K ငြိမ်းချမ်း သတင်းပဒေသာ

ကဗျာဆရာ အောင်ဘညို ကွယ်လွန်ခြင်း ၃ နှစ်ပြည့် မန္တလေးမှာ ပြုလုပ်မယ်

 


ကဗျာဆရာ အောင်ဘညို ကွယ်လွန်ခြင်း ၃ နှစ်ပြည့် မန္တလေးမှာ ပြုလုပ်မယ်
K (မိုးမခ) ဇွန် ၉၊ ၂၀၁၈

စာပေလောကမှ အေဘီညို လို့ ချစ်စနိုးခေါ်ကြတဲ့ ကဗျာဆရာ အောင်ဘညို ကွယ်လွန်ခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ် အ ခမ်းအနားကို မန္တလေးမြို့ရှိ စာရေးဆရာ၊ ကဗျာဆရာများနဲ့ကျန်ရစ်သူမိသားစုကနေ ဦးဆောင်ပြီး မန္တလေးမြို့၃၅လမ်း၊ ဖောင်တော်ဦးဘုရားအနီးရှိ စန္ဒာအောင်ခေါက်ဆွဲဆိုင်မှာ ဇွန်လ ၁၀ရက်နေ့ မနက် ၈နာရီခွဲမှာ ကျင်းပပြုလုပ်မယ်လို့ သိ ရပါတယ်။

တဆက်တည်းမှာပဲ ကွယ်လွန်ခြင်း ၃ နှစ်ပြည့်အခမ်းအနားမှာ ကဗျာဆရာအောင်ဘညိုရဲ့သားငယ် မောင်အောင်ဗဟိန်း ဟာ ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ နှစ်ချင်းပေါက် သမိုင်းဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သဖြင့် ၎င်းအား မန္တ လေးစာပေလောကမှ ဂုဏ်ပြုအစီအစဉ်တခုကိုလည်း ထည့်သွင်းပြုလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါ ၃နှစ်ပြည့်နဲ့ဂုဏ်ပြုခြင်း အခမ်းအနားပြုလုပ်ရခြင်းနဲ့ပတ်သက်ပြီး ပါဝင်ကူညီဆောင်ရွက်နေသူ ကဗျာဆရာ ဥက္ကာ ကျော်က “ မနှစ်က ဒီအချိန်မှာ အေဘီညိုသား ဆယ်တန်းတက်ဖို့ အလွန်အင်မတန်ဝိုင်းကြိုးစားပေးခဲ့ကြရတယ်။ ဘာလို့ လဲဆိုတော့ သူက ၀ိဇ္ဖာဘာသာရပ် ယူထားတာဆိုတော့။ အတွဲ မရှိတော့။ ကျောင်းဆရာ မြတ်မင်းသူ၊ လွှတ်တော် အမတ် ကိုငြိမ်းသစ်တို့ အကူအညီနဲ့ အများကြီးလုပ်ခဲ့ရတယ်။ အဲဒီလိုဝိုင်းဝန်းခဲ့ရတဲ့ကလေးတယောက်၊ အဖေနောက် အမြဲလိုက် နေရတဲ့ကလေးတယောက်ဟာ အခုလိုအောင်မြင်တယ်ဆိုတော့ အလွန်အင်မတန်ဝမ်းသာလို့လုပ်ပေးကြတာဖြစ်ပါတယ်” လို့ ပြောပြပါတယ်။


ကဗျာဆရာအောင်ဘညိုကွယ်လွန်ခဲ့ခြင်း အပေါ်လည်း “ မြန်မာပြည်တနံတလျားမှာ သို့မဟုတ် မြို့တမြို့မှာ လူတ ယောက်ကိုဆွဲနှုတ်လိုက်ရင် အူဟောင်းလောင်းကျန်ခဲ့တဲ့မြို့ အတော်ရှားပါတယ်။ အဲထဲမှာ ကဗျာဆရာလှသန်းနဲ့ အောင်ဘညိုပါတယ်။ အဲဒီလိုလူကို ဂုဏ်ပြုပေးရမှာပေါ့။ သူ့ကဗျာတွေထဲက အမှတ်ရဆုံးကတော့ “ငယ်ငယ်တုန်းက ဘုရားနဲ့မတူ နူတတ်တယ်တဲ့၊ အမေ ပုံဆွဲ နူမှာ မကြောက် အမေနဲ့ မတူမှာ ကြောက်လှချည့်ရဲ့… ဆိုတဲ့ အမေကဗျာကို အကြိုက်ဆုံးပါပဲ”လို့ပြောပါတယ်။

ကဗျာဆရာအောင်ဘညိုဟာ ဟန်သစ်၊ ဖက်ရှင်၊ လှိုင်းသစ် ကမ်းလွန်လေတို့မှာ အယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့ပြီး အသံတူအရောင်များ၊ ၅၀/၅၀၊ တောမီး တကိုယ်တော် ကဗျာစာအုပ် ၃အုပ်ကို ရေးသားခဲ့ပါတယ်။

၂၀၁၅ခု ဇွန်လ ၁၀ရက် ရန်ကုန်မြို့ယုဇနနေအိမ်မှာ သွေးတိုးရောဂါနဲ့ အသက် ၅၅ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts