K ငြိမ်းချမ်း သတင်းပဒေသာ

ပန်းချီ ဇော်မိုးသည်း ပထမဆုံးတကိုယ်တော် ပြပွဲ ရန်ကုန်မှာ ၃ ရက်ကြာ ပြသမယ်


ပန်းချီ ဇော်မိုးသည်း ပထမဆုံးတကိုယ်တော် ပြပွဲ ရန်ကုန်မှာ ၃ ရက်ကြာ ပြသမယ်

K (မိုးမခ) ဇွန် ၂၃၊ ၂၀၁၈

မန္တလေး အခြေစိုက်ပန်းချီဆရာ ဇော်မိုးသည်းရဲ့ပထမဆုံးအကြိမ် တကိုယ်တော် ပြပွဲဖြစ်သော ALWAYS & OFTEN အ မည်ရတဲ့ ပန်းချီပြပွဲကို ရန်ကုန်မြို့ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ် (၁၇)မှာရှိတဲ့ အလှသစ် Art Gallery မှာ ဇွန်လ ၂၃ ရက်ကနေ ၂၅ ရက်ထိ ၃ရက်ကြာ ပြသသွားမယ်လို့သိရပါတယ်။

ပန်းချီ ဇော်မိုးသည်းဟာ ၁၉၈၅ခုနှစ်တွင် မွေးဖွားကာ ၂၀၀၈ခုနှစ်မှာ-B.A(Painting) ဖြင့် ကျောင်းပြီးခဲ့ပြီး ပန်းချီပညာရပ် များကို ပန်းချီ ဦးကြည်သိန်း၊ ဦးအောင်ကျော်၊ ဦးကြည်ဝင်း၊ ဦးမာန်ဦးတို့ထံမှ ဆက်လက်ဆည်းပူးခဲ့ပြီး အုပ်စုလိုက်ပြပွဲ များမှာတော့ ၀င်ရောက်ပြသခဲ့ကာ ယခုအကြိမ်က သူ့ရဲ့တကိုယ်တော်ပြသမှု ပထမဆုံးအကြိမ် ဖြစ်တယ်လို့လည်း သိရ ပါတယ်။

ALWAYS & OFTEN အမည်ပေးထားတဲ့ တကိုယ်တော် Solo Show ပြုလုပ်ရခြင်းနဲ့ပတ်သက်ပြီး ပန်းချီဇော်မိုးသည်း က ” ကျနော် လွန်ခဲ့တဲ့ ၃နှစ်လောက်က ဂရုရှိုးတခုကို သူငယ်ချင်းတွေနဲ့ စီစဉ်ကျတာပေါ့။ အဲဒီမှာ ကျနော် ပန်းချီကား ၁၀ ကားလောက် ရေးမယ်တွေးလိုက်တာပေါ့။ တွေးတော့ ဘာရေးချင်လဲဆိုတော့ ကိုယ့်အပေါ် လွှမ်းမိုးတဲ့မြန်မာနိုင်ငံရဲ့ အ ထင်ကရပုဂ္ဂိုလ်တွေကို ရေးချင်တယ်။ ငယ်ငယ်လေးတည်းက လေးစားမြတ်နိုးခဲ့ရတဲ့သူတွေ ရှိတာပေါ့။ ၃၊ ၄ကား လောက် ရောက်မှ ကျနော် အတွေးတခု ၀င်လာတယ်။ ဒါက Solo Show ပဲလုပ်သင့်တယ်။ ဂရု ရှိုးမလုပ်သင့်ဘူး ဆိုပြီး တွေးလိုက် တယ်။ အဲဒါနဲ့ ဂရုရှိုးမလုပ်ဖြစ်တော့ဘဲ ၂၀၁၅ ကစပြီးတော့ ဒါတွေကို Solo Show လုပ်ရင်ကောင်းမယ်ပေါ့။ ကျနော် ငယ် ငယ်လေးတည်းက လေးစားခဲ့ရတဲ့ ဖေးဖရိတ်ဖြစ်ခဲ့ရတဲ့ အထင်ကရပုဂ္ဂိုလ်မျိုးတွေကို ပြခန်းသဘောမျိုးမှာ စုံစုံလင်လင် ပြခွင့်ရရင် ကျနော်ကိုယ်တိုင်ရော ပန်းချီရေးသူတွေရော ပန်းချီဝါသနာရှင်တွေရော ကောင်းမွန်တဲ့ခံစားမှုတခု ရမှာပဲ ဆိုတဲ့အတွေးနဲ့လုပ်ဖြစ်တာပါ”လို့ ပြောပြပါတယ်။

သခင်ကိုယ်တော်မှိုင်း၊ သခင်ဗဟိန်း၊ မြို့မငြိမ်း၊ ဒဂုန်တာရာ၊ ပန်းချီအောင်စိုး၊ ခင်မောင်ရင်၊ မြသန်းတင့်၊ ဖော်ဝေး၊ မောင် ချောနွယ်၊ ခင်မောင်တိုး၊ ထူးအိမ်သင်၊ အစရှိတဲ့ စာပေ၊ နိုင်ငံရေး၊ ဂီတနယ်ပယ်က အထင်ကရပုဂ္ဂိုလ်များကို ရေးဆွဲထား တဲ့ အခရိုင်းလစ်ပန်းချီကား ၂၇ ကားကို ဇွန်လ၂၃ရက်မှ စတင်ကာ မနက်၁၀နာရီမှ ညနေ ၅ နာရီထိ ၃ ရက်ကြာ ပြသ သွားမှာဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts