သူတို့အာဘော်

မင်းကောင်းချစ် – “နိင်ငံတော်ဆိုတဲ့လူတွေ… မီဒီယာကို အညွှန့် မချိုးပါနဲ့ ”

 မင်းကောင်းချစ် – “နိင်ငံတော်ဆိုတဲ့လူတွေ… မီဒီယာကို အညွှန့် မချိုးပါနဲ့ ”
ဇူလိုင် ၂၉ ၊ ၂၀၁၄

တို့ တိုင်းပြည်ကို နိုင်ငံတော်ဆိုတဲ့ လူတန်းစားတရပ်က ဒုက္ခပေးနေတာ နှစ်ပေါင်း(၅၀)ကျော်ခဲ့ပြီ ။ သူတို့ ကို ဘယ်သူကမှ တာဝန်မပေးဘဲ …တိုင်းပြည်ကာကွယ်ရေးတို့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး…စတာတွေ အရှက်မရှိ ဖန်တရာတေအောင်သုံးပြီး တိုင်းပြည်ရဲ့အာဏာကို မောင်ပိုင်စီးထားခဲ့ကြတာမဟုတ်လါး ။

လက်နက်ကိုသာ အားကိုးလေ့ရှိတဲ့ လူမိုက်တွေ ယုံကြည်တဲ့ လုပ်နည်းလုပ်ဟန်က လူတွေရဲ့ရင်ထဲမှာ အကြောက်တရားတွေဖြစ်ထွန်းဖွဲ့ တည်လါအောင် သူတို့ အာဏာကို ထိပါးလါသူတွေ မတရားမှု့ကို ဆန့် ကျင်သူတွေ အမှန်တရားဘက်တော်သားတွေကို…ရက်ရက်စက်စက် ဖိနှိပ်ချေမှုန်းခြင်းပါဘဲ ။

နိုင်ငံတော်အကြည်ညိုပျက်စေမှု့ ၊ နိုင်ငံတော်လုံခြုံရေးသတင်းပေါက်ကြားစေမှု့ စတါတွေအားလုံးဟာ စစ်အာဏာရှင်တွေရဲ့ အကျိုးစီးပွားကာကွယ်ဖို့ အသုံးချတဲ့…အကြောင်းပြဆင်ခြေဆင်လက်တွေပါဘဲ။

၂၀၁၄ ခု နှစ်ဆန်းပိုင်းကစလို့ ဒီကနေ့ အထိ မြန်မာအစိုးရရဲ့ မီဒီယာသတင်းထောက်တွေကို ခေါ်ယူ မေးမြန်း ဖမ်းဆီး ညှင်းပမ်း ထောင်ချတဲ့သတင်းတွေ ခပ်စိပ်စိပ် ပြန်ကြားလာရပါပြီ။

ပထမဆုံး (Eleven Media Group) က သတင်းထောက် မခိုင်ကို လွိုင်ကော်တွင် ထောင်ဒဏ် ၃ လ ပြစ်ဒဏ်ပေးလိုက်ခြင်းနဲ့ အရေးယူမှုတွေ စတင်ခဲ့ပါတယ် ။ အဲ့ဒီနောက် DVB သတင်းဌာနမှ သတင်းထောက် ကိုအောင်ဖေကို ထောင်ဒဏ် ၁ နှစ်ချ လိုက်ခြင်းနဲ့  ပိုလို့  ပြင်းထန် လာပါတော့တယ် ။ မဇ္ဈိမသတင်းထောက် ကိုရေချမ်းတို့ ထောင်ကျခဲ့ရပြီး … DVB နိုင်ငံခြားသား သတင်းထောက် Angus Watson ကိုလည်း ပြည်နှင်ဒဏ်ပေးခဲ့ပါတယ် ။ ဧရာဝတီ သတင်းဂျာနယ်ရဲ့ သတင်းထောက်ကိုလည်း ခမရ ၅၃၂ ဘုရင့်နောင် တံတားအဆင်းက ရိုက်နှက်ပြီး တရားစွဲခဲ့ပါတယ် ။

ဂျာနယ်များကို ရဲသတင်းတပ်ဖွဲ့က ခေါ်ယူ မေးမြန်းခြင်းတွေလည်းစိပ်လာပါတယ် ။ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ဖမ်းဆီးပြီးနောက် မြန်မာသံတော်ဆင့် ဂျာနယ်၊ မြန်မာပို့စ်ဂျာနယ်၊ ယူနတီဂျာနယ် စသည့် ဂျာနယ်များကို တစ်စောင်ပြီး တစ်စောင် ခေါ်ယူမေးမြန်းခဲ့ပါတယ် ။

ဘိုင် မွန်းတည့်နေဂျာနယ်က သတင်းထောက်နဲ့ အယ်ဒီတာ (၄) ယောက်ကို ဇူလိုင်လ (၈)ရက်နေ့ ဖမ်းဆီးပြီး ပုဒ်မ ၅ (ဃ)၊ ၅ (ည) တွေနဲ့ အမှုဖွင့်ခဲ့ပြန်ပါတယ် ။

ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့က ယူနတီသတင်းဂျာနယ်ရဲ့ အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်းအပါအဝင် သတင်းထောက်များဖြစ်တဲ့ ကိုလူမော်နိုင်၊ ကိုပိုင်သက်ကျော်၊ ကိုစည်သူစိုးနှင့် ကိုရာဇာဦးတို့ လေးဦးကို ၁၉၂၃ခုနှစ် အစိုးရလျို့ဝှက်ချက်များ ဥပဒေ ၃/၁(က)အရ ပခုက္ကူမြို့နယ် တရားရုံးကနေ..အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀နှစ် အမိန့်ချလိုက်တဲ့ သတင်းဖတ်လိုက်ရတော့ စိတ်မကောင်းခြင်းကြီးစွာနဲ့  အထူးတုန်လှုပ်မိတယ်။

ယူနတီဂျာနယ်မှ မီဒီယာသမားတွေကို အခုလိုကြီးလေးတဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒါဏ်တွေ ချမှတ်လိုက်သည့်အပေါ် ရန်ကုန်မှာ အနုပညာသမားတွေကို သီးခြားတွေ့ တဲ့သမ္မတ ဦးသိန်းစိန်ကို ဇူလိုင် ၁၂ ရက်နေ့က ဆန္ဒပြခဲ့ကြတဲ့ သတင်းသမားများကို ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်မှုကို ပုဒ်မ(၁၈)ဖြင့် အရေးယူမယ်လို့ လည်း ခြိမ်းခြောက်တာ ခံထားရပါတယ်။

အုပ်ချုပ်ရေး အာဏာပိုင်တွေရဲ့ စွက်ဖက်မှုတွေနဲ့ တရားစီရင်ရေးက အခုလို ပြင်းထန်စွာ အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ချမှတ်လိုက်ခြင်းဟာ သတင်းထောက်တွေရဲ့ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်ကို ရိုက်ချိုးလိုက်တာဖြစ်ပြီး ဒီလုပ်ရပ်တွေဟာ တရားဥပဒေ စိုးမိုးမှု အပြည့်အဝ အာမခံချက် မရှိကြောင်းကို လည်းဖော်ညွန်းနေပါတယ်။

ရွှေဖေါ့လုံးနဲ့ ပြောဆိုသတိပေးရမဲ့ကိစ္စကို အခွင့်ရတုံး လည်မျိုကို တုတ်တိုနဲ့ နှက်လိုက်သလိုမျိုးပါဘဲ။

ဒီနေရာမှာ အကြောင်းသင့်လို့  အလုပ်ကြမ်း နဲ့ ထောင်ဒဏ် အကြောင်း စာဖတ်သူတွေသိရအောင် ၁၉၈၉-၉၃ ၀န်းကျင်လောက် စာရေးသူ မြင်ခဲ့ကြုံခဲ့ရသမျှကို မျှဝေခြင်ပါတယ် ။

မန္တလေးနန်းတွင်းစစ်ခုံရုံးမှာ အကျဉ်းချုံး ပြီး ပုဒ်မ(၅)ညနဲ့ ထောင်ဒါဏ် ငါးနှစ်ကျခံခဲ့ရတဲ့ ပထမပိုင်းနှစ်တွေမှာ အခြားရာဇ၀တ်သားတွေနဲ့ ရောပြီး စာရေးသူ ထောင်မကြီးမှာနေခဲ့ရပါတယ် ။ နောက်ပိုင်းနှစ်တချို့ကျမှ နိုင်ငံရေးသမားတွေနဲ့ ဆေးသမားတွေသာထားတဲ့ သီးသန့် ထောင်မှာ ပြောင်းရွေ့ တာခံခဲ့ရတာပါ ။ မန္တလေးနန်းတွင်းမှာတည်ရှိတဲ့ ထောင်မကြီးဆိုတာက အထပ်သုံးထပ်ရှိတဲ့ အခန်းမပေါင်းများစွာပါတဲ့ ဧရာမ သစ်သားအဆောက်ဦးကြီးတခုဖြစ်ပါတယ် ။

အထက်ဗမာပြည် အနယ်နယ်အရပ်ရပ်မှာ ရှိတဲ့အချုပ်ခန်းတွေကနေ အပြစ်ဒဏ်ချပြီးတာနဲ့ အချုပ်သားတွေကို မန္တလေးထောင်မကြီးဆီပို့ လိုက်ပါတယ်။ အဲ့ဒီ အချုပ်သားဘ၀ကနေ ထောင်သားဘ၀ရောက်လါတဲ့ သူတွေထဲကမှ အလုပ်ကြမ်းအပြစ်ဒါဏ်ပါတဲ့သူတွေကို ရွေးထုတ်ပြီး အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ရဲဘက်စခန်းတွေဆီ ခွဲတမ်းချပြီးပို့ တော့တာပါဘဲ။

စာရေးသူတို့ က ထောင်မကြီးဆောင်ရဲ့ အောက်ဆုံးထပ်မှာ နေရတဲ့သူတွေဆိုတော့..အပေါ်ထပ်မှာနေတဲ့ ထောင်သားတွေကို ရဲဘက်စခန်းတွေဆီ ခေါ်ထုတ်သွားတဲ့ည ရောက်တာနဲ့ ဒုက္ခရောက်တော့တာဘဲ ။ သွေးစုပ်စရာ ထောင်သားတွေမရှိတော့တာမို့  အပေါ်ထပ်က ဂျပိုးကြီးတွေဟာ လေထီးခုန်စစ်သားတွေလို အောက်ထပ်ကို တဖုတ်ဖုတ်နဲ့ခုန်ချလါကြလို့ ပါဘဲ ။ ထောင်ကဂျပိုးဆိုတာ ရာစုနှစ်ပေါင်းများစွာ ဂျပိုးသတ်ဆေးနဲ့ မထိမတွေ့ ဘူးဘဲ လွတ်လွတ်လပ်လပ်ရှင်သန်ခဲ့ရတော့ အလွန်ထွားကျိုင်းသန်စွမ်းပြီး အမြီးကြီးတွေကော့ထွက်၊ အမွေးကြီးတွေတထောင်ထောင်နဲ့ တမဲမဲတရွရွ ကြက်သီးထစရာကြီးပါ ။

(၆)လလောက်ကြာပြီးတော့ ရဲဘက်စခန်းထွက်သွားတဲ့ထောင်သားတချို့ပြန်ရောက်လါကြပါတယ်။ မမှတ်မိနိုင်လောက်အောင် ချုံးချုံးကျသွားတာတွေ့ ခဲ့ရတယ် ။ (၆)လ လုံးလုံးရေမချိုးခဲ့ရတော့ အဲ့ဒီထောင်သားရဲ့ မွှေးညင်းပေါက်တွေထဲ မှာ သမန်းဆီတွေပိတ်ပြီး ဂျွတ်တက်နေတာကို သုံးလေးငါးရက် ရေချိုးဂျီးချွတ်တာတောင် မပြောင်နိုင်ဘူး ။

အဲ့ဒါနဲ့ ရဲဘက်ပြန်ထောင်သားကို ရဲဘက်စခန်းအလုပ်ကြမ်း အတွေ့ အကြုံတွေမေးမြန်းခဲ့မိတယ်။ သူကပြောတာက စာရေးသူတို့ ထောင်မကြီးမှာနေရတဲ့ဘ၀က ရဲဘက်စခန်းမှာနေရတဲ့ဘ၀နဲ့ ယှဉ်ရင် နိဗ္ဗာန်ပါတဲ့ ။

တကယ်တော့သူပြောတဲ့ နိဗ္ဗာန်ဆိုတဲ့ ထောင်မကြီးမှာ စားရတဲ့ ထောင်စာဆိုတာ လုံးတီးဆန်ကြမ်း ၊ ရွှံ့ ငပိတကော်နဲ့  ၀က်ခေါင်းခါဟင်းချို ပါဘဲ ။ ၀က်ခေါင်းခါလို့ ခေါ်ကြရတာက တနှစ်လုံး မဆေးမကြောဘဲထားတဲ့ ဧရာမအိုးကြီးထဲ ထောင်ထဲကမိလ္လာရေနဲ့ လောင်းပြီးစိုက်ထားတဲ့ ကဇွန်းရွက်၊ မုန်ညှင်းရွက် စတဲ့အရွက်တွေခူးပြီး မဆေးမကြောဘဲ ပစ်ထဲ့ချက်ပြုတ်ထားတော့ မြက်ပင်တွေ၊ ခရုခွံ ပက်ကျိတွေရောနေတော့  ညိုညစ်ညစ်သံချေးအရောင်နဲ့ မို့ ဝက်ကိုသွားကျွေးရင်တောင် ခေါင်းခါငြင်းပယ်တာ ခံရနိုင်တာမို့ ပါ ။ ဒါကိုတောင် နိဗ္ဗာန်လို့ ပြောနေတော့ ရဲဘက်စခန်းကကျွေးတဲ့အစာက ဘယ်လောက်ဆိုး မလဲဆိုတာ စဉ်းစားသာကြည့်ကြပေတော့ ။

ပြီးတော့ သူပြောတဲ့အထဲမှာ အလုပ်ကြမ်းနဲ့ ရဲဘက်စခန်းပို့ တယ်ဆိုတာ သေဒဏ်ပေးလိုက်သလိုပါဘဲတဲ့ ။ အထူးသဖြင့် ဆင်းရဲနွမ်းပါးလို့ လိုင်းမ၀င်နိုင်တဲ့သူတွေ၊ ကျန်းမာရေးအားနည်းသူတွေ၊ ရဟန်းသံဃာတော် တွေလို တသက်လုံး အလုပ်ကြမ်းမလုပ်ဖူးသူတွေ အတွက်တော့သေဒဏ်ပေးလိုက် သလိုပါဘဲတဲ့ ။ တချို့နာမည်ကြီးရဲဘက်စခန်းတွေဟာ လူ(၁၀၀)ထွက်သွားရင် (၄၀) ကျော်လောက်သေကျန်ရစ်သတဲ့။

အလုပ်ကကြမ်း၊ ရာသီဥတုကြမ်း၊ အဟာရချို့တဲ့ ဆေးဝါးမလုံလောက်တဲ့အပြင် ရဲဘက်စခန်းက အကျင့်ပျက် အကျဉ်းဦးစီးဌာန ၀န်ထမ်းတွေကို ငွေမပေးနိုင် လိုင်းမ၀င်နိုင်တဲ့သူတွေဟာ လိုင်းဝင်ထားလို့  အလုပ်လုပ်စရာမလိုသူတွေရဲ့ အလုပ်ကိုယ်တာတွေကိုပါ ပိုလုပ်ကြရတဲ့ ကျွန်တွေလိုဘဲတဲ့ ။ ကော်ဖီစိုက်ခင်းကြီးတွေစိုက်ပျိုးဖို့ အတွက် တောရိုင်းမြေကိုခုတ်ထွင်ရှင်းလင်းရင်း ကားတာယာဖိနပ်နဲ့  နင်းမိရင်တောင်ဖေါက်ထွက်နိုင်အောင် ရှည်လျှားချွန်မြတဲ့ ခံစူးကြီးတွေနင်းမိပြီး ဆေးဝါးမရှိလို့ သေကြ၊ အာဟာရချို့တဲ့ ငှက်ဖျားဖြစ်လို့ သေကြတာများတဖြုတ်ဖြုတ်နဲ့ လို့  ငိုပြီးပြောတာကြားခဲ့ရတယ် ။ ရဲဘက်စခန်းမှာ မသေပေမဲ့ အဲ့ဒီစခန်းကဒါဏ်တွေနဲ့  အပြင်ရောက်တော့မှ သေသွားကြတာလည်းရှိသတဲ့ ။

တကယ်တော့ အဲ့ဒီလိုရဲဘက်စခန်းတွေဆိုတာ… ယဉ်ကျေးတဲ့လူ့ အဖွဲ့ စည်းတွေမှာ မရှိအပ်ပါဘူး၊ အထူးသဖြင့် တိုင်းပြည်ပြောင်းလဲတိုးတက်စေလိုတဲ့ ယုံကြည်ချက်ကြောင့်အကျဉ်းကျသူတွေ၊ နိုင်င်္ငရေးသမားတွေ၊ သံဃာတော်တွေ၊ သတင်းမီဒီယာသမားတွေကို ရာဇ၀တ်သားတွေလို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ဆိုတဲ့ အပြစ်ကိုလုံးဝ မပေးသင့်ပါဘူး ။

မြန်မာနိုင်ငံမှာ စာပေစိစစ်ရေး ရုပ်သိမ်းပေးခဲ့တဲ့ ၂၀၁၂ ဇွန်လက စရေတွက်ရင် စာနယ်ဇင်း လွတ်လပ်ခွင့် စရလာတာ ၂ နှစ်၊ ၂၀၁၃ ခုနှစ် ဧပြီလက စရေတွက်ရင် နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်ရလာတာ တနှစ်နဲ့ ၃ လပဲ ရှိပါသေးတယ်။ အထက်ပါလုပ်ရပ်တွေဟာ  (၂)နှစ်သားကျော်ကျော်သာ ရှိသေးတဲ့ နုနယ်သေးတဲ့ မီဒီယာသစ်ပင်ပျိုကို မြေတောင်မြှောက်ပေးရမဲ့အစား အညွှန့် ချိုးပစ်တာနဲ့ အတူတူဘဲ။

ရာစုနှစ်ဝက်ကျော် အမှောင်ခေတ်ထဲမှာ ပိတ်လှောင်ခံခဲ့ရလို နားပိတ်၊ မျက်စိပိတ်နဲ့ အဖက်ဖက်မှာ ခေတ်နောက်ကျကျန်ရစ်ပြီး ကမ္ဘာမှာ ဖွံ့ ဖြိုးမှု့ အနိမ့်ကျဆုံး အဆင်းရဲဆုံးတိုင်းပြည် ဘ၀ရောက်ခဲ့ရတဲ့ မြန်မာနိုင်ငံကို အမှန်တကယ်ပြုပြင်ပြောင်းလဲခြင်တယ်ဆိုရင် မီဒီယာလွပ်လပ်ခွင့်ဟာ အင်မတန်အရေးပါတယ်ဆိုတာ လေးလေးစားစား သတိချပ်ဖို့ လိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ လက်ရှိအုပ်ချုပ်သူအစိုးရဟာ ပွင့်လင်းမြင်သာမှု့ အလွန့် အလွန် အားနည်းနေသေးလို့ ဘဲ။

မီဒီယာနဲ့ သတင်းသမားတွေကို ခြိမ်းခြောက်…ဖမ်းဆီးထောင်ချခြင်းဟာ မိဘပြည်သူတွေရဲ့မျက်လုံးအစုံကို ဖေါက်ထုတ်တဲ့ ရာဇ၀တ်မှု့နဲ့ညီမျှတဲ့ ပြစ်မှု့ကိုကျူးလွန်ခြင်းလို့ တင်စားပြောနိုင်ပါတဲ။ ဘာကြောင့်လဲဆိုတော့ သတင်းမီဒီယာသမားဆိုတာ ပြည်သူလူထုကို အလင်းပေးသူတွေဖြစ်လို့ ပါဘဲ။

မီဒီယာသမားတွေကို ထောင်ချခြင်းဟာ ပြည်သူကို အမှောင်ချခြင်းပါဘဲ ။ မီဒီယာကို ဖိနှိပ်ခြင်းဟာ ဒီမိုကရေစီနဲ့ ပြည်သူကို ဖိနှိပ်ခြင်းပါဘဲ ။ (၂၀၀၈) အခြေခံဥပဒေကြောင့် တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင်ကြီး သုံးရပ်စလုံး ချိနဲ့ ယိမ်းယိုင်နေယုံနဲ့  အားမရသေးဘဲ  ဘာအကြောင်းဘဲပြပြ..စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာကိုပါ အခြေမခိုင်အောင် ဟိုခုတ်ဒီထစ် …ဟိုကိုင်းချိုင် ဒီကိုင်းချိုင်လုပ်နေရင်တော့… နိုင်ငံအပေါ်စေတနာကောင်းမရှိဘူးလို့ ဘဲ သုံးသပ်ရလိမ့်မယ် ။

နိဂုံးချုပ်ရရင် မီဒီယာကိုမမြှောက်စားသူ၊ မလေးစားသူ၊ မီဒီယာကိုနှိပ်ကွတ်သူဟာ တိုင်းပြည်နဲ့ ဒီမိုကရေစီရဲ့ ရန်သူဆိုတာ ပြုပြင်ပြောင်းလဲရေးသမားတွေပါလို ကမ္ဘာသိကြေညာထားတဲ့ စစ်ဘောင်းဘီချွတ်မြန်မာအစိုးရ ကျကျနနသိဖို့ လိုတယ် ။ ဒါကြောင့် မီဒီယာသမားတွေကိုရန်ရှာနေမှု့တွေကို ရပ်တန်းကရပ်ဖို့ ယူနတီဂျာနယ် သတင်းသမားတွေအပေါ်ချမှတ်ထားတဲ့အပြစ်ဒါဏ်ကို ကွင်းလုံးကျွတ်လွှတ်ပေးခြင်းနဲ့  အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းကြောင်းပေါ် ပြန်တက်ပါလို့  အလေးအနက်တိုက်တွန်းလိုက်ပါတယ် ။

လေးစားစွာဖြင့်

မင်းကောင်းချစ်

ဇူလှိုင်လ ၂၆ ရက် ၂၀၁၄ ခုနှစ်

(Photo – Yan Naung (Botahtaung) – file photo)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts