ကဗျာ

လင်းသက်ငြိမ် ● နေ့များ


လင်းသက်ငြိမ် ● နေ့များ
(မိုးမခ) ဇူလိုင် ၃၊ ၂၀၁၈

သတင်းလိုလို သီချင်းလိုလို
ရယ်ရမှာလားဆိုတော့
ရှိုက်သံက ကြားဖြတ်ဝင်ဝင်လာ
ဂုဏ်သရေရှိ အလေအလွင့်များ
အိပ်မောကျနေတဲ့ ညဥ့်ငှက်များ
တခုခုကို ဖမ်းဆုပ်ဖို့
တခုခုကို လွှတ်ချခဲ့ရ
ဒီနေ့လည်း မနေ့ကသီချင်းကို
အရင်ကီးအတိုင်း ဆိုရမှာပဲလား
အချိန်တန်ရင် အိပ်တန်းဝင်ရမယ့်
နေကြာပန်းတွေ ခေါင်းထောင်လို့
အရေးတကြီး ခြေလှမ်းများ
အရေးတကြီး စကားလုံးများ
အရေးတကြီး အနမ်းများ
ထူးမခြားနားဇာတ်ဝင်ခန်းမှာ မငြီးငွေ့နိုင်သေးတဲ့
သရုပ်ဆောင်တွေ
လည်နေတဲ့ပန်ကာများ
လည်နေတဲ့လူများ
ကိုယ့်လျှာဟာ ကိုယ့်ချွေးစတွေကို အရသာခံလို့
ကိုယ့်အလိုဆန္ဒတွေက
ကိုယ့်ကို ကျာပွတ်သံ ပြင်းပြင်းပေးလို့
နာရီသံတွေက ဟားတိုက်လို့
ငွေစ ကြေးစတွေက ခုန်ပေါက်လို့
နေမင်းရဲ့ထွက်ပြေးမှုဝါဒမှာ
မနက်ဖြန်ဟာ သက်ပြင်းချရင်း အိပ်ယာခင်းနေလေရဲ့ …။

လင်းသက်ငြိမ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts