတွင်းမှာပင် တိဗက်ပြည်ကား မယုံကြည်နိုင်လောက်အောင် ပြောင်းလဲနေပြီဖြစ်သည်။

တရုတ်ပြည်မကြီးကနေ လာဆာမြို့တော်ဆီကို ဆက်သွယ်ထားသည့် အမြန်လမ်းမ ကြီးနှစ်ခုသည် ပြီးဆုံးသွားလေပြီ။ တချိန်က ဆူညံသံကင်းပြီး အေးချမ်းဆိတ်ငြိမ်လှသည့် လာဆာမြို့တော်က အခုတော့ အရင်လို မဟုတ်ပါလေတော့။ စစ် ကားများ၊ ထရပ်ကားများနှင့် ကုန်တင်ကားကြီးတို့ ဥဒဟိုသွားလာနေကြပြီဖြစ်သည်။ ဆူညံခြင်းနှင့် လေထုညစ်ညမ်းမှုက  တိဗက်ပြည်၏ အလှတရားကို အကျည်းတန်စေခဲ့ပြီ။ လာဆာ မြို့၏ အထင်ကရနေရာများတွင် မော်စီတုန်း၏ ပိုစတာများကို စိုက်ထူထားကြသည်။ တိဗက်ပြည်၏ သုံးပုံနှစ်ပုံကို မော်စီတုန်းက ထိန်းချုပ်ထားပြီး ဖြစ်သည်။ ကျန်သည့် တပုံရဲ့ သုံးပုံနှစ်ပုံ ကလည်း သူ့လက်ထဲမှာ။ ပြည်မကြီးကအပြန် ဒလိုင်းလားမား၏ တိဗက်ပြည်အတွက် မျှော်လင့်ချက်ကား အစိတ်စိတ်အမြွှာမြွှာ ကွဲသွားခဲ့ရလေပြီ။

တိဗက်ပြည်သူတွေကတော့ သည်းခံလိုစိတ် အလျဉ်းမရှိတော့။ ရရာလက်နက်စွဲ၍ တရုတ်ပြည်မကြီးကို ဆန့်ကျင်ကြဖို့ တာဆူနေကြပြီဖြစ်သည်။ မြို့တော်လာဆာတွင် “တရုတ်များ အိမ်ပြန်သွား” ဟူသော ဆိုင်းဘုတ်များကို  စိုက်ထူထားကြပြီး တရုတ် ဆန့်ကျင်ရေးများကို စတင်လှုံ့ဆော်နေကြပြီဖြစ်သည်။ အရိုးကျေကျေ အရေခမ်းခမ်း တိဗက်ပြည်အတွက် အသက်ပေးပြီး တိုက်ပွဲဝင်သွားမည်ဟူသော အမျိုးသားရေးစိတ် ပြင်းထန်ကြသည့် တိဗက်ပြည်သူတွေက လာဆာမြို့ရဲ့ လမ်းမတွေပေါ် ထွက်လာကြ ပြီဖြစ်သည်။ ချစ်ခြင်းမေတ္တာတရားတို့ဖြင့် ထုံမွှမ်းထားသည့် တိဗက်တို့၏နှလုံးသားတွင် ဒေါသမုန်တိုင်းတည်းဟူသော အရိုင်းစိတ်တို့ ၀င်ရောက်ခဲ့ကြလေပြီ။ မီးကို မီးဖြင့် ငြှိမ်းကြတော့မည်။ တိဗက်တော် လှန်ရေးနှင့်အတူ မော်စီတုန်း၏ လက်သံပြောင်မှုကို လားမားဘုန်းကြီးလေးကြားသိရသောအခါ “လူအချင်းချင်း ဒီလောက်ထိ ရက်စက် တတ်ကြပါကလား”ဟု ညီးညူရှာလေသည်။ မော်စီတုန်း၏ကတိသည် သက်တံ့ ရောင်နှင့်တူသည်။ အဆင်းလှပေမယ့် အနှစ်သာရကင်းမဲ့လွန်းလှသည်ဟု လားမားဘု န်းကြီးလေးက မှတ်ချက်ပြုလေသည်။

တရုတ်ဆန့်ကျင်ရေးတိုက်ပွဲဝင် တိဗက်များကို ပြည်မကြီးက ကောင်းကောင်း နှိပ်ကွပ် ပြီးနောက် တိဗက်အများအပြားကို ဖမ်းဆီးလိုက်ပါသည်။ ထောင်ထဲတွင် တိဗက် အကျဉ်းသားများ များပြားလွန်းသဖြင့် မော်စီတုန်းကို တင်ပြသောအခါ မော်စီတုန်းက “ကိစ္စမရှိဘူး။ ထောင်မဆန့်မှာ မပူနဲ့။ တိဗက်တပြည်လုံးကို ဖမ်းဆီးနိုင်ခဲ့မယ်ဆိုရင် တောင် အကျဉ်းထောင်တွေကို ရအောင်ချဲ့မယ်” ဟု   ပြောခဲ့ဖူးသည်။ တိဗက်ပြည်မှာ မုန်တိုင်းတို့ ထန်လေပြီ။

ဒလိုင်းလားမားသည် ၁၉၅၆-ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပသည့် သာသနာ၂၅၀၀ ပြည့်နှစ် ဗုဒ္ဓဇယန္တိပွဲတော်သို့ တက်ရောက်ရန် အိန္ဒိယနိုင်ငံသို့ ထွက်လာခဲ့သည်။ သည်ပွဲက နိုင်ငံတကာခေါင်းဆောင်များတက်ရောက်သည့်ပွဲတော်ကြီးတခုဖြစ်သည်။ လားမားဘုန်းတော်ကြီးက ရသည့်အခွင်အရေးကို အလွတ်မခံ။ နိုင်ငံတကာ ခေါင်း ဆောင်များအလယ်တွင် တိဗက်ပြည်အခြေအနေသည် မြှောက်ထားသည့် ခြေထောက် အောက်တွင် ရောက်ရှိနေသည့် ကြက်ဥနှင့်တူနေကြောင်း၊ တိဗက်ရဲ့ အခြေအနေမှာ ဆိုးရွားနေသည့်အတွက် ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် တိဗက်ကို ကူညီကြဖို့   အန္ဒိယ၀န်ကြီးချုပ်နေရူးနဲ့ သီးသန့်တွေ့ဆုံပြီးနောက် တိဗက်ရဲ့အခက်အခဲ အကျပ်အတည်း များကို ပြောပြပြီး သူတိဗက်ပြည် ကို မပြန်လိုတော့ကြောင်း၊ သူအသုံးပြုနေသည့် ငြိမ်းချမ်းတဲ့နည်းဟာ တိဗက်အတွက် အလုပ်မဖြစ်တော့ ကြောင်း၊ သူ့ကို အိန္ဒိယနိုင်ငံထဲမှာ နိုင်ငံရေးခိုလှုံခွင့်ပေးစေ လိုကြောင်း၊  အိန္ဒိယမှာ အခြေချသီတင်းသုံးနိုင်မည်ဆိုလျှင် တိဗက်ပြည်တွင်းရေးကို ကမ္ဘာကြီးကို ချပြပြီး အကူအညီတောင်းလျှင်တော့ တရုတ်ပြည်မကြီးရဲ့ အနိုင်ကျင့် လွှမ်းမိုးနှိပ်စက်မှုတွေက အတန်အသင့်ပြောင်းလဲသွားနိုင်ကြောင်း ၀န်ကြီးချုပ်နေရူးကို ရှင်းပြလေသည်။ သို့သော် ၀န်ကြီးနေရူးကတော့ တရုတ်နှင့် တိဗက်တို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို လိုလားထောက်ခံသူဖြစ်သည်။ နယူးဒေလီမြို့တွင် တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း၊ ဒလိုင်းလားမားနှင့် ၀န်ကြီးချုပ်နေရူးတို့ သုံးပွင့်ဆိုင် တွေ့ဆုံပြီး တိဗက်အရေးကို ဆွေးနွေးကြလေသည်။ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းက တိဗက်ပြည်သူတွေအပေါ် တရုတ်စစ်သားများ၏ ရိုင်းစိုင်းစွာ အကြမ်းဖက်ပြုမူ ဆက်ဆံခဲ့မှုအတွက် များစွာစိတ်မကောင်းဖြစ်ရပါကြောင်း ဘုန်းတော်ကြီးကို ၀မ်းနည်း စကားဆိုပါသည်။ ဘုန်းတော်ကြီးဒလိုင်းလားမား တိဗက်ပြည်ပြန်နိုင်ရေးအတွက် သူကူညီပါမည့်အကြောင်း ဘုန်းတော်ကြီးကို တိဗက်ပြည်ပြန်ကြွဖို့ ဖျောင်းဖျကြ လေသည်။
အိမ်ရှင်ကိုယ်တိုင်က တိဗက်ပြည်ပြန်ရေးအတွက် တွန်းအားပေးလာသောအခါ ဘုန်း တော်ကြီးဒလိုင်းလားမားအနေနဲ့ မငြင်းသာတော့။ ၁၉၅၇-ခု ဖေဖော်ဝါရီလထဲတွင် တိဗက်ပြည်သို့ ပြန်ခဲ့ရလေသည်။ ရွှေပြည်တော် မျှော်တိုင်းဝေးရတော့မည့်အရေးကို ကြိုတွေးမိလို့နဲ့တူပါရဲ့။ ဒီတခါ အိမ်အပြန်ခရီးမှာ ဘုန်းတော်ကြီးရဲ့ခြေလှမ်းတွေက သိသိသာသာ လေးလံနေပါတော့သည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပသည့် ဗုဒ္ဓသာသနာ ၂၅၀၀ပြည့်နှစ် အထူး ပူဇော်ပွဲကြီးသို့ တက်ရောက်ခဲ့သည့် ဘုန်းတော်ကြီးဒလိုင်းလားမားမှာ သီးခြားရည် မှန်းချက်တွေရှိနေသည်။ တိဗက်အရေးနှင့် ပတ်သက်၍ တရုတ်ပြည်ကိုဖိ အားပေးကြဖို့ ကမ္ဘာ့ခေါင်းဆောင်များကို ပန်ကြားမည်။ ပြီးတော့ သူ့ကိုအိန္ဒိယနိုင်ငံထဲမှာ နိုင်ငံရေး ခိုလှုံခွင့်ပေးဖို့ ၀န်ကြီးချုပ်နေရူးကို မေတ္တာရပ်ခံမည်။ သည်ရည်ရွယ်ချက်များဖြင့် နယူးဒေလီမြို့သို့ ရောက်လာခြင်းဖြစ်သည်။ သို့သော် သည်ခရီးက သူ့မျှော်မှန်း ထားသလိုဖြစ်မလာခဲ့။ ဒလိုင်းလားမား၊ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း၊ အိန္ဒိယ ၀န်ကြီးချုပ် နေရူးတို့ မျက်နှာချင်းဆိုင်တွေ့ဆုံပြီးနောက် ထွက်ပေါ်လာသောအဖြေမှာ ဘုန်းတော်ကြီးအနေဖြင့် တိဗက်ပြည်ပြန်ကြွရေးပင်ဖြစ်သည်။

တွေ့ဆုံပွဲပြီးနောက် ချူအင်လိုင်းကတိပေးခဲ့သလို တိဗက်ပြည်မှာ အခြေအနေတချို့ တိုးတက်ပြောင်းလဲလာတာတော့ရှိသည်။ ထိန်းချုပ်ကန့်သတ်မှုတချို့ကို ဖြေလျှော့ပေး လိုက်လေသည်။ တိဗက်တို့ ဆန့်ကျင်ကန့်ကွက်နေသည့် ရေအားလျှပ်စစ်စက်ရုံ တချို့ကို ပိတ်ပစ်လိုက်သည်။ မော်စီတုန်းကတော့ တိဗက်တိုင်းပြည်ဟာ ဒီမိုကရေစီနဲ့ မတန်သေးဘူးဟုသာ တွင်တွင်ပြောနေပါတော့သည်။ ထို့ကြောင့်လည်း တိဗက်ပြည် မှာ သူရဲ့ လူမျိုးကြီးဝါဒပေါ်လစီကို ဖက်တွယ်ထားခြင်းဖြစ်သည်။
တိဗက်တို့ကတော့ သူ့မြေသူ့ရေကို အတတ်နိုင်ဆုံး ကာကွယ်ကြမည်ဖြစ်သည်။ တိဗက် ခေါင်းဆောင်များက ဘုန်းတော်ကြီးဒလိုင်းလားမားနှင့်တွေ့ဆုံပြီး တိုင်းပြည်ရဲ့ အခြေ အနေကို ရှင်းပြခဲ့ပြီးပြီ။ တိဗက်ပြည်ရဲ့ လွတ်လပ်ခွင့်နဲ့ ဘာသာတရားအတွက် တိုက်ပွဲ ၀င်ကြဖို့ တိဗက်ခေါင်းဆောင်တွေက ပြည်သူတွေကို လှုံ့ဆော်နေကြပြီဖြစ်သည်။ တချို့ပြည်နယ်များတွင် ပြောက်ကျားစနစ်ဖြင့် တရုတ်ပြည်မကြီးရဲ့ ၀ါးမျိုနေမှုကို စတင်တွန်းလှန်နေကြလေပြီ။  တိုက်ပွဲဝင်နေကြသည့် ပြောက်ကျားတပ်များအတွက် လက်နက်ခဲယမ်းများ လိုအပ်နေသည်။  သည်အခြေအနေကို အမေရိကန်က တွက်ဆ ထားပြီးဖြစ်သည်။ အမေရိကန်ရဲ့ စီအိုင်အေသည် တိဗက်ပြည်သို့ ၀င်လေပြီ။ တကယ် တော့ ၁၉၅၆-ခုနှစ်ကတည်းက စီအိုင်အေက တိဗက်ပြည်ထဲကို ၀င်ရောက်နေရာယူ ထားပြီးဖြစ်သည်။ စီအိုင်အေအကူအညီဖြင့် တိဗက်ပြောက်ကျားတပ်များအတွက် လက်နက်များကို ထိုင်းနှင့် မြန်မာတို့ကနေတဆင့် တိဗက်ပြည် အရှေ့ပိုင်းက ကမ်နှင့် အမ်ဒူပြည်နယ်ထဲသို့ ပို့ပေးနေခြင်းဖြစ်သည်။ တရုတ်က သည်ပြည်နယ်တွေမှာ တော်လှန်ပုန်ကန်မှုမရှိပါဟု အစတုန်းက ငြင်းဆန်နေသေးသည်။

စီအိုင်အေစီမံပေးမှုဖြင့် ၂၂-တန်ရှိသည့် လက်နက်များကို တိဗက်ပြောက်ကျား တပ်များကို ၁၉၅၆-ခု ဒီဇင်ဘာလထဲတွင် ပို့ပေးမည်ဖြစ်သည်။ လေယာဉ်ဖြင့် လက်နက်များ ချပေးမည့်နေရာကိုလည်း သတ်မှတ်ပြီးသားဖြစ်သည်။ သို့သော် တိဗက်ပြောက်ကျား တပ်စစ်သည်တို့ ကံဆိုးပါသည်။ အမှန်တကယ်ချိန်းဆိုထားသော ညရောက်သောအခါ လေယာဉ်အချက်ပြမီးဖြင့် အချက်ပြကြသော်လည်း ဆီးနှင်းများ သိပ်သည်းထူထပ်စွာ ကျနေခြင်းကြောင့် လမ်းကြောင်းလွဲကာ နေရာမှား ချပေးခဲ့ကြ လေသည်။ တရုတ်က အခြေအနေကို ရိပ်မိသွားသည်။ တိဗက်ပြည် အရှေ့ပိုင်းမှာ ပြည်တွင်းစစ်ပွဲတွေရှိ နေပြီဖြစ်သော်လည်း မကြာခင်ထိန်းချုပ်နိုင်မည်ဟု ကြေညာ လိုက်လေသည်။

တိဗက်ပြည်အရှေ့ပိုင်းက ဘုန်းကြီးကျောင်းအများစုကို မော်စီတုန်းတပည့်များက ဗုံးများကြဲ၍လည်းကောင်း၊ အမြောက်များဖြင့် ပစ်ခတ်၍လည်းကောင်း ချေမှုန်းခဲ့ပြီးဖြစ် သည်။ သည်အခြေအနေမျိုးမှာ တိဗက်လားမားများလည်း မနေသာတော့။  သံသရာက လွတ်မြောက်ရေးကို စိတ်အေးချမ်းသာစွာ လုပ်ဆောင်နိုင်ရေးအတွက် ပစ္စုပ္ပန်လွတ် မြောက်ရေးက ပို၍လိုအပ်နေလေပြီ။ တိဗက်ဘုန်းတော်ကြီးများလည်း လူဝတ်လဲ၍ တိဗက်ပြည်ပြန်လည်ရရှိရေးအတွက် တိုက်ပွဲဝင်ကြပါသည်။ အကြမ်းမဖက်ခြင်းဖြင့် ထုံမွှမ်းထားအပ်သော နှလုံးသားတို့ အရောင်ပြောင်းခဲ့ကြရလေပြီ။ စစ်ပွဲများ နှင့်အတူ ရက်ရက်စက်စက် ညှဉ်းပမ်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ပစ္စည်းလုယူခြင်း၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း စသည့် အနိဋ္ဌာရုံများက တိဗက်ပြည်ကို ညစ်နွမ်းစေခဲ့ပြီ။

ဧပြီလထဲတွင် ဘုန်းတော်ကြီးဒလိုင်းလားမား အိန္ဒိယကနေ ပြန်ရောက်လာသည်။ သူ့တိုင်းပြည်သူ့လူမျိုးတွေရဲ့ အခြေ အနေမှန် ကို တွေ့မြင်ကြားသိရသောအခါ လားမား ဘုန်းတော်ကြီးမှာ ကြေကွဲရပါတော့သည်။ တိဗက်ပြည်ကိုဝင်ရောက်နေသည့်မုန်တိုင်း ကား ပြင်းထန်လွန်းလှသည်။ တိဗက်တောင်တန်းတွေပေါ်မှာ စစ်ပြေးဒုက္ခသည်တို့ ဥဒဟိုပြေးလွှားနေကြလေပြီ။ လာဆာမြို့ ဆင်ခြေဖုန်းများတွင် စစ်ရှောင်ရန်ရောက် လာကြသည့် တိဗက်များဖြင့် နေရာတိုင်းမှာ ပြည့်နှက်နေကြလေပြီ။ ဘာပဲဖြစ်ဖြစ် လက်နက်ကိုင်တော်လှန်ရေးဆိုသည်မှာ အင်အားမျှတဖို့လည်း လိုအပ်ပါလိမ့်မည်။ စာနာမှုနှင့် ချစ်ခြင်းမေတ္တာ တရားတို့ဖြင့် လွှမ်းခြုံထားအပ်သော သည်တောင်တန်းတွေ ပေါ်မှာ စာနာမှုနှင့် မေတ္တာတရားသည်သာ သူတို့ရဲ့အကောင်းဆုံး လက်နက်။ “ပြုသူအသစ် ဖြစ်သူအဟောင်း”တဲ့လား။ တိဗက်တိုင်းပြည် ကလေးကတော့ မုန်တိုင်းထဲက ဖယောင်းတိုင်ပမာ။

ဆက်လက်ဖော်ပြပါဦးမည်။

ကိုသစ် (သီတဂူ)
၇၊ ၁၃၊ ၂၀၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts