သရော်စာ မောင်လူရေး

မောင်လူရေး – နတ္ထိပစ္စယော


မောင်လူရေး – နတ္ထိပစ္စယော

(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၈

ပင်လုံညီလာခံမှာပြောသည့် ကာချုပ်မိန့်ခွန်းကို နားထောင်ရသည့်မှာ နားကြောစိမ့်လှ၏။ ပီတိကိုယ်လုံး ဖုံးလေသည်။ ကာချုပ်သည် အနုပညာဆန်လွန်းသည်။ တင်ပြပုံမှာလည်း ရသမြောက်လွန်းသည်။ မိန့်ခွန်းကို နားထောင်ရင်း နားထောင်ရင်း မြန်မာပြည်ကြီး ငြိမ်းချမ်းတော့မည်ဟု တထစ်ချမှတ်လိုက်မိပေတော့သည်။

ရှူပါလေ။

“ပထမဦးစွာ ကျွန်တော်တို့နိုင်ငံမှာဖြစ်ပွားခဲ့ရတဲ့၊ ဖြစ်ပွားနေဆဲဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားရခြင်းရဲ့ မူလအရင်းခံဇာစ်မြစ်ကို လေ့လာကြည့်ရင် ကိုလိုနီခေတ်ဗြိတိသျှနယ်ချဲ့တို့ လက်ထက်ကတည်းက ကျင့်သုံး ခဲ့တဲ့ သွေးခွဲအုပ်ချုပ်မှုစနစ်ကြောင့်နဲ့ နိုင်ငံရေး၊ အယူဝါဒရေး၊ လူမျိုးရေး၊ ဘာသာရေး ကွဲပြားခြားနားမှုတွေ ကြောင့်ဆိုတာတွေ့ရမှာ ဖြစ်ပါတယ်။ ပေါ်ပေါက်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ တပ်မတော်ရဲ့ အကြားမှာ ပြဿနာကြီးငယ်တစ်စုံတစ်ရာမရှိဘဲ သက်ဆိုင်ရာအစိုးရများနဲ့ လက်နက်ကိုင်အဖွဲ့အစည်းများ အကြားမှာသာ မကျေနပ်ချက်တွေ၊ တောင်းဆိုချက်တွေရှိကြောင်း တွေ့ရှိရမှာဖြစ်ပါတယ်” တဲ့။

ကဲ ကြည့်စမ်း။ ပြောတတ်လိုက်တာ။ လက်နက်ကိုင် ပဋိပက္ခဟာ သွေးခွဲအုပ်ချုပ်မှုကြောင့်တဲ့။ ဒါဆို သွေးကွဲအောင်လုပ်နေတာတွေ ရပ်လိုက်ရုံ။ ဗိုလ်ချုပ်ရုပ်ထုပြဿနာကို အနုပညာဆန်ဆန်ပြောသည့်သဘော။  ပြီးတော့

နိုင်ငံရေးကြောင့်တဲ့။ နိုင်ငံရေးလွတ်လပ်မှုရှိရင် ဒါ ပြေလည်မယ်ဆိုတဲ့သဘော။ ငြိမ်းစုစီတို့၊ ၆၆(ဃ)တို့၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုသဟာတွေကို အနုပညာဆန်ဆန်ထောက်ပြသွားသည်။ နောက်တခုက အယူဝါဒရေးကြောင့်တဲ့။ ပန်းတိုင်း ပွင့်ခွင့်ပေးလိုက်စေလိုပုံရသည်။ အမျိုးသားရေးဝါဒ လစ်ဘရယ်ဝါဒ ကွန်မြူနစ်ဝါဒ ခရိုနီဝါဒ တိုင်ကွန်းဝါဒ ဦးပိုင်ဝါဒ စသဖြင့် စသဖြင့်။ လူမျိုးရေးကြောင့်ဆိုတာကတော့ ဘင်္ဂါလီနဲ့ ရခိုင်၊ ဝနဲ့ ရှမ်း၊ ကချင်နဲ့ ရှမ်းနီ ဗမာနဲ့ ကျန်သူတွေ ညှိကျဆိုသည့်အထာ။ ဘာသာရေးကြောင့်ဆိုတာကလဲ လေးဘာသာလုံးက မျိုးစောင့်လို ဘာသာရေးအခြေခံပြဌာန်းထားသည့် ဥပဒေမှန်သမျှဖျက်သိမ်းပြီး ဘယ်ဘာသာနဲ့ ချာ့တ်ရယ် ဗလီရယ်မှမဟုတ် ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ လက်ထပ်ထပ် ဘာသာရေးခေါင်းဆောင်များက ဝင်မရှုပ်တော့ဘူးဆိုလျှင် ဘာသာရေးအခြေပြုပဋိပက္ခများ လွင့်ပါးပျောက်ကွယ်သွားမည်ဟု အနုပညာဆန်ဆန်မိန့်ခြင်းသာ။

လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ တပ်မတော်ရဲ့အကြားမှာ ပြဿနာကြီးငယ် တစုံတရာမရှိဘဲ အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့အစည်းများကြားမှာသာ မကျေနပ်ချက်တွေ တောင်းဆိုချက်တွေရှိတယ်လို့ ဆိုတာကတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ တပ်ပါစရာ မလိုတော့ဘူးလို့ မှော်ဆန်လိုက်ခြင်းပင်။ တပ်နဲ့ ပသို့မျှ မဆိုင်၊ တပ်ပိုင်မဟုတ်၊ အစိုးရနှင့် လက်နက်ကိုင်များအလုပ်သာဟု ဆိုလိုက်ပေတော့သည်။ တပ်ပါဝင်ခဲ့သည့်တလျှောက်လုံးငြိမ်းချမ်းရေးမရဖြစ်နေပုံရဲ့ အဖြေကို တွေ့သွားသည့်သဘော။ ယောမင်းကြီးဇရပ်မှာ နိုင်ငံရေးသိပ္ပံပညာရှင်လေးပြောသွားသည့် နတ္ထိပစ္စယော=ကိုယ်မရှိခြင်းဖြင့် ကျေးဇူးပြုသည့် ဦးဆောင်မှုဆိုတာကို လက်တွေ့ အကာင်အထည်ဖော်ပြလိုက်ပုံရသည်။ ကာချုပ်သည် စစ်ရေးအမြင်သာမက နိုင်ငံရေးအမြင်လည်း စူးရှပုံကို နားနှင့်စပ်စပ် ကြားလိုက်ရခြင်းဖြစ်သည်။

“လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ်၊ မတ်လမှာပဲ ဗမာပြည်ကွန်မြူနစ်ပါတီဟာ အဲဒီအချိန်က ဦးနု ဦးဆောင်တဲ့ ဖဆပလအစိုးရကို ဝါဒရေးရာအရဆန့်ကျင်ပြီး တောခိုသွားခြင်းဖြင့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကို စတင်ခဲ့တာ ဖြစ်ပါတယ်” လို့ ဆိုပြန်တော့ ကာချုပ်သည် မြန်မာ့ပဋိပက္ခတွေကို ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းလည်း ကြီးမားလှကြောင်း ကြည်ညိုဖွယ် သိလိုက်ရပြန်သည်။ ဒါက ဦးနုလဲ မရှိ၊ ခိုစရာ တောလဲ မရှိ၊ ဗမာပြည်ကွန်မြူနစ်ပါတီလဲ လက်နက်မရှိတော့ နတ္ထိပစ္စယောသွားပြီဟု နတ္ထိပစ္စယောတမျိုးကို လှစ်ပြလိုက်ခြင်းပင်။

“မရှေးမနှောင်းမှာပဲ ကရင်လူမျိုးရေး၊ သီးခြားကရင်ပြည်နယ် ထူထောင်ရေးရည်မှန်းချက်နဲ့ ကရင်လက်နက်ကိုင်ပဋိပက္ခ ပေါ်ပေါက် လာရပြန်တယ်” ဟု မိန့်လိုက်ပြန်တော့ ဒါလဲ တပ်နှင့် ပသို့မျှ မဆိုင်။ အခု ကရင်ခေါင်းဆောင်တွေကလဲ ခွဲမထွက်ဘူးဆိုတော့ ငြိမ်းပြီဟု ဆိုလိုက်ခြင်းဖြစ်သည်။

“ဒါ့အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းက မူဂျာဟစ်သူပုန်တွေဟာ မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိချိန်ကစပြီး ဘာသာရေးနဲ့ သီးခြားပြည်နယ်ထူထောင်ရေး ရည်မှန်းချက်နဲ့ ဖဆပလ အစိုးရကို ဆန့်ကျင် တိုက်ခိုက်နေကြပြီးဖြစ်ပါတယ်” ဆိုတာကလဲ ဒါကလဲ တပ်နှင့် မဆိုင်ဆိုသည့်သဘောပင်။ ပြည်ထောင်စုအစိုးရနဲ့ ရခိုင်ပြည်နယ်အစိုးရတို့သဘောဟု ဟောခြင်းသာ။

“ဒီနေ့အထိ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်နေရဆဲဖြစ်တဲ့ ကချင်ဒေသမှာ KIO လက်နက်ကိုင်အဖွဲ့ ပေါ်ပေါက်လာရခြင်းဟာ ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့မှာ ဝန်ကြီးချုပ်ဦးနု ဦးဆောင်တဲ့ ပြည်ထောင်ပါစုပါတီ(ပထစ)အစိုးရက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းလိုက်လို့ ဘာသာရေးအခြေခံပြီး ပေါ်ပေါက်ခဲ့ရတာကို နောက်မှတိုင်းရင်းသားရေးလို့ပြောလာတာ ဖြစ်ပါတယ်” တဲ့။ တပ်ရဲ့အနေအထားကို ပို၍ သိသာရှင်းလင်းစေရန် ဆိုလိုက်သကဲ့သို့ပင်။ ဒါကလဲ တပ်နှင့်မဆိုင်။ ဘာသာရေးကိစ္စသာ။ နိုင်ငံတော်ဘာသာရယ်လို့မရှိရင် KIO လဲ နတ္ထိပစ္စယောဟု ပြောခြင်းသာ။

“ကျန် လက်နက်ကိုင် အဖွဲ့များဟာလည်း နိုင်ငံရေး၊ အယူဝါဒရေး၊ လူမျိုးရေးနဲ့ ဘာသာရေးတို့ကိုအခြေခံပြီး ပေါ်ပေါက်လာရတာပဲဖြစ်လို့ တပ်မတော်ကြောင့် ပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်းများ ပေါ်ပေါက် လာရသယောင်၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ဖြစ်ရသယောင် ပြောဆိုနေခြင်းများဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် အန္တရာယ်များလှတဲ့ လုပ်ဆောင်ချက်တွေပဲဖြစ်ပါတယ်” တဲ့။ ဒါကတော့ မှော်အဆန်ဆုံးဟု ဆိုရမည်ပင်။ တပ်ကြောင့် ဘာမှဖြစ်တာမဟုတ်လို့ တပ်က ဘယ်ပြဿနာမှ ဝင်ရောက်ရှင်းရန်မလိုကြောင်း ရှင်းရှင်းလင်းလင်းပြလိုက်ခြင်းတည်း။ တပ်ကို ဆွဲထည့်ရင်ပင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် အန္တရာယ်များမည်ဟု မဟာကရုဏာဖြင့် ဆိုတော်မူချေသည်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ကြရာမှာ အချိန်မဆွဲပဲ ရဲရဲဝံ့ဝံ့လုပ်ဆောင် ကြဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဟာ လိုအပ်တာထက်ပိုပြီး အချိန်ကြာလာရင် ဘေး ပယောဂတွေ၊ ဝင်ရောက်စွက်ဖက်မှုတွေ၊ ကြိုးကိုင်ခြယ်လှယ်တာတွေရှိလာပြီး ရရှိပြီးဖြစ်တဲ့ ယုံကြည်မှု တည်ဆောက်ထားတာတွေ၊ ခက်ခက်ခဲခဲတည်ဆောက်ထားရတဲ့ ရရှိပြီးသဘောတူညီချက်တွေ အားနည်း သွားနိုင်ပါတယ်။ ဒါကြောင့် အချိန်ပြည့်ညှိနှိုင်းဆွေးနွေးခြင်းများ၊ ရလဒ်ထွက်လာအောင် ဆွေးနွေးခြင်း များကို နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူလူထုရဲ့ အကျိုးစီးပွားကို ထာဝစဉ်ရှေးရှုပြီး စိတ်စေတနာထက်ထက် သန်သန်နဲ့ စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုပါတယ်။ ကိုယ်စားလှယ်များအနေနဲ့ တွေ့ဆုံဆွေးနွေးမှုကို ရေရှည်ငြိမ်းချမ်းရေး တည်တံ့ခိုင်မြဲရေးရလဒ်ရတဲ့အထိ ဆက်တိုက်ဆောင်ရွက်ဖို့ လိုပါမယ်။ ရလဒ်မထွက်မီ ဆွေးနွေးမှုရပ်နားပြီးနောက် အခြေအနေပြောင်းလဲမှုများ မကြာခဏတွေ့ရတဲ့ အတွက် ရလဒ်ထွက်သည်အထိ ဆွေးနွေးဖို့ ကျွန်တော်တိုက်တွန်းရခြင်းဖြစ်ပါတယ်” ဆိုတဲ့ စကားရပ်ကတော့ ကာချုပ်ကြီးက ပဋိပက္ခနဲ့ သက်ဆိုင်သူ အစိုးရနဲ့ လက်နက်ကိုင်များကို ငြိမ်းချမ်းရေးမရမချင်း နေပြည်တော်က မပြန်နဲ့ဟု အနုပညာဆန်ဆန် အမိန့်ပေးခြင်းသာဖြစ်သည်။ ယင်းစကားရပ်များက ငြိမ်းချမ်းရေးအပေါ် ထားသည့် စိတ်စေတနာ ကြီးမြင့်လှပုံကိုလည်း အထင်းသားမြင်ရပေသည်တကား။

မောင်လူရေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts