K ငြိမ်းချမ်း စာအုပ်စင် သတင်းပဒေသာ ဟံသာဝတီ ဦးဝင်းတင်

သွေး(စစ်ကိုင်း) ဘာသာပြန်တဲ့ ၀င်းတင်(သို့မဟုတ်) ဦးမညွှတ်တတ်သော အတိုက်အခံ စာအုပ်မိတ်ဆက်ပွဲ


သွေး(စစ်ကိုင်း) ဘာသာပြန်တဲ့ ၀င်းတင်(သို့မဟုတ်) ဦးမညွှတ်တတ်သော အတိုက်အခံ စာအုပ်မိတ်ဆက်ပွဲ
K (မိုးမခ) ဇူလိုင် ၁၃၊ ၂၀၁၈

စာရေးဆရာမ သွေး(စစ်ကိုင်း)ရဲ့ဘာသာပြန်လက်ရာသစ်တခုဖြစ်တဲ့ ၀င်းတင်(သို့မဟုတ်) ဦးမညွှတ်တတ်သော အတိုက် အခံ စာအုပ်မိတ်ဆက်ပွဲနဲ့ဆွေးနွေးပွဲကို ရန်ကုန်မြို့လမ်းမတော်မြို့နယ်သံဈေး ငါးလွှာရှိ Yangon Book Plazaမှာ ဇူလိုင် ၁၄ ရက်(စနေနေ့) နေ့လယ် ၂ နာရီမှာ ပြုလုပ်ကျင်းပသွားမယ်လို့သိရပါတယ်။

ပြင်သစ်နိုင်ငံသူ ဆိုဖီမာလီဘိုးပြုစုရေးသားတဲ့ ဦးဝင်းတင်၏ဘ၀မှတ်တမ်းစာအုပ်ကို စာရေးဆရာမ သွေး(စစ်ကိုင်း)က မူရင်းပြင်သစ်ဘာသာမှ မြန်မာဘာသာသို့ မူရင်းစာရေးဆရာမရဲ့ခွင့်ပြုချက်နဲ့ ပြန်ဆိုရေးသားခဲ့တာဖြစ်ပါတယ်။

အဆိုပါစာအုပ် ဘာသာပြန်ရခြင်းနဲ့ပတ်သက်ပြီး စာရေးဆရာမ သွေး(စစ်ကိုင်း)က “ဒီမိုကရေစီရေး လူ့အခွင့်အရေးတို့ အတွက်ကြိုးစားရုန်းကန်ခဲ့တဲ့ ဦးဝင်းတင်ရဲ့ ဘ၀မှတ်တမ်းကို နောက်ခံနိုင်ငံရေးနဲ့ ဆက်စပ်ရေးသားထားတဲ့ စာအုပ်ဖြစ်ပါ တယ်။ ဦးဝင်းတင်ရဲ့ထောင်တွင်းဖြတ်သန်းမှု သတင်းစာဆရာသမားဘ၀၊ အနုပညာကို ချစ်မြတ်နိုးမှုတွေကိုပါ ဖတ်ရှုရမယ့် စာအုပ်ပါ”လို့ ပြောပြပါတယ်။

စာအုပ်ထုတ်ဝေဖြန့်ချိရခြင်းနဲ့ပတ်သက်ပြီးလည်း ငါတို့စာပေ လူမှုကွန်ရက်စာမျက်နှာမှာ အသေးစိတ် ဖော်ပြထားပါတယ်။

လွတ်လပ်စွာ စာအုပ်ထုတ်ဝေခွင့်၊ ဟောပြောခွင့်များ တားဆီးခံနေရချိန်ကာလတစ်ခုမှာ ပြင်သစ်နိုင်ငံသူ တစ်ယောက်ဟာ မြန်မာပြည်တွင်းကို တိတ်တဆိတ် ၀င်ရောက်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံက သံမဏိလူသား အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်အကြောင်း ပြုစုရေးသားဖို့ပါပဲ။ ဦးဝင်းတင် အပါအ၀င် ဦးဝင်တင်နဲ့ လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးသမားများ၊ သတင်းစာပညာရှင်ပေါင်းများစွာတို့ကို လူကိုယ်တိုင် လိုက်လံတွေ့ဆုံပါတယ်။ ဦးဝင်းတင်နဲ့ပတ်သက်တဲ့ စာရွက်စာတမ်း၊ မှတ်တမ်းများကို စုစည်းခဲ့ပါတယ်။

ပြင်သစ်နိုင်ငံကို ပြန်ရောက်တဲ့အခါမှာတော့ ၀င်းတင် (သို့မဟုတ်) ဦးမညွှတ်တတ်သော အတိုက်အခံဆိုတဲ့ စာအုပ်ကို ပြင် သစ်ဘာသာနဲ့ထုတ်ဝေခဲ့ပါတယ်။ ဦးဝင်းတင်နဲ့ ကမ္ဘာကို ပိုမိုနီးကပ်စေခဲ့သလို မြန်မာ့ဒီမိုကရေစီ ကြိုးပမ်းမှူအကြောင်းကို လည်း နိုင်ငံတကာမှာ လူသိ များစေခဲ့ပါတယ်။

နောက်ဆုံးရလဒ်ကတော့ မူရင်းစာရေးဆရာ ဆိုဖီမာလီဘိုးကို မြန်မာပြည်ဝင်ခွင့် ပိတ်ပင်ခြင်းခံလိုက်ရပါတော့တယ်။

ဦးမညွှတ်တတ်သော အတိုက်အခံကြီး ဘဘဦးဝင်းတင်အကြောင်းကို ပြည့်စုံအောင် ကြိုးပမ်းပြုစုထားတဲ့ ယခုစာအုပ်ကို ဆရာမ သွေး(စစ်ကိုင်း)က ပြင်သစ်ဘာသာကနေ တိုက်ရိုက်ဘာသာပြန်ဆိုထားပါတယ်။

မူရင်းစာရေးဆရာရဲ့ ခွင့်ပြုချက်နဲ့အတူ ဘာသာပြန်ဆိုထုတ်ဝေထားတာ ဖြစ်ပြီး သမိုင်းမှာ လူသိနည်းသေးတဲ့ ဘဘဦးဝင်း တင်နဲ့ ပတ်သက်တဲ့ အချက်အလက်များစွာကိုလည်း ဖတ်ရှုမှတ်သားနိုင်မယ့် စာအုပ်ဖြစ်ပါတယ်။

ဘဘဦးဝင်းတင်ကိုယ်တိုင်ရေးသားပေးခဲ့တဲ့ အမှာစာ၊ မူရင်းစာရေးဆရာရဲ့ အမှာစာများနဲ့အတူ ဒေါ်အောင်ဆန်းစုကြည် ရေးသားခဲ့တဲ့ ဦးဝင်းတင်အပေါ် မှတ်ချက်များကိုပါ ပြည့်ပြည့်စုံစုံ ထည့်သွင်းပေးထားပါတယ်။

အခုစာအုပ်ရဲ့ ထူးခြားချက် တစ်ခုလည်း ရှိပါသေးတယ်။ အခုစာအုပ်ကို ပြင်သစ်ဘာသာနဲ့ထုတ်ဝေတဲ့အခါမှာ ထည့်သွင်း ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကနေ သီးသန့်အမှာစာရေးသားပေးဖူးပါတယ်။ ဒါပေမယ့် အဆိုပါကာလဟာ ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်ထဲမှာ အကျဉ်းစံနေရတဲ့ ကာလဖြစ်တာကြောင့် အမှာစာကို ပြင်ပထုတ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဘအပေါ်မှာ ရေးသားထားတဲ့ မှတ်ချက်လေးသာ ထည့်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts