K ငြိမ်းချမ်း သတင်းပဒေသာ

ပန်းချီထိန်လင်း စီစဉ်တဲ့ ဆဲဗင်းဂျုလိုင် အမှတ်တရ ဆယ်စုနှစ် ခုနစ်ဆက်


ပန်းချီထိန်လင်း စီစဉ်တဲ့ ဆဲဗင်းဂျုလိုင် အမှတ်တရ ဆယ်စုနှစ် ခုနစ်ဆက်
K (မိုးမခ) ဇူလိုင် ၆၊ ၂၀၁၈

ဆယ်စုနှစ် ခုနစ်ဆက်လို့ အမည်ပေးထားပြီး ပန်းချီ ထိန်လင်းနဲ့ ပဉ္စရသအဖွဲ့တို့မှ စီစဉ်ကျင်းပသော ပန်းချီအနုပညာ လက်ရာပြပွဲကို ဇူလိုင် ၇ရက်မှ ၃၁ရက်ထိ ရန်ကုန်မြို့သိမ်ဖြူလမ်းရှိ ၀န်ကြီးများရုံးမှာ နေ့လယ် ၂နာရီမှာ ဖွင့်လှစ်ပြသ သွားမယ်လို့သိရပါတယ်။

ပြပွဲမှာ မြန်မာပြည်ရဲ့မျက်မှောက်ခေတ် ကွန်တမ်ပိုရာရီ အနုပညာရှင်များရဲ့မြန်မာပြည်နိုင်ငံရေး သမိုင်းကြောင်းဆိုင်ရာ အရေးပါလှသော ဇူလိုင်လ အထိမ်းအမှတ် သမိုင်းဆိုင်ရာ အနုပညာလက်ရာများကို ပြသသွားမယ်လို့သိရပြီး ပါဝင်ပြသ မယ့်အနုပညာရှင်များကတော့ ၀င်းဖေ၊ မောင်ဒီ၊ အောင်မြင့်၊ စန်းမြင့်၊ ဆန်နီညိမ်း၊ မသီဂီ င်္၊ချမ်းအေး၊ ဖြူမွန်၊ စံမင်း၊ အမ်ပီပီ ရဲမြင့်၊ စိုးနိုင်၊ အေးကို၊ စန်းဦး၊ ကြည်ဝင်း၊ ချောအိသိမ်း၊ ငုအိမ်ထက်မြက်၊ ဖေမောင်စိမ်း၊ စန္ဒာခိုင်၊ ၀ါနုတို့ဖြစ်ပါတယ်။

ပြပွဲနဲ့ပတ်သက်ပြီး …

 “ လူ့သမိုင်းလူ့အဖွဲ့အစည်းဘယ်ပုံဖွံ့ဖြိုးလာခဲ့သလဲဆိုတာကို ပြန်လည်လေ့လာသုံးသပ်ကြည့်တတ်ခြင်း ဟာ လူ့စရိုက် လူ့သဘာဝတရပ်ဖြစ်ပါတယ်။ အဲလိုလူ့သမိုင်းဖြစ်စဉ်တွေ ပြန်ကြည့်ကြတဲ့အခါတိုင်း ရာစုနှစ်ဆိုတဲ့စကားလုံး ကာလကို ညွန်ပြတဲ့စကားလုံးကို အမြဲသုံးကြရပါတယ်။ ဒီဘုရားကို ဘယ်နှစ်ရာစုက တည်ခဲ့သလဲ။ ဒီစစ်ပွဲဟာ ဘယ်နှရာစု မှာဖြစ်ခဲ့သလဲ၊ ဒီလိုနဲ့ နှစ်ဆယ်ရာစုနှောင်းပိုင်းရောက်လာတဲ့အခါ အဖြစ်အပျက်တွေဟာ မြန်သထက်မြန်လာတဲ့အတွက် ဆယ်စုနှစ်ဆိုတဲ့စကားရပ်က ပိုအသုံးများလာပါတယ်။ ပို အခရာကျလာပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ ၁၉၄၈ ခုမှာ လွတ်လပ်ရေးရခဲ့တယ်။ နှစ်ပေါင်း (၇၀)အတွင်းသမိုင်းအချိုးအကွေ့တွေ လောက ဓံတွေ အင်မတန်များခဲ့တယ်။ ဒါကြောင့်လွတ်လပ်ရေးလွန် ခေတ်ကြီးထဲကြီးခဲ့ကြတဲ့ အနုပညာရှင်များအား သူတို့ဖြတ် သန်းခဲ့တဲ့ ဆယ်စုနှစ်တွေကို အနုပညာကတဆင့် လည်ပြန်ကြည့်ပေးဖို့ ကျွန်တော်က မေးခွန်းထုတ်ခဲ့ပါတယ်။

ဒီပြပွဲမှာ ကျွန်တော်ရွေးချယ်ထားတဲ့အနုပညာရှင်အများစုဟာ မြန်မာ့မော်ဒန်အနုပညာခေတ်တခေတ်ကို ဦးဆောင်ခဲ့သလို မိုင်တိုင်များစွာကို ဖြတ်သန်းခဲ့ပြီး ကွန်တမ်ပိုရာရီအနုပညာခေတ်ထဲထိ ဆက်လက်ရှင်သန်ပွင့်လန်းနေကြတဲ့ အနုပညာရှင် အများစုဖြစ်ကြပါတယ်။

ဒီဆယ်စုနှစ်ခုနစ်ခုအတွင်းမှာ စစ်မျိုးစုံနဲ့ကြုံခဲ့။ ခေတ်မျိုးစုံကြုံခဲ့။ သူတို့ဟာ အကြိမ်ကြိမ်ကျရှုံးခဲ့သလို အကြိမ်ကြိမ် အောင် မြင်ခဲ့တယ်။ ဒီပြပွဲမှာ ကျွန်တော်က သူတို့ကို သူတို့ဖြတ်သန်းခဲ့တဲ့ဆယ်စုနှစ်တွေဆီ အနုပညာကတဆင့် ပြန်ကြည့်ခိုင်းခဲ့ပါ တယ်။

အဲလိုပြန်ကြည့်ခိုင်းတဲ့အခါ တဦးချင်းစီသူတို့ရဲ့အာရုံများဟာ ဘယ်အကြောင်းအရာကို ပြန်ကျက်စားပါသလဲ။ ဘယ် အရာတွေကို သူတို့ပြန်အမှတ်တရရှိကြပါသလဲ။ ရေနံဆီမီးမှိန်မှိန်လေးတွေ သတိရသလား။ သမဝါယမဆိုင်က ကိုယ် တာခွဲတမ်းတွေ သတိရသလား။ ပွဲဈေးတန်းတွေ သတိရသလား။ မောင်းပြန်သေနတ်သံတွေ သတိရသလား။

နွား ခလောက်သံလေးတွေသတိရသလား ဆိုတာ ကျွန်တော်အင်မတန် စိတ်ဝင်စားပါတယ်။ ဒီပွဲဟာ ဆယ်စုနှစ် ခုနစ်ခုစာ အနုပညာလက်ရာဟောင်းတွေရဲ့သမိုင်းကိုပြောတာ မဟုတ်ပါဘူး။ ဆယ်စုနှစ်ခုနစ်စုစာ သမိုင်းအတွက် အနုပညာအသစ် ဖြစ်ပါတယ်။

ဒီဆယ်စုနှစ်များထဲက ဒီအနုပညာရှင်များရဲ့ အတွေ့အကြုံ အမှတ်ရချက် ပုံပြင်များ သက်သက်မဟုတ်ပဲ ဆယ်စုနှစ်များကို ပြန်လည်ကြည့်ရှုတဲ့ သူတို့ရဲ့လောကအမြင် သူတို့အတွေးအခေါ် သူတို့ရဲ့ဉာဏ်ပညာဦးစီးတဲ့ဖန်တီးချက်များ ဖြစ်တဲ့အပြင် တနည်းအားဖြင့် သူတို့ ကျွန်တော်တို့တွေရဲ့အဲဒီအချိန်ကာလတွေအတွင်းရှင်သန်နိုင်ခဲ့ခြင်းရဲ့ သော့ချက်လည်းဖြစ်ပါ တယ်”

 

လို့ရေးသားထားပါတယ်။

အဆိုပါ ပြပွဲမှာ ၁၉၉၃ခုနှစ် စစ်အစိုးရကာလမှာ ဒါရိုက်တာ၊ စာရေးဆရာ၊ ပန်းချီဆရာကြီး (ဦး)၀င်းဖေရိုက်ကူးခဲ့ပြီး စိစစ် ရေးက ပြသခွင့်ပိတ်ပင်တားဆီးခံခဲ့ရတဲ့ ရုပ်ရှင်ကားတကားကိုလည်း အမှတ်တရအနေနဲ့ တက်ရောက်လာသူများကို ပြသ သွားမယ်လို့သိရပါတယ်။

ပြပွဲချိန်အတွင်း ဇူလိုင်လ ၇ ရက်နဲ့ ၈ ရက်နေ့များတွင် ၀င်ကြေးအခမဲ့ဖြစ်ပြီး နောက်ရက်များတွင် မြန်မာနိုင်ငံသား – ၁၅၀၀ ကျပ်(ကလေးနှင့် သက်ကြီးရွယ်အိုများ အခမဲ့)၊ နိုင်ငံခြားသား – ၅၀၀၀ ကျပ် (ကော်ဖီတစ်ခွက် အပါအဝင်)ဖြစ်ပြီး ဇူလိုင် ၁၄ရက်မှ ၂၁ရက်ထိကိုတော့ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ပြပွဲကို ယာယီပိတ်ထားမယ်လို့ သိရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts