ဇင်လင်း သူတို့အာဘော်

ဇင်လင်း ● တစိတ်ဝမ်း တလက်ညီ ပြည်ရေးကို ပြိုင်တူ ချီကြဖို့လိုသည်

ဇင်လင်း ● တစိတ်ဝမ်း တလက်ညီ ပြည်ရေးကို ပြိုင်တူ ချီကြဖို့လိုသည်
(မိုးမခ) ဇွန် ၁၀၊ ၂၀၁၈

လက်ငင်း မြန်မာနိုင်ငံ၏ အရေးပေါ်ကိစ္စသည် လက်နက်ကိုင် ဘက်အသီးသီးက အမြန်ဆုံး အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ် ကြရန်ဖြစ်သည်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) ပြဿနာသည် အဖြေထွက်တော့ မလိုလိုနှင့် တစ်ဆို့ တန့်ရပ်နေခဲ့သည်မှာ ကြာလှပြီဖြစ်သည်။ ငြိမ်းချမ်းရေးဟု ပြောပါက သေနတ်သံများ တိတ်သွားအောင် အရင်ဆုံးလုပ်ကြ ရမည်လည်း ဖြစ်သည်။ သို့ဖြင့် ဘက်အသီးသီးက ငြိမ်းချမ်းရေးလိုလားပါသည်ဟု နှုတ်အားဖြင့် စကားအလှများ ပြောဆို နေကြသော်လည်း လက်တွေ့တွင် သေနတ်ပစ်ဖေါက်ခြင်းများကို ဆက်လက်ပြုလုပ်နေကြသည်။ ဤသို့ဖြင့် အပစ်ရပ်ရေး နှင့် ငြိမ်းချမ်းရေးသည် အဖြေထုတ်မရသည့် ပုစ္ဆာတစ်ပုဒ်ကဲ့သို့ ဖြစ်လာသည်။ ၎င်းအပြင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲ ရေးစာချုပ်(NCA) အရ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာကြရန် သဘောတူခဲ့ကြသော် လည်း သေနတ်ပစ်ဖေါက်မှုများကလည်း မရပ်စဲဘဲ ရှိနေသည်။ ထို သေနတ်သံများကြောင့် လက်ရှိအစိုးရ ကြိမ်းပမ်းရရှိ ထားသော ငြိမ်းချမ်းရေးရလဒ်ကောင်းများ အလဟဿ ဖြစ်သွားမည်ကို စိုးရိမ်နေရသည်။ ငြိမ်းချမ်းရေးစကားဝိုင်းများ အေးခဲသွားမည်ကို စိုးရိမ်နေကြသည်။

NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအနေဖြင့် လက်ရှိ ရင်ဆိုင်နေရသော ငြိမ်းချမ်းရေး စကားဝိုင်းများ တန့်ရပ်နေမှုကို ပြန်ဆန်းစစ်ကြရန်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အောင်မြင်ရေးအတွက်  ဘုံသဘော ထား နှင့် ရည်မှန်းချက်များရှာဖွေကြရန် ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက နှိုးဆော်လိုက် ကြောင်း Network Media Group သတင်းအရ သိရသည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့  Khum Phu Kham Hotel တွင် ကျင်းပခဲ့သော တိုင်းရင်းသား လက် နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ (EAOs) ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ အကြိမ် ၂၀ မြောက် အစည်းအဝေး အဖွင့်မိန့်ခွန်း၌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး က ထိုသို့နှိုးဆော်ပြောဆိုခဲ့သည်။

“ဒီနေ့ရင်ဆိုင်ရတဲ့ တစ်ဆို့မှုတွေဟာ ကြိုတင်စည်းကမ်းသတ်မှတ်ချက်တွေကြောင့်လား လုပ်ငန်းအရ အခက်အခဲ ရှိနေလို့ လား အချက်အလက်အရ ညှိနှိုင်းရမှာ ကွာဟချက် ကြီးမားနေလို့ပဲလားဆိုတာ ဆန်းစစ်ရမှာဖြစ်ပါတယ်။”ဟု  KNU ဥက္ကဌ က ဆိုသည်။

ဆက်လက်၍ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး က “ကျနော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အောင်မြင်မှု ရသင့်သလောက် မရ သေးတာဟာ အစိုးရ၊ တပ်မတော်နဲ့ EAO တွေကြားမှာ ကျနော်တို့ယေဘုယကြည့်ရင် ကျနော်တို့ ဆက်လက်သွားတဲ့ နေရာ မှာ သဘောထားတွေ တူသယောင်ယောင်နဲ့ ကွဲပြားမှုရှိတဲ့ ရည်မှန်းချက် ပန်းတိုင်ကိုယ်စီရှိကြလို့ဖြစ်ပြီး ဒါတွေကို ဘုံသ ဘောထားနဲ့ ရည်မှန်းချက်တွေ ရှာဖွေကြရမှာဖြစ်ပါတယ်။” ဟု အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

နှစ်ရက်ကြာ ကျင်းပသည့် အစည်းအဝေးတွင် မကြာသေးခင်ရက်ပိုင်းက အစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည့် နိုင်ငံရေး ကဏ္ဍဆိုင်ရာ အလွတ်သဘော ဆွေးနွေးရေး အစည်းအဝေးနှင့် လုံခြုံရေးကဏ္ဍဆိုင်ရာ အလွတ်သဘော ဆွေးနွေးရေး အစည်းအဝေးမှ ရရှိလာသည့် တင်ပြချက်များကို ပြန်လည်ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်သွားမည်ဟု KNU ဥက္ကဌ ဆိုသည်။ မေလ ၂၇ ရက်နေ့က စတင်ကျင်းပသည့် အစည်းအဝေးတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးချမှတ်နိုင်ရေးကိစ္စ အပါအဝင် UPDJC အတွင်းရေးမှူးများနှင့် UPDJC အစည်းအဝေးကိစ္စများအပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

“အောင်မြင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်း အခြေပြု နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ Negotiation တွေမှာ တဖက်နဲ့တဖက် ကြိုတင်စည်းကမ်းသတ်မှတ်မှုတွေ မပါဘဲ အမျိုးသားရင်ကြားစေ့ရေးနဲ့ငြိမ်းချမ်းရေးကို ရှေးရှုပြီးဆွေးနွေးရမှာ ဖြစ်ပါတယ်။” ဟု KNU ဥက္ကဌ က ဆိုသည်။

ထို့ပြင် NCA အကောင်အထည်ဖော်ရာတွင် မည်သို့ပင် အခက်အခဲတွေ့ပါစေ၊ အပြန်အလှန်လေးစား အသိအမှတ် ပြုခြင်း၊ ညှိနှိုင်းတိုင်ပင်ခြင်း အကြေအလည်ညှိနှိုင်းခြင်း၊ အင်အားမသုံးခြင်း အစရှိသည်တို့ ပါဝင်သော နိုင်ငံရေး ယဉ်ကျေးမှုသစ်ကို အခြေခံ၍ မိမိတို့နိုင်ငံ ငြိမ်းချမ်းရေး ရရှိရေးကို အတူတကွ ကြိုးစားကြရန်လည်း တိုက်တွန်းပြောဆို ခဲ့သည်။

တစ်ချိန်တည်းမှာပင် လာမည့် ဇွန်လ ၃၀ ရက်တွင် တတိယအကြိမ်၂၁ ရာစုပင်လုံညီလာခံကို ကျင်းပရန် လျာထားကြောင်း RFA သတင်းအရ သိရသည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ပြည်နယ်ဖွဲ့စည်းပုံ ရေးဆွဲရေးနှင့် ပြည်ထောင်စု မှ ခွဲမထွက်ရေးနှင့် သက်ဆိုင်သောကိစ္စများကို ဆွေးနွေးမည် မဟုတ်ဘဲ ချန်လှပ်ထားမည် ဖြစ်သည်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များက ပြောကြောင်း RFA သတင်းအရ သိရသည်။

ယခု တစ်ကြိမ်ကျင်းပမည့် ညီလာခံတွင် အငြင်းပွားဖွယ်ဖြစ်နိုင်သော ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် ပြည်ထောင်စုမှ ခွဲမထွက်ရေး ကိစ္စရပ်များ ဆွေးနွေးမည် မဟုတ်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ဆို သည်။ လာမည့် ဇွန်လ ၃၀ ရက်နေ့မှ စတင်၍ တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို ၅ ရက်ခန့် ကျင်းပရန် လျာထား ချက်ရှိကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ဆိုသည်။

ညီလာခံ ကျင်းပနိုင်ရေး အတည်ပြုနိုင်ရန်နှင့် ပြင်ဆင်မူပြုလုပ်နိုင်ရန် လာမည့် ဇွန်လ ၁၁ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင် မြို့တွင် NCA လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့မှ ခေါင်းဆောင်များ ဆွေးနွေးကြမည်ဟု သိရ သည်။ တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကျင်းပရေးအတွက် အတားအဆီးဖြစ်နေသော အချက်များကို ကျော်လွှား နိုင်ရန်၊ အစိုးရ၊တပ်မတော်နှင့် EAOs အဖွဲ့ ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များ  “နိုင်ငံရေးကဏ္ဍနှင့် လုံခြုံရေး ကဏ္ဍ” ဆိုင်ရာ ကိစ္စရပ်များကို (မေလ ၃၀ နဲ့ ၃၁ ရက်နေ့များက) ရန်ကုန်မြို့၌ အလွတ်သဘောဆွေးနွေးခဲ့ကြသည်။ တတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံတွင် ‘တိုင်းရင်းသားလူမျိုးစု အခွင့်အရေး’ ဆိုင်ရာကိစ္စများအပါအ၀င် ‘လုံခြုံရေးဆိုင်ရာနှင့် တပ်ပိုင်း ဆိုင်ရာကိစ္စများ’ ကိုလည်း ထည့်သွင်းဆွေးနွေးသွားမည်ဟု နှစ်ဖက်ခေါင်းဆောင်များ သဘောတူညီခဲ့ကြောင်း သိရသည်။

အထူးသဖြင့် “ပြည်ထောင်စုကနေ လုံးဝခွဲမထွက်ပါ” ဆိုသည့် သဘောတူညီချက်ကို တိုင်းရင်းသားအဖွဲ့များဘက်က လက်ခံရန် တပ်မတော်က လိုလားနေသည်ဟု ဆိုသည်။ ထိုသို့ သဘောတူမှသာ ပြည်နယ် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် သက်ဆိုင်သော “ဖက်ဒရယ် အခြေခံမူများ” ကို ဆွေးနွေးမည်ဟု တောင်းဆိုထားကြောင်း သိရသည်။ တိုင်းရင်းသား အဖွဲ့များ ဘက်ကလည်း ပြည်ထောင်စုမှ ခွဲထွက်လိုသော သဘောထားမရှိသော်လည်း၊ ခွဲမထွက်ရေးစာချုပ် ချုပ်ဆိုလိုက် ပါက၊ နောက်ပိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပေါ် ကန့်သတ်ချုပ်ကိုင်မှုများ ရှိလာနိုင်မည်လားဟု စဉ်းစားကာ စိုးရိမ်မူများ ရှိနေကြကြောင်း ကြားသိရသည်။

တပ်မတော်က တောင်းဆိုထားသည့် “နိုင်ငံတော်၏ အစိတ်အပိုင်းဟူသမျှတို့သည် ပြည်ထောင်စုမှ ခွဲထွက်ခြင်း မရှိစေရ” ဆိုသည့် အချက်ကို “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁-ရာပင်လုံ တတိယ အကြိမ် အစည်းအဝေး” တွင် ဆွေးနွေးမည် မဟုတ်ဘဲ ချန်လှပ်ထားပြီး၊ အခြားအရေးကြီး အကြောင်းအရာများကို ဆွေးနွေးမည်ဖြစ်သည်ဟု NCA လက်မှတ်ထိုးထား သည့် ချင်းအမျိုးသားတပ်ဦး (CNF) ဒု ဥက္ကဌ ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောကြားသည်။ အစိုးရတပ်မတော် နှင့် NCA လက်မှတ်ထိုးထားသော EAOs အဖွဲ့များ အကြား မေလ ၃ဝ ရက်နေ့က ပြုလုပ်ခဲ့သည့် အလွတ် သဘော ဆွေးနွေးချက် များကို ၎င်းက ဇွန်လ ၁ ရက်နေ့တွင် CDES ရုံးခန်း၌ သတင်းမီဒီယာများအား  ရှင်းလင်း ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။ ခွဲထွက်ခွင့်နှင့်ပတ်သက်၍ တပ်မတော် နှင့် NCA စာချုပ် လက်မှတ်ထိုးထား သည့် EAOs များအကြား မည်သည့်အတွက်ကြောင့် သဘောထားကွဲလွဲနေသည်ကို ဒေါက်တာ ဆလိုင်းလျန်မှုန်း က ရှင်းလင်းပြောဆိုသည်။

၂၀၁၇ မေလက ကျင်းပခဲ့သည့် ၂၁-ပင်လုံ ဒုတိယအကြိမ်အစည်းအဝေးမတိုင်မီက “အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ များ” နေရာ ၆ နေရာတွင် ပြုလုပ်ခဲ့ပြီး၊ ရရှိလာသည့် အဆိုပြုလွှာများကို လုပ်ငန်းကော်မတီတွင် စုစည်းကာ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့မှ တဆင့် UPDJC သို့တင်ပြခဲ့သည်ဟု ဆိုသည်။ UPDJC သို့ တင်ပြလိုက်သောအခါ အားလုံးအဆင်ပြေသည်ဟု သူက ဆိုသည်။ တိုင်းရင်းသားများ တောင်းဆိုထားသော တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဖက်ဒရယ်အခြေခံ ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲပြဌာန်းခွင့် အပါအဝင် ဖက်ဒရယ်အခြေခံမူ ကိုလည်း ရရှိခဲ့သည်ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်းက ဆိုသည်။ တပ်မတော်ဘက်ကမူ ဖက်ဒရယ်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူရေးတို့ကိုပေးရန် အဆင်သင့်ဖြစ်ကြောင်း သို့သော် တပ်မတော်၏ စိုးရိမ်မှုကိုပြေပျောက်စေရန်အတွက် နိုင်ငံတော်၏ အစိတ်အပိုင်းဟူသမျှတို့သည် ပြည်ထောင်စုမှ ခွဲထွက် ခြင်းမပြုရန်ဆိုသည့် အချက်ကို တောင်းဆိုခဲ့သည်ဟု ဆိုသည်။

“တပ်မတော်ဘက်ကတင်ပြလိုက်တာ တပ်မတော်သည် ၁၉၆၂ ကနေပြီးတော့ သူတို့က တော်လှန်ရေးကောင်စီ တက်လာ ပြီးတော့ အဲဒီခေတ် ကတည်းက နေပြီးတော့ ဖက်ဒရယ်ဆိုတာခွဲထွက်ရေးဆိုပြီးတော့ သူတို့အရိုးစွဲပြီးတော့ ပါလာတာဖြစ် တယ်။ ဖက်ဒရယ်ဆိုရင် သူတို့အနေနဲ့ အင်မတန်မှကြောက်တယ်။ခွဲထွက်ရေးလို့မြင်ခဲ့တယ်။ ဒါပေမယ့် အခုကတော့ ဖက်ဒရယ်ကိုလည်း ပေးဖို့အဆင်သင့်ဖြစ်တယ်။ ပြီးတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုလည်းပေးဖို့အဆင်သင့်ဖြစ်တယ်။ ပြီးတော့ တန်းတူရေးကိုလည်း ပေးဖို့အဆင့်သင့်ဖြစ်တယ်။ ဒါပေမယ့် တပ်မတော်ရဲ့ စိုးရိမ်မှုကို ပြေပျောက်စေဖို့ အတွက် ဆိုပြီးတော့ သူတို့ဘက်က ဘာတောင်းဆိုခဲ့သလဲဆိုတော့ နိုင်ငံတော်၏ အစိတ်အပိုင်းဟူသမျှတို့သည် ပြည်ထောင်စုထဲ ကနေ ခွဲထွက်ခြင်းမရှိစေရဆိုတဲ့၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၁၀ ကိုသူတို့ပြန်ပြီးတော့ တောင်းဆိုတယ်။” ဟု ဆလိုင်းလျန်မှုန်းက ဆိုသည်။

၂၀၁၇ မေလ ၁၂ရက်နေ့က ပြုလုပ်ခဲ့သော UPDJC အစည်းအဝေးတွင် ပြည်ထောင်စုမှ ခွဲမထွက်ရဆိုသည့် တပ်မတော်၏ တောင်းဆိုချက်ကို အချင်းချင်း အပေးအယူလုပ်သည့်သဘောဟု သတ်မှတ်ကာ သဘောတူခဲ့သည်ဟု သိရသည်။ ထိုသို့ သဘောတူပြီးသည့် အချက်ကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၌ တင်ပြရာတွင် တိုင်းရင်းသားထဲမှ (အထူးသဖြင့်) ထိုစဉ်က RCSS အနေဖြင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရရှိသေးသောကြောင့်  သဘောတူညီချက် မပေးနိုင်သေးဟု ဆိုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယခုကဲ့သို့အရေးကြီးအချက်ကို မိမိတို့လူမျိုး မိမိတို့ပြည်သူများနှင့် တိုင်ပင်ပြီးမှသာ သဘောတူညီချက်ရယူခြင်းက ပို၍ကောင်းမည်ဟု ဆိုခဲ့သည်။ ထို့ကြောင့် ၎င်းကိစ္စအတွက်  သဘောတူ ညီချက် မရနိုင်ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောကြားခဲ့သည်။ အလားတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တပ်များ ဖျက်သိမ်းပေးရန်ဆိုသည့် သဘောမျိုး တပ်မတော်ဘက်က ပြောလာသည့်အတွက် ရှေ့ဆက် ညှိနှိုင်းရန် အတား အဆီးများရှိနေသည်ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များက ပြောထားဖူးကြောင်းလည်း သိရသည်။

လက်ရှိမြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တပ်မတော်ဘက်က စိုးရိမ်စိတ်လွန်ကဲမှုကြောင့် NCA လက်မှတ်ရေးထိုးပြီး EAOs အဖွဲ့များအား ကန့်သတ်မှုများပြုလုပ်နေ၍ ငြိမ်းချမ်းရေးရှေ့ဆက် မတိုးနိုင်ဖြစ်နေရသည်ဟု မွန်ပြည်သစ်ပါတီ ဒု ဥက္ကဌ နိုင်ဟံသာ က ပြောသည်။ နိုင်ဟံသာက “ငြိမ်းချမ်းရေးဆွေးနွေးမှုအနေအထားက သိပ်မတိုးတက်ဘူးဗျ။ တပ်မတော်ဘက် က စိုးရိမ်မှုလွန်ကဲပြီးတော့ အမျိုးမျိုးလိုက်ကန့်သတ်နေတယ်။ သူတို့ကြောင့်ပဲလေ ဒီကိစ္စ(ငြိမ်းချမ်းရေး) ရှေ့မတိုးနိုင် တာ။” ဟု ဆိုသည်။

တိုင်းရင်းသားများအနေဖြင့် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝပစ်ပယ်လိုက်မည်ကိုသော်လည်းကောင်း၊ ဖက်ဒရယ် စနစ်တွင် တိုင်းရင်းသားများ ခွဲထွက်သွားမည်ကိုသော်လည်းကောင်း တပ်မတော်ဘက်က စိုးရိမ်မှု ရှိနေသည်ဟု နိုင်ဟံသာ က ယူဆသည်ဟု ဆိုသည်။

ဤအတောအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ‘နိုင်ငံရေးပါတီများ၏ အခန်း ကဏ္ဍ’ ကို လျစ်လျူရှုခံထားရ၍ ထိုသို့ မဖြစ် သင့်ကြောင်း ပြည် ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အဖွဲ့ဝင် နိုင်ငံရေးပါတီအစုအဖွဲ့ ကိုယ်စား လှယ်များက ပြောသည်ဟု 7Day Daily သတင်းက ဖေါ်ပြသည်။ NCA စာချုပ်အရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အပစ် အခတ်ရပ်စဲရေး ကိစ္စတစ်ခုတည်း မဟုတ်ဘဲ နိုင်ငံရေးကိစ္စများလည်း ပါဝင်သဖြင့် နိုင်ငံရေးပါတီများ၏ ကဏ္ဍ အရေးကြီး ကြောင်း၊ လျစ်လျူရှုထားမည်ဆိုပါက နိုင်ငံရေးဖြစ်စဉ်ရှေ့ ဆက်နိုင်မည်မဟုတ်ဟု UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ ကိုယ်စားလှယ် စိုင်းကျော်ညွန့်က ဆိုသည်။

အခြေအနေအရပ်ရပ်ကို ခြုံငုံသုံးသပ်ပါက လက်ရှိ NLD အစိုးရ၏ ငြိမ်းချမ်းရေး သဘေားထားနှင့် စေတနာကို  ပြည်သူ လူထုက သံသယ မဖြစ်ကြဟု မြင်နိုင်ပါသည်။ သို့သော်  တပ်မတော်၏ စစ်ရေးလှုပ်ရှားမှုများကိုမူ   တိုင်းရင်းသား ပြည်သူ များ (အထူးသဖြင့် စစ်ဒဏ်ခံနေရသည့် ပြည်သူများ) က သံသယများ ဆက်ရှိနေသည်။ စစ်ဆင်ရေးများကြောင့် ဒုက္ခမျိုးစုံ ကြုံရသဖြင့် တပ်မတော်အား ပြည်သူအများစုက မယုံမကြည်ရှိနေသည်။ ထို့ကြောင့် မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် အာဏာပိုင်အဖွဲ့ နှစ်ဖွဲ့ ဖြစ်နေသောကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးရေး အတွက် အခက်အခဲဖြစ်နေရခြင်း ဖြစ်သည်ဟု တိုင်းရင်းသားခေါင်းဆောင်အချို့က ဝေဖန်နေခြင်း ဖြစ်သည်။  သို့ဖြစ်၍ အစိုးရနှင့် တပ်မတော်တို့အနေဖြင့် အပစ်ရပ်ရေးနှင့် ပြည်ငြိမ်းချမ်းရေးဖေါ်ဆောင်ရာ၌ တစ်စိတ်ဝမ်း တစ်လက်ညီ ပြည်ရေးကို ပြိုင်တူ ချီကြဖို့လိုပြီဖြစ်ကြောင်း နှိုးဆော်လိုပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts