ဝေဖန်ရေးရာ

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) – ပထမပင်လုံရဲ့ ဒုတိယရောင်ခြည်

 မောင်မောင်လတ် (ရွှေအင်းလေးစာပေ) – ပထမပင်လုံရဲ့ ဒုတိယရောင်ခြည်

ဇူလိုင် ၂၉ ၊ ၂၀၁၄

         နံပါတ်(၁)  တိုင်းရင်းသားများတန်းတူညီမျှရေးနှင့်  ကိုယ်ပိုင်ပြဌာန်းခွင့်  ၊၊

         နံပါတ်(၂)  တိုင်းရင်းသားများတန်းတူညီမျှရေးနှင့်  ကိုယ်ပိုင်ပြဌာန်းခွင့်  ၊၊

         နံပါတ်(၃)  တိုင်းရင်းသားများတန်းတူညီမျှရေးနှင့်  ကိုယ်ပိုင်ပြဌာန်းခွင့်  ၊၊

     တို့ အရေး…တို့ အရေးရယ် လို့  တောင်းဆို ဆန္ဒပြုနေတာမဟုတ်..ဆန္ဒခံယူပွဲအတွက် အထူးတလည် အသစ်အဆန်း ဆန္ဒဖော်ထုတ်နေတာလဲ မမြည်။ ပြည်နယ်ဒေသ …  တောင်တန်းမကျန်  အေးအတူ ပူအမျှ  အတူနေထိုင်ခဲ့  နေထိုင်လျှက်ရှိသော …  တိုင်းရင်းသားအားလုံးတို့ ရဲ့   ပကတိ ခံစားချက် ၊ မျှော်လင့် ချက် ၊ရောင်ခြည်တခုသာပင်..၊၊

    တချိန်တခါသားကာလ   ဇာတိမြို့ လွိုင်လင်ပြည်သူ့ ဆေးရုံအုပ် ဆရာဝန်ကြီးတယောက် လစဉ်ပုံမှန်စည်းဝေးနေကြ   ပါတီအစည်းအဝေးတခု တက်ရောက်နေပါတယ်။ မြို့ နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲတိုင်း  မပျက်မကွက်တက်ရောက်ရတဲ့ အစည်းအဝေးကြီးက မနက်စောစော  ချမ်းချမ်းစီးစီးနဲ့  ဆွေးနွေးနေချိန် ဆရာကြီးတယောက်  ခေါင်းငိုက်စိုက်လျှက်။ ညရဲ့ အဆက် လက်ကျန်အရှိန်နဲ့  ဝင်လေ ထွက်လေ  စည်းဝါးကိုက်နေဆဲဆရာကြီး။ ဆရာကြီးဌာနအလှည့် ရောက်ပါပြီလို့   နံဘေးကမန်နေဂျာ လက်တို့ လိုက်တော့မှ ယိုင်တိယိုင်တိုင်   အိပ်ချင်စုံမွှားနဲ့   ဆရာကြီး မတ်တပ်ရပ်လိုက်ပါတယ်။

     ဟုတ်ကဲ့  ……ဆေးရုံကြီးအတွက် လိုအပ်နေတာ  တင်ပြချင်တာက …

     နံပါတ်(၁)  ရေ …

     နံပါတ်(၂)  ရေ …

     နံပါတ်(၃)  ရေ …

     နံပါတ်(၄) …  ပြန်မယ်ဗျာ

    ဆိုပြီး ထပြန်လာခဲ့တဲ့ တကယ့်အဖြစ်အပျက်လေး……၊၊

     ဆေးရုံခွဲစိတ်ခန်းအတွက်   မရှိမဖြစ်လိုအပ်နေတဲ့ ရေအတွက်  တင်ပြတောင်းခံဆွေးနွေးတာ  အကြီမ်ကြီမ်… ။ အရေးတကြီး အမြန်ဆောင်ရွက်ပေးဖို့  အသိပေးတာအခါခါ  ဆိုတော့ လိုအပ်ချက်အတွက်ထပ်ခါ ထပ်ခါ  အကျယ်တဝင့် ပြောရန်မလိုအပ်တော့ …၊ထပ်ရှင်းပြ တင်ပြနေလည်း အပိုသက်သက်  လေကုန် အချိန်ကုန်ယုံသာ ၊ဆရာဝန်ကြီးရဲ့ ငေါ့ တော့တော့ တင်ပြချက်က  ထိထိမိမိ  မှတ်မှတ်သားသားပါဘဲ။

     တွေးမိတွေးရာ မီးခိုးကြွက်လျှောက် တွေးရင်းနဲ့ က      တချိန်ကအဖြစ်တခု ပြန်တွေးမိခြင်းပါ။ တဆက်ထည်း  မကြာတင်ကာလက  ဖေ့ ဘုတ် မိတ်ဆွေတယောက်နဲ့  အမြင်ချင်း ဖလှယ်ရင်း တိုင်းရင်းသားကိစ္စအကြောင်းအရာ အရောက်   ခွဲထွက်ခြင်းဆိုတဲ့ စကားရပ်နဲ့   ရပ်တန့်ခဲ့ ရတာကို တနုံနုံ့ခံစားရင်း  ဤစာစုကို  ရင်တွင်းကနေ မွေးဖွားလိုက်ရခြင်းအဖြစ်သာ၊၊

     ကံကောင်းခြင်းလက်ဆောင်  လွတ်လပ်ရေးနဲ့ အပြိုင်  ကံဆိုးခြင်းလက်ဆောင်ဖြစ်တဲ့ ပြည်တွင်းစစ်ကြီးတလျှောက်လုံး … ယနေ့ အချိန်ထိကိုပဲ တိုင်းရင်းသားအပေါင်းတို့ အပေါ် မညီမျှခြင်း ၊ လွမ်းမိုးခြင်း ၊ ခြိမ်းခြောက်အနိုင်ယူခြင်း ၊ စစ်တလင်းပြင်ဘဝနဲ့ ပြာကျရခြင်း ၊ အိုးမဲ့အီမ်မဲ့ လယ်ယာမြေစွန့် လွှတ်၊ လုပ်ငန်းဆောင်တာတွေ ဆုံးရှုံးရခြင်း၊ အတိဒုက္ခပေါင်းစုံ လည်စင်းခံရခြင်းတို့ အပေါ်  အများက သိမြင်နားလည်ပြီးဖြစ်လို့ အကျယ်မချဲ့ လိုတော့ ပါ၊၊

    အပေါ်က  ဖြစ်ရပ်မှန် ဇာတ်လမ်းတခုလိုပါပဲ။ အကြီမ်ကြီမ်အခါခါတင်ပြတောင်းခံတယ်။ တလပြီး တလ ဖြစ်မလာခဲ့၊  အရေးတကြီးလိုအပ်နေတာကို သိတယ်၊ လုပ်ပေးရမှာကိုလဲ သိတယ်၊  အခြေအနေက ဒုံရင်း ဒုံရင်း…၊ ပြည်တွင်းစစ်မီးတောက်လောင်တာ  ငြီမ်းအေးသွားမှ နှစ်ပေါင်း ၆၀ကျော် မဆွေးနွေး မညှိနှိုင်းလာသမျှ ပြသာနာတွေ … တန်းတူညီမျှရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးပြဌာန်းနိုင်ရေးတွေအတွက် ဆွေးနွေးအဖြေရှာနိုင်မှာကို သိတယ်။

    ပြည်တွင်းစစ်နဲ့ အတူ အာဏာရှင်စံနစ် တွေကြောင့်  ပြည်သူတရပ်လုံးနဲ့ အတူ တိုင်းရင်းသားအားလုံး  ရင်စီးခံစားလာခဲ့ တဲ့  ဒဏ်ရာ ဒဏ်ချက်တွေက  နက်ရှိုင်းနေတယ်ဆိုတာလဲ   သိတယ်။ အခြေအနေက ထူးခြားမလာ ..၊ ငြီမ်းချမ်းရေးက ဝေ့ လည်လည်။ ပြုပြင်ပြောင်းလဲရေးက တုံ့ဆိုင်းတုံ့ဆိုင်း။

    တကယ်တော့  လက်ရှိပကတိ အနေအထားအရ   အာဏာရှင်စံနစ်ဆိုးကြီးကိုအမြစ်ကစ တွန်းလှန်ဖြိုဖျက်ရမယ့် ကိစ္စက  အရေးတကြီးထိပ်ဆုံးကလို့ သတ်မှတ်နိုင်သလို၊ ပြည်တွင်းငြီမ်းချမ်းရေးဘဲဆိုဆို ၊ အမျိုးသားပြန်လည်သ့င်မြတ်ရေးဘဲပြောပြော   ၊ တန်းတူညီမျှရေးဆိုတဲ့  ဖယ်ဒရယ်မူကို ညွှန်းညွှန်း   တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကလဲ ဒွန်တွဲ ပူးတွဲပြီး  မခွဲမခွာ အတူတကွ အရေးတကြီးလိုအပ်နေတာ အထင်အရှား ။ ငြင်းကွယ်  ငြင်းပယ်လို့  မရပါ။

     ဒီနေ့  လက်ရှိ ဖြစ်စဉ်တွေမှာ   အရေးကြီးဆုံး ကိစ္စနှစ်ရပ်အတွက်  ပြည်သူတရပ်လုံးနဲ့ တိုင်းရင်းသားအပေါင်းတို့ဟာ  ဘယ်ကိစ္စရပ်မဆို  အတူတူလက်တွဲမဖြုတ်စတမ်း၊ ရင်ဆိုင် ကျော်လွှားရမှာ မလွှဲဧကန်ပါဘဲ……..၊အာဏာရှင်စံနစ် တွန်းလှန်ဖြိုဖျက်တာက – တို့နဲ့မဆိုင်၊ တို့တိုင်းရင်းသားတွေအတွက်ဘဲ  တန်းတူညီမျှရေးနဲ့  ကိုယ်ပိုင်ပြဌာန်းခွင့်အတွက်ဘဲ တဖက်သတ်လုပ်ကြမယ်ဆိုရင်လဲ  မဖြစ်နိုင် ၊ ထို့ အတူ အာဏာရှင်စံနစ်ဆိုးကို တို့ နိုင်ငံရေးအင်အားစုကသာ   ဦးဆောင်တိုက်ယူကြမယ်ဆိုတာလဲ ယုတ္တိမတန်….၊၊

     အနီးဆုံးအဖြစ်ကို  အရှင်းဆုံးဖြစ်အောင်  မီးမောင်းထိုးပြရရင်   လောလောလတ်လတ် – ဖွဲ့ စည်းပုံ ပြင်ဆင်ရေး လှုပ်ရှားမှု နဲ့    ပြည်တွင်းစစ် ငြီမ်းချမ်းရေး ဆွေးနွေးပွဲ  အဖြစ်ကို ကြည့်ရင်  မြင်သာထင်သာ ရှိပါပြီ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်နဲ့   ၈၈ ပွင့် လင်း အဖွဲ့ ပူးပေါင်းလှုပ်ရှားမှုတွေဟာ အတိုင်းအတာတခု အထိ အောင်မြင်တယ် ဆိုပေမယ့် လှုပ်ရှားမှုတခုလုံး ကာလရှည်အချိန်တခုအတွင်း   တိုင်းရင်းသားဖက်မှ  အပြည့်အဝ ပါဝင်လှုပ်ရှား အားပေးမှု မရရှိခဲ့ ပါ။ ထို့ အတူ  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ ငြီမ်းချမ်းရေးအတွက် ဆွေးနွေးပွဲစဉ်တလျှောက်လုံး  နိုင်ငံရေးအင်အားစုများ ပြည်သူများမှ အင်တိုက်အားတိုက်  တွန်းတွန်းတိုက်တိုက် ပါဝင်ခြင်းမရှိခဲ့ ပါ။ လှုပ်ရှားမှုတခုစီတိုင်း ဦးဆောင်ရင်ဆိုင်တာက  တခြမ်းပဲ့၊ ရလာတဲ့ အောင်မြင်မှုက တဝက်တပျက်  ၊ မျှော်လင့် နေသူကလဲ စိတ်ပျက်လက်ပျက်။

     သို့ ပေမဲ့   အလုံးစုံဖိနှိပ်အုပ်ချုပ်မှုပြီးဆုံးဖို့   အလုံးစုံစွန့်လွတ်တိုက်ပွဲ အစပထမမှာတော့ နိုင်ငံရေး အင်အားစုအနေနဲ့  ပြည်သူတွေရဲ့  တိုးတက်ပွင့် လင်းလာတဲ့ အတွေးအမြင်အပေါ် အခြေပြုပြီး  ဥပဒေလမ်းကြောင်းအတိုင်း ထိုးဖောက်ဝင်လာတာတွေ အရှိန်အဟုန်ပြင်းလာတာနဲ့အမျှ   တိုင်းရင်းသားတွေဖက်ကလဲ   တရားမျှတမှု မရှိတဲ့  တပ်မတော်အခြေခံမူ ၆ချက်အပေါ် ဆန့် ကျင်တင်းခံနေတာတွေနဲ့ အပြိုင်  နှစ်ပေါင်း၅၀ကျော် မတရားအနိုင်ကျင့်  အုပ်ချုပ်ခဲ့ တဲ့ အာဏာရှင်အယောင်ဆောင်အစိုးရအဖို့    အိန္ဒြမဆည်နိုင်အောင်   သရုပ်ပျက်ခဲ့၊ အယောင်ယောင်အမှားမှား နဲ့   မျက်နှာဖုံးကွာကျစပြုလာပါပြီ။ အခြေအနေက  သူတို့  ဟန်ဆောင်သရုပ်ဆောင်ပြနေတဲ့  ပြုပြင်ပြောင်းလဲရေးတွေဟာ  ရှေ့ တိုးဖို့ နေနေသာသာ၊ ရပ်နေရာက နောက်ပြန်ဆုတ်နေတဲ့  အဖြစ်အပျက်တွေ   နေရာတိုင်း  ဌာနတိုင်း အဖြစ်တိုင်းတွေမှာ  သဲသဲကွဲကွဲ မြင်တွေ့ နေရပါပြီ။

     ၂၀၁၅ ခု ရွေးကာက်ပွဲနေ့ – အလုံးစုံပိတ်သိမ်းအောင်နိုင်ရေးနေ့  (ဒီဒေး ) အဖြစ်   ရည်ရွှယ် သတ်မှတ်ထားသလို  စစ်အာဏာရှင် အုပ်စုဖက်မှ   မဖြစ်မနေ  ကျားကုတ်ကျားခဲ ကပျက်ကရက် လုပ်ဆောင်လာမှာတော့   မြေကြီးလက်ဖတ်မလွဲ။ ထို့အတူဘဲ  နိုင်ငံရေးအင်အားစု၊ တက်ကြွ လှုပ်ရှားသူတို့ နဲ့ တကွ  ပြည်သူတရပ်လုံးမှလည်း  အတွင်းအပြင်လက်နက်ကိုင်တော်လှန်ရေး၊ တိုင်းရင်းသားအဖွဲ့ အစည်းများနှင့် လက်ချင်းချိတ်  ပြိုင်တူရင်ဘောင်တန်းကာ    ရှေ့ ဆက်၊ အကြမ်းမဖက်သော လူထုအုံကြွဆန္ဒပြပွဲဆင်နွဲကာ တွန်းလှန်ဖြိုဖျက်ရန် သမိုင်းပေးတာဝန်အဖြစ် ကျနော်တို့အားလုံးရဲ့ ပုခုံးပေါ် ကျရောက်နေပါပြီ။

     မြန်မာ့  နိုင်ငံရေး သမိုင်း၊ တိုင်းရင်းသားပေါင်းစုံတို့ ရဲ့ သမိုင်း၊ တလျှောက်လုံး မကြုံစဖူး ရတောင့် ရခဲ   နှစ်ပေါင်း ၆၀ ကျော် အချိန်မှသာ ရှားရှားပါးပါး ကြုံဆုံရတဲ့   အခွင့်အခါကောင်း၊ အခွင့် အလမ်းကောင်း။  ကျနော်တို့  အားလုံး ပြိုင်တူ တွန်းကြ၊  အားစိုက်ကြ၊ ရှေ့ တက်ကြပါစို့။ နှစ်ပေါင်း ၆၀ ကျော်မှ  ဒီလို  အခွင့် အခါ၊ အခွင့် အရေး၊ လက်ဝယ် ဆုပ်ကိုင်ရရှိ တဲ့   အချိန်ကာလ မှာမှ  ကျနော်တို့  အားလုံး   မညီညွှတ်နိုင်၊မပူးပေါင်းနိုင်၊ မတွန်းလှန်နိုင်ခဲ့ရင် သမိုင်းက ညှာတာမည် မဟုတ်။

     ကျနော်တို့ ရဲ့   နောင်လာနောင်သား မျိုးဆက်သစ်တွေအားလုံး၊ တနှစ်တကြီမ် နှုန်းနဲ့ ရုပ်ထုကြီး တရုပ်ရှေ့ မှာ  ဒူးထောက် ဦးလွှတ် အလေးပြုရင်း၊ တို့ဘိုးဘွားဘီဘင်အဆက်ဆက် ညံ့ဖျင်း၊ ပျော့ညံ့ လွန်းလို့   မစည်းလုံး မညီညွှတ်ခဲ့လို့ တို့တတွေ နာကျည်း ခံပြင်းလွန်းပြီး  မျက်ရည်ပေါက်ပေါက်ကျ ငိုကြွေးနေကြရလိမ့်မယ်။

    

    အဲဒီရုပ်ထုကြီးက    မြန်မာ့ နည်း မြန်မာ့ ဟန် ဒီမိုကရေစီစံနစ်ကို  အုတ်မြစ်ချပြီး၊  ခေတ်မှီတိုးတက်သော  စည်းကမ်းပြည့် ဝသော ပဉ္စမမြောက် မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့သူ  ဒီမ်ုကရေစီဖခင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ရုပ်ထုပါခင်ဗျား။

    မကြာသေးခင်က  ပြီးသွားခဲ့ တဲ့   အာဇာနည်နေ့   အခမ်းအနားကို ကြည့် ပါ။ ညီညွှတ်ခြင်း၊  ပူးပေါင်းခြင်း၊ ပြတ်သားခြင်း၊ ရည်မှန်းချက်ပန်းတိုင် ခိုင်မာခြင်း၊ နောက်မဆုတ်တမ်း ရဲရင့် ခြင်း စတာတွေ  စတာတွေကြောင့် အဆုံးမှာတော့ အယောင်ဆောင် စစ်အစိုးရမှ ပါဝင်ပူးပေါင်း ထောက်ခံသယောင်ယောင်နဲ့ ချော်လဲ ရောထိုင်လိုက်ရတဲ့  အဖြစ်က မျက်ဝါးထင်ထင်၊ ရှင်းရှင်းလင်းလင်း။

     ဆိုတော့ဗျာ – နှစ်ပေါင်းများစွာ  အဖန်တရာ အသုံးချနေတဲ့   ဘာသာရေး လူမျိုးရေးပြသာနာ ပဋိပက္ခတွေကို   ကျနော်တို့ အားလုံးက  ညီညွှတ်တာနဲ့ တိုက်ဖျက်မယ်။ ဥပယ်တမျှင်နဲ့ လှည့်စားလာမဲ့   အချိုးကျ ရွေးကောက်ကိုယ်စားလှယ်စံနစ်ကို ကျနော်တို့  အားလုံး  ပူးပေါင်းပြီး အဖြေရှာမယ်။ မလီမ့် တပတ် အချိန်ဆွဲပြီး တိုင်းရင်းသားအဖွဲ့ အစည်းအကြား သွေးခွဲ နေတဲ့  အပစ်ခတ်ရပ်စဲရေးဆွေးနွေးပွဲကို ကျနော်တို့ အားလုံး  တနေရာထဲ၊ တဖက်ထဲ  အတူတူရပ်ပြီးရင်ဆိုင်မယ်။  နှစ်ပေါင်းများစွာ  ဦးနှောဏ်ထဲ  အသိတွေထဲ  အတွေးတွေထဲ  စွဲမြဲအောင်  ရိုက်သွင်းခံခဲ့ ရတဲ့   လူမျိုးကြီးဝါဒ မုန်းတီရေး၊ ကျဉ်းမြောင်းတဲ့လူမျိုးရေးအမြင်၊ ခွဲထွက်ရေးလို့ အမြင်လွှဲခံထားရတဲ့ ဖယ်ဒရယ်မူ စတာတွေ  စတာတွေကို  ကျနော်တို့ အားလုံး အပြန်အလှန်နားလည်မှု့ တွေနဲ့ သင်ပုန်းချေလိုက်မယ်။ အဲဒီ လှေကားထစ်တွေကို တဆင့်ပြီးတဆင့်  အတူတူ လက်တွဲ ကျော်ဖြတ်ပြီးသကာလ ကျနော်တို့ အားလုံး   ဒီအချိန်ကာလတိုလေးမှာ  ပြိုင်တူရုန်းကြပါတော့ လား။    ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts