ဇင်လင်း ရသဆောင်းပါးစုံ

ဇင်လင်း ● လွမ်းဆွတ်တသဖွယ်ရာ တခုသော ရွှေရတုသဘင်အခါ …

ဇင်လင်း ● လွမ်းဆွတ်တသဖွယ်ရာ တခုသော ရွှေရတုသဘင်အခါ …
(မိုးမခ) ဇွန် ၁၉၊ ၂ဝ၁၈

၁၉၉၅ ခုနှစ်သည် လွမ်းစရာကောင်းသောနှစ်ဖြစ်သည်။ လွမ်းစရာကောင်းသောနှစ်ဟုဆိုရသော်လည်း ၁၉၉၅ တွင် မိမိ သည် နာမည်ကျော် အင်းစိန်ဗဟိုစံပြ အကျဉ်းထောင်၌ နိုင်ငံရေးပုဒ်မ ၅ (ည) ဖြင့် ထောင်ဒဏ် ၇ နှစ်ကျခံနေရချိန် ဖြစ် သည်။ မိမိသည် ထိုစဉ်က အင်းစိန်ထောင်တွင် နာမည်ဆိုးဖြင့်ထင်ရှားသော နိုင်ငံရေးတိုက်ဝန်းအတွင်းရှိ ၃ တိုက် အခန်း ၁ဝ ၌ အကျဉ်းကျခံနေရသည်။ ထိုစဉ်က မိမိနှင့် ဘဝတူ အခန်းဖော် ၂ ဦးမှာ ဒေါက်တာဇော်မြင့်မောင် (ယခု မန္တလေးတိုင်း ဝန်ကြီးချုပ်) နှင့် ဒေါက်တာမြင့်နိုင် (ယခု စစ်ကိုင်းတိုင်းဝန်ကြီးချုပ်) တို့ဖြစ်သည်။ ထို့ပြင် ဝါရင့်သတင်းစာဆရာကြီး ဟံသာ ဝတီဦးဝင်းတင်က တိုက်ခန်းအမှတ် ၂ တွင် အကျဉ်းကျခံနေရသည်။ မိမိမှတ်မိသမျှ ထိုစဉ်က ၃ တိုက်တွင် အကျဉ်းကျခံနေ ခဲ့ကြရသူများမှာ ကိုမျိုးမင်း (ကွယ်လွန်)၊ ကိုမျိုးမင်းဇင်ရှိန် ခေါ် ကိုမင်းဇင်၊ ကိုဗမျိုးသိန်း (ယခု NLD လွှတ်တော်ကိုယ်စားလှယ်)၊ ဘိုးတော် ခေါ် ဦးခင်ဝင်း၊ မောင်မောင်အေး၊ ကိုအောင်ဆွေဦး (ကွယ်လွန်)၊ ကိုကိုကြီး (ချင်း)၊ ညီနိုင်အောင်၊ ကိုဝင်းမော်၊ ကိုလှမင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြည့်မြင်တိုင်)၊ ကိုကျော်မင်းယု (ဂျင်မီ)၊ ကိုမြတ်ထွန်း ခေါ် ကျော်သက်မင်း (ယခု ဒီဗွီဘီ)၊ ကိုသီဟထွဋ်ခင်၊ ဦးတင်ထွဋ် (၁၉၉ဝ အမတ်၊ ယခု သြစတြေးလျား) ကိုစိုးမြင့် (CP)၊ ဘိုဘိုဦး (ယခု  အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်)၊ ကိုသက်မင်းအောင် (ယခု USA)၊ ကိုမိုးဇော်ဦး (ယခု အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဗဟို)၊ ကိုကျော်ထွေး (ယခု  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်)၊ စသူများ ဖြစ် သည်။

၁၉၉၅ ခုနှစ်ဆန်းစတွင် မိမိတို့ထောင်တွင်း ၃ တိုက်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကလာပ်စည်းကလေးအတွင်း အလုပ် တခု အကောင်အထည်ဖော်ရန် တိုင်ပင်ဖြစ်သည်။ ၁၉၉၅ ခုနှစ် ဇွန် ၁၉ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်၏ နှစ်ငါးဆယ်ပြည့် ရွှေရတုမွေးနေ့ကျရောက်မည်။ ထိုရွှေရတုမွေးနေ့အထိမ်းအမှတ်အဖြစ် လက် ရေးစာစောင်တစ်ခု ဝိုင်းဝန်းရေးသားပြုစုကြရန် ဆရာဦးဝင်းတင်ဦးဆောင်၍ ဆုံးဖြတ်ကြသည်။ ထိုစဉ်က ၃ တိုက်  အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ကလာပ်စည်းတွင် ဦးဝင်းတင်၊ ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာမြင့်နိုင်၊ ဘိုးတော်ခင်ဝင်း၊ ကို မိုးဇော်ဦး၊ ကိုမြတ်ထွန်းနှင့် စာရေးသူတို့ပါဝင်သည်။ ထိုစဉ်က အခြားအဖွဲ့အစည်းငယ်များအဖြစ် လူ့ဘောင်သစ်၊ ဒီမိုကရေ စီနှင့်ငြိမ်းချမ်းရေး၊ စီပီဘီနှင့် ကျောင်းသားအင်အားစု စသည်တို့ဖြစ်သည်။

ရွှေရတု မွေးနေ့ အထိမ်းအမှတ်စာစောင် ဖြစ်မြောက်ရေးအတွက် အခြားအစုအဖွဲ့ ၄ ခုနှင့်လည်း တိုင်ပင်ညှိနှိုင်းခဲ့ကြသည်။ ထို့ပြင် အခြားနိုင်ငံရေးအကျဉ်းသားများရှိရာ ၁ တိုက်၊ ၂ တိုက်၊ ၄ တိုက်၊ ၅ တိုက်နှင့် ၆ တိုက်များသို့လည်း လျှို့ဝှက်ချိတ် ဆက်ကာ ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုစသည်ဖြင့် ဝိုင်းဝန်းရေးသားကြရန် နှိုးဆော်ဖိတ်ခေါ်မှုများ ပြုလုပ်ခဲ့ကြသည်။ နိုင်ငံရေး အကျဉ်းတိုက်များ အချင်းချင်းအကြား ဆက်သွယ်နိုင်ရန် အကူအညီပေးကြသူများမှာ ဒီမိုကရေစီရေးကို တိုးတိုးတိတ်တိတ် ထောက်ခံနေကြသည့် အကျဉ်းထောင်ဝန်ထမ်းများနှင့် အမြဲဆင်းခေါ် သာမန်အကျဉ်းသားများဖြစ်သည်။ အချို့သော ကံမ ကောင်းရှာသော ဝန်ထမ်းအချို့မှာ နိုင်ငံရေးအကျဉ်းသားများအား ကူညီမှုဖြင့် ချက်ချင်းထောင်ဒဏ်အပြစ်ပေးခံရကာ ရဲဘက်စခန်းများသို့ ရောက်သွားခဲ့ကြရသည်။ ထိုသို့ စာနာထောက်ခံသူ ထောင်ဝန်ထမ်းများ၏ကူညီမှုကြောင့် တိုက်အသီး သီးရှိ နိုင်ငံရေးအကျဉ်းသားများထံမှ ‘ရွှေရတုမွေးနေ့အထိမ်းအမှတ် လက်ရေးစာစောင်’ တွင် ဝမ်းမြောက်ဝမ်းသာ ပါဝင်ရေး သားကြမည်ဖြစ်ကြောင်း အကြောင်းပြန်ကြားချက်များ ရရှိခဲ့သည်။

သို့သော်လည်း ၄ တိုက် (အရှည်) တွင်မူ အခက်အခဲ အနည်းငယ်ကြုံတွေရသည်။ ထိုစဉ်က ၄ တိုက်၌ လက်ဝဲနိုင်ငံရေး အင် အားစုက အားကောင်းပြီး စည်းလုံးညီညွတ်မှု ရှိကြသည်။ NLD အပါအဝင် အခြားအင်အားစုများက လူနည်းစုဖြစ်သည်။ သို့ရာတွင် ထိုစဉ်က အခက်အခဲမှာ အင်အားနည်းခြင်း များခြင်းနှင့် မဆိုင်ပဲ၊  သဘောတူသည့် ကိစ္စရပ်များတွင် တွဲလုပ်ကြရေး နှင့် သဘောမတူသည့် ကိစ္စရပ်များတွင် ခွဲလုပ်ကြရေးဖြစ်သည်။ နိုင်ငံရေးအရ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရာ၌ အားလုံး သဘောတူကြသည်။ ထို့ကြောင့် အာဏာရှင်စနစ်ဆန့်ကျင်ရေးသဘောဆောင်သည့် နှစ်ပတ်လည်နေ့ရက်များတွင် ဒီမိုကရေစီရရှိရေးကို ဆက်လက်ပူးပေါင်း ကြိုးပမ်းကြရန်နှင့် စစ်အာဏာရှင်စနစ် အမြစ်မတွယ်နိုင်အောင် စူးစိုက်တိုက် ဖျက်ကြရန် ပြောဆိုဆွေးနွေးသည့်အခမ်အနားများ ပြုလုပ်ခဲ့ကြသည်။ ထိုသို့ဆောင်ရွက်ကြရာတွင် ထိုစဉ်က ၄ တိုက်ရှည် တွင်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပြုလုပ်သော အခမ်းအနားများသို့ လက်ဝဲအင်အားစုများက တက်တက်ကြွကြွ အား ပေးတက်ရောက်ခဲ့ကြ သော်လည်း လက်ဝဲအင်အားစုကပြုလုပ်သည့် အခမ်းအနားများသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များက ရှောင်ရှားကြသည်ဟု ဆိုသည်။ ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကစီစဉ်နေသော “ရွှေရတုမွေးနေ့ အထိမ်းအမှတ် လက်ရေးစာစောင်” တွင် လက်ဝဲနိုင်ငံရေးအင်အားစုအနေဖြင့် ပါဝင်ရေးသင့်/မရေးသင့် ကိစ္စပေါ်လာသည်ဟု ယေဘုယျ ကြားသိရသည်။ သို့ဖြင့် ကွန်မြူနစ်မြေအောက်လှုပ်ရှားမှုဖြင့် အကျဉ်းကျနေသော နိုင်ငံရေးသမားများ အပါအဝင် လက်ဝဲအင်အားစုများက ၄-တိုက်ရှည်၌ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြသည်။ လိုရင်းကို ပြောရလျှင် ၎င်းတို့အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ပြုလုပ်မည့် “ရွှေရတုမွေးနေ့ အထိမ်းအမှတ် လက်ရေးစာစောင်” တွင် ပါဝင်ရေးသားခြင်း မပြုရန် ဆုံးဖြတ်ခဲ့ကြသည်။ အရင်းခံ ပြဿနာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်အချို့၏ နိုင်ငံရေးစည်းရုံးရေးအရ အမြင်မကျယ်မှုကြောင့်ဟု ဆိုနိုင်သည်။ စစ်အာဏာရှင်စနစ် အကျဉ်းထောင်အတွင်း၌ အကျဉ်းကျနေကြရသူအချင်းချင်း သွေးစည်းညီညွတ်မှု ထူထောင်နေထိုင်ကြရမည့် အယူအဆကို မေ့လျော့သတိလစ်ခဲ့ကြဟန်တူသည်။ ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေးစည်းရုံးရေး သဏ္ဍာန်ရည်ရွယ်သော “ရွှေရတုမွေးနေ့ အထိမ်းအမှတ် လက်ရေး စာစောင်” တွင် အဆိုပါ လက်ဝဲအင်အားစုက ပါဝင်ရေးသားခြင်း မပြုရန် ဆုံးဖြတ်ခဲ့ကြသည်။

ရွှေရတုအထိမ်းအမှတ်စာစောင် ထုတ်ဝေရန် ၃ တိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကလာပ်စည်းအတွင်း ဆွေးနွေး ကြစဉ်က ဆရာဦးဝင်းတင်၏ လမ်းညွှန်ဆွေးနွေးချက် တစ်ရပ်မှာ ထူးခြားသည်ဟု ဆိုရမည်။ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာရှင်ဂိုဏ်းက အောက်လမ်းနည်းမျိုးစုံသုံးပြီး၊ နိုင်ငံရေးအရ လုံးဝကျိုးကြေ နလံမထူနိုင်အောင် ထိုးနှက်တိုက်ခိုက်နေချိန်တွင် လက်ဝဲလက်ယာ အလယ်ဗဟို စသည်ဖြင့် နိုင်ငံရေး အရောင်အသွေးစုံစုံလင်လင်ပါဝင်သော ‘နိုင်ငံရေးတပ်ပေါင်းစုကြီး’ က ဒေါ်စုကို ဝန်းရံထောက်ခံနေကြောင်း ပြသဖို့လိုသည်ဟု ဆရာဦးဝင်းတင်က ကျယ်ကျယ်ဝန်း ဝန်းရှင်းပြသည်။ ထို့ကြောင့် ထိုစဉ်က “ရွှေရတုမွေးနေ့ အထိမ်းအမှတ် လက်ရေးစာစောင်”ထုတ်ဝေသည့် ကိစ္စသည် စိတ်အဆာပြေရန် အပျင်းပြေ အပျော်တမ်း လုပ်သည့် ကိစ္စမဟုတ်ဘဲ နိုင်ငံရေး လှုပ်ရှာမှုတစ်ရပ်ဖြစ်ကြောင်း ဆရာဦးဝင်းတင်က  ပြောပြခဲ့သည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ နောက်တွင် နိုင်ငံရေးအရောင်အသွေးစုံ နိုင်ငံရေးတပ်ပေါင်းစုကြီးတစ်ခု ရှိနေကြောင်း နည်းမျိုးစုံ ဖြင့် ပြသရမည်ဟု ဆရာက ဆိုသည်။ “ရွှေရတုမွေးနေ့ အထိမ်းအမှတ် လက်ရေးစာစောင်” ထုတ်ဝေရန် ကြိုးပမ်းခြင်း သည် ထို နိုင်ငံရေးအခင်းအကျင်းအတွက် ပြယုဂ်တစ်ခုဖြစ်သည်ဟု ဆရာက လေးလေးနက်နက် ဖွင့်ဆိုသည်။

သို့ဖြစ်၍ ယခု “ရွှေရတုမွေးနေ့ အထိမ်းအမှတ် လက်ရေးစာစောင်” လှုပ်ရှားမှုတွင် မပါဝင်ရန်ဆုံးဖြတ်ထားသော အင်အားစုများ ပါဝင်လာစေရန် ကြိုးစားပြီး ဆွေးနွေးကြည့်ပါဟု ဆရာက မိမိအား ပြောကြားခဲ့သည်။ မိမိကလည်း ကြိုးစားကြည့်ပါမည်ဟု ဆရာ့အား ကတိပြုကာ၊ ဦးစွာပထမ မိမိတို့ ၃ တိုက်ရှိ ကိုစိုးမြင့်နှင့် တိုင်ပင်ကြည့်သည်။ ထို့နောက် ၄-တိုက်ရှည်မှ နိုင်ငံရေးအရ ရှေ့ဆောင်ရှေ့ရွက်ပြုနိုင်သူ ဦးအောင်ခင်ထံသို့ အကူအညီပေးရန် မေတ္တာ ရပ်ခံစာ  တစ်စောင်ရေးသား ပေးပို့ခဲ့သည်။ အဓိက မိမိစာ၌ ရေးသားဖေါ်ပြချက်မှာ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ အကြား၌ လူမှုရေး နိုင်ငံရေးအရ မတူညီသော အချက်များ မလွဲမသွေ ရှိမည်သာဖြစ်ကြောင်း၊ ယခုကိစ္စမှာ ပုဂ္ဂိုလ်ရေးဆောင်ရွက်မှု မဟုတ်ဘဲ၊ နိုင်ငံရေးအရ သွေးစည်းညီညွတ်မှုကို ပြသရမည့် လှုပ်ရှားမှုတစ်ခုဖြစ်ကြောင်း၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ လုပ်ရပ် အယူအဆစသည်တို့ကို ဆန့်ကျင်လိုသော သဘောဖြင့် ယခုစာစောင်တွင် ပါဝင်ရေးသားခြင်း မပြုရန် မဆုံးဖြတ် သင့်ကြောင်း၊ သစ်ပင်တစ်ပင်၏ အသွင်သဏ္ဍာန်ကို ကြည့်၍ သစ်တော တစ်တောလုံးအား အကဲမဖြတ်စေလိုကြောင်း၊ ထို့ကြောင့် ယခု ရွှေရတုမွေးနေ့ အထိမ်းအမှတ် လက်ရေးစာစောင် ထုတ်ဝေသည့် ကိစ္စအား သွေးစည်းညီညွတ်မှုကို ပြသရမည့် နိုင်ငံရေးလှုပ်ရှားမှုတစ်ခု အဖြစ် ရှုမြင်၍ အရောင်စုံအသွေးစုံ ကလောင်ရှင်အားလုံး ပါဝင် ရေးသားစေလို ကြောင်း စသည်ဖြင့် ဖေါ်ပြခဲ့သည်။

၎င်းစာကို ရရှိပြီးနောက် ၄-တိုက်ရှည် လက်ဝဲအင်အားစုအတွင်း အစည်းအဝေးတစ်ရပ် ပြန်လည်ပြုလုပ် ညှိနှိုင်းခဲ့ကြသည်။ ထို့နောက် အစည်းအဝေး ဆုံးဖြတ်ချက်အရ မိမိထံသို့ ဦးအောင်ခင်ထံမှ စာပြန်လာခဲ့ သည်။ စာ၏ သဘောအကျဉ်းချုပ် မှာ ညီညွတ်ရေးကို ရှေးရှု၍ ဒေါ်အောင်ဆန်းစုကြည်၏ ‘ရွှေရတုမွေးနေ့ အထိမ်းအမှတ် လက်ရေးစာစောင်’ တွင် ဂုဏ်ပြု ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုစသည်ဖြင့် ပါဝင်ရေးသားကြရန် ဆုံးဖြတ်ခဲ့ကြောင်း၊ သို့သော် စာမူများကို ရွေးချယ်ပါက မူရင်း အတိုင်း တည်းဖြတ်မှု မပြုဘဲ သုံးစွဲစေလိုကြောင်း၊ အကယ်၍ ပယ်လိုပါက တစ်ပုဒ်လုံး ပယ်နိုင်ကြောင်း ပြန်ကြားခဲ့သည်။

၎င်းစာကို ဆရာဦးဝင်းတင်အား ပြသခဲ့သည်။ ဆရာက စာပါအကြောင်းအရာကို သဘောတူကြောင်း၊ အထူးသဖြင့် စာပေ လွတ်လပ်ခွင့် သဘောအရ လွတ်လွတ်လပ်လပ် မိမိတို့ အမြင်အယူအဆများကို ဖေါ်ပြခွင့်ရှိရမည်ဖြစ်သဖြင့်  ၎င်းတို့၏ စာမူများကို တည်းဖြတ်ခြင်းမပြုဘဲ ဖေါ်ပြပေးမည်ဟု အကြောင်းပြန်စေခဲ့သည်။ ဤသိုဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသည့်  ‘ရွှေရတုမွေးနေ့ အထိမ်းအမှတ် လက်ရေးစာစောင်’ တွင် ဂုဏ်ပြု ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုစသည်ဖြင့် စာမူ ပေါင်း ၂ဝဝ နီးပါး ရရှိခဲ့သည်။ စာအုပ်တစ်အုပ်တည်းဆိုလျှင် ထူလွန်းနေမည်ဖြစ်သဖြင့် ၂ အုပ်ခွဲ၍ ထုတ်ခဲ့ရသည်အထိ အောင်မြင်ခဲ့သည်။ ထိုရွှေရတုစာစောင်တွင် ဆရာက ခေါင်းကြီး (Editorial) ရေးသည်။ ထို့ပြင် ထိုစဉ်က တိုက်အသီးမှ မေးမြန်းလာသော နိုင်ငံရေးပြဿနာ မေးခွန်းများကို ဖြေဆိုသည့် နိုင်ငံရေးဆောင်းပါရှည်တစ်စောင်လည်း ဆရာဦးဝင်းတင် ရေးခဲ့သည်။ ထိုမျှမက ဒေါ်စုအား ဂုဏ်ပြုသည့် အလင်းငှက်သို့ တမ်းချင် ဆိုသည့် ကဗျာရှည်ကြီးတစ်ပုဒ်လည်း ရေးသေးသည်။ မိမိက ‘ဒီ နဲ့ ညီ ဆွေးနွေးခန်း’ ဆိုသည့် နိုင်ငံရေးအမြင် ဆွေးနွေးခန်း ဆောင်းပါးတစ်ပုဒ် ရေးခဲ့သည်။

အထူးသဖြင့် ထိုကိစ္စမတိုင်မီ အကျဉ်းထောင်အတွင်း အာဏာပိုင်များ၏ မတရားပြုမှုများကို ဆန့်ကျင်တိုက်ပွဲဆင်ရာတွင် ဆရာဦးဝင်းတင် ဦးဆောင်ကာ ညီညီညွတ်ညွတ် တိုက်ပွဲဆင်ခဲ့ကြသည့် အတွေ့အကြုံရှိခဲ့သည်။ ထို့ပြင် ထောင်တွင်း နိုင်ငံရေးအကျဉ်းသား အခွင့်အရေးအတွက် တိုက်ပွဲဆင်ရင်း သတင်းစဉ် (News Bulletin) တခုကို တိုက်ဝင်းအတွင်း ထုတ်ဝေခဲ့သေးသည်။ ၁၉၉၄ ခုနှစ်တွင် ထိုသတင်းစဉ်၌ ဆရာဦးဝင်းတင်က Suu-Slorc Dialogue “တွေ့ဆုံဆွေးနွေး အဖြေရှာရေး လမ်းစဉ်” ကို ရေးသားခဲ့သည်။ ‘ဒေါ်အောင်ဆန်း စုကြည်အား ပြန်လွှတ်ရန်’ ‘အမျိုးသားညီလာခံ ဖျက်သိမ်း ပေးရန်’ ‘စစ်မှန်သော တွေ့ဆုံ ဆွေးနွေးမှုများ စတင်ရန်’ သဘောထားစာတမ်းကို ရေးသားဖြန့်ဝေခဲ့သည်။ ထို့နောက် သုံးပွင့်ဆိုင် ဆွေးနွေးပွဲ စတင်ရန်၊ ဒေါ်အောင်ဆန်းစုကြည်၊ နဝတ၊ လူမျိုးစု ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး မှသာလျှင် မြန်မာနိုင်ငံ လက်ငင်းကြုံ တွေ့နေရသော ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ထောင်တွင်း နိုင်ငံရေးရဲဘော် အရောင်အသွေးစုံတို့ဖြင့် ဆွေးနွေးကာ ဆရာဦးဝင်းတင်က နိုင်ငံရေးမူဝါဒတရပ် ချမှတ်ထုတ်ပြန်ကြေညာခဲ့သည်။

၁၉၉၅ ခုနှစ် သြဂုတ်လတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် စစ်မှန်သော တွေ့ဆုံ ဆွေးနွေးပွဲများ ဖြစ်ပေါ်မလာသဖြင့် “Appeal to the world” ကမ္ဘာကြီးသို့ ပန်ကြားချက်တစောင်ကို ဆရာက ထပ်မံရေးသား၍ အကျဉ်းကျ နိုင်ငံရေး ရဲဘော်များ၏ အကူအညီဖြင့် ထောင်ပြင်ပသို့ ရောက်ရှိ ပြန့်နှံ့အောင် လုပ်ဆောင်ခဲ့နိုင်သည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် ဇူလိုင်လအတွင်း၌ ‘ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှု အစီရင် ခံစာ’ (၈၃) မျက်နှာပါစာတမ်းကို မြန်မာနိုင်ငံလူ့အခွင့်အရေးစောင့်ကြည့်သူ ‘မစ္စတာ ယိုဇိုယိုကိုတာ’ မှ တဆင့် ကုလသမဂ္ဂ ရွှေရတုညီလာခံသို့ ရောက်ရှိအောင် စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ ထို့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၏အနေဖြင့် အမျိုးသားညီလာခံမှ နုတ်ထွက်သင့်ကြောင်း ဆရာဦးဝင်းတင်ဦးဆောင်ရေးသားသည့် အကြံပြုချက်ကိုလည်း ထောင်တွင်း နိုင်ငံရေးအကျဉ်းသားများ စုပေါင်း လက်မှတ်ရေးထိုး၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့နိုင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသည့်  ‘ရွှေရတုမွေးနေ့ အထိမ်းအမှတ် လက်ရေးစာစောင်’ ၂ အုပ်အနက်မှ တစ်အုပ်ကိုလည်း ထောင်အပြင်သို့ ထုတ်ပေးနိုင်ခဲ့သည်။

၁၉၉၅ ခုနှစ် နိုဝင်ဘာလတွင် ထို (၈၃) မျက်နှာပါစာတမ်း ‘ထောင်တွင်း လူ့ အခွင့်အရေးချိုးဖောက်မှု အစီရင် ခံစာ’ ကုလသမဂ္ဂသို့ ရောက်ရှိသွားခြင်းနှင့် စပ်လျဉ်း၍ အာဏာပိုင်များ အကြီးအကျယ် ဒေါသပေါက်ကွဲကာ (၄) တိုက်မှ နိုင်ငံရေး အကျဉ်းသားတဦး ဖြစ်သူ တပ်ကြပ်ကြီးဟောင်း တင်ဝင်းအား စစ်ထောက်လှမ်းရေးမှ သွေးဆောင် စည်းရုံး၍ တိုက်ဝင်းအတွင်းရှိ လှုပ်ရှားမှုများကို စစ်ဆေးမေးမြန်းခဲ့သည်။ တင်ဝင်းက သူ့ကို အာဏာပိုင်တို့က ပြန်လွှတ်ပေးမည် ဟူသော မက်လုံးကြောင့် ဖေါ်ကောင်လုပ်ခဲ့ သည်။ နိုင်ငံရေး အကျဉ်းသားများထားရာ တိုက်ဝင်းအတွင်းရှိ လျှို့ဝှက်ချက် များ ပေါက်ကြားကာ ရေဒီယိုအပါအဝင် စာရွက် စာတမ်းများ သိမ်းဆည်းခံခဲ့ရသည်။ ‘အမျိုးသားနေ့ စိန်ရတုသဘင် အထိမ်းအမှတ် လက်ရေးစာစောင်’ နှင့် ဖုန်းမော်အထိမ်းအမှတ် ‘သွေးသစ်လှိုင်း’ စာစောင်၊ အပတ်စဉ် လက်ရေး သတင်း စာစောင်များလည်း သိမ်းဆည်းခံရ သည်။ နိုင်ငံရေးအကျဉ်းသား ၆၃ ယောက်ကိုလည်း ထောင်ထဲမှာပင် စစ်ထောက်လှမ်း ရေးက ထပ်မံ တိုက်ပိတ်ခဲ့သည်။ ဆရာဦးဝင်းတင်၊ ဒေါက်တာ ဇော်မြင့်မောင် (ယခု မန္တလေးတိုင်း ဝန်ကြီးချုပ်) နှင့် ဒေါက်တာ မြင့်နိုင် (ယခု စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်) တို့အပါအဝင် နိုင်ငံရေးအကျဉ်းသား (၈) ယောက်ကို နာမည်ကျော် စစ်ခွေးတိုက်၌ တိုက်ပိတ်လိုက်သည်။ အဆိုပါ နိုင်ငံရေး အကျဉ်းသား ၆၃ ယောက်အနက်၂၄ ဦးမှာ ထောင်တွင်း အကျဉ်း တရားရုံးဖြင့် စစ်ဆေးကာ ထောင်ထပ်ချခြင်းခံကြရသည်။ ကျန်အကျဉ်းသားများကိုမူ ထိုစဉ်က နိုင်ငံတကာဖိအားများ ကြောင့် တရားစွဲဆိုခြင်း မပြုတော့သော်လည်း ထောင်တွင်းလျှော့ရက်များအားလုံး ပယ်ဖျက်၍ နှစ်ပြည့် ထောင်ဒဏ်ကျခံ  စေခဲ့သည်။ မည်သို့ဆိုစေ ထိုထိုသော နိုင်ငံရေးအကျဉ်းသားပေါင်း မြောက်များစွာ၏ စွန့်လွှတ်အနစ်နာခံခဲ့မှုများ သည် အချည်းနှီး မဖြစ်ခဲ့ကြောင်း သမိုင်းက သက်သေခံလျှက်ရှိပါသည်။ တစ်ခုသော ရွှေရတုသဘင် အခါသမယအတွင်း အကျဉ်းထောင်အတွင်း၌ပင်ဖြစ်သော်လည်း ဒီမိုကရေစီရေးအတွက် ဇွဲလုံ့လ မလျှော့ကြဘဲ ရုန်းကန်အားထုတ်ခဲ့ကြသော နိုင်ငံရေးအကျဉ်းသား များ၏ သွေးစည်းညီညွတ်မှုကို ဤဆောင်းပါး ဖြင့် လွမ်းဆွတ်သတိရစွာ ဂုဏ်ပြုလိုက်ပါသည်။ ။

*[ဒီလှိုင်းဂျာနယ်၊ အတွဲ (၇)၊ အမှတ် (၂၁)၊ တနင်္လာနေ့၊ ၁၈ – ၆ -၂ဝ၁၈ ၌ ဖေါ်ပြခဲ့သည့် ဆောင်းပါး]


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts