မောင်မိုးသူ

ဆေးလိပ်၊ ကွမ်းယာ၊ အရက်နှင့် မောင်မိုးသူ


ဆေးလိပ်၊ ကွမ်းယာ၊ အရက်နှင့် မောင်မိုးသူ

(ကုမုဒြာဂျာနယ်၊ ရန်ကုန်) မိုးမခ၊ ဇွန် ၉၊ ၂၀၁၈

မူးယစ်ဆေးဝါးတွေထဲမှာ ဆေးလိပ်၊ ကွမ်းယာနဲ့ အရက်တွေလည်းပါသပေါ့လေ။ မောင်မိုးသူဟာ အဲသည် သုံးမျိုးစလုံးကိုသုံးစွဲသောက်စားလာသူတစ်ဦး ဖြစ်ပါတယ်။ ဆေးလိပ်သောက်သုံးခြင်းကို ပထမဆုံး ထောင်ထဲမှာ ဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။

ဆေးလိပ်သောက်တာကို တက္ကသိုလ်ကျောင်းသားဘဝကတည်းကစတင်ခဲ့သည်ထင်ပါရဲ့။ စီးကရက်ကို စသောက်တတ်တာ။ နောက်တော့ ဆရာကြီးရွှေဥဒေါင်းတို့၊ စုံထောက်မောင်စံရှား(ရှားလော့ဟုမ်း)တို့ ကိုအားကျပြီး ဆေးတံလည်း သောက်ဖူးတယ်ခင်ဗျ။ ဆေးတံသောက်တုန်းကလည်း နိုင်ငံခြားဖြစ်ဆေးတံကိုမှ အကောင်းစား သတ်မှတ်ပြီး သောက်ခဲ့တာ။ ဆေးဘူးထဲ ကပ်ဖ်တန်တို့၊ကာစတန်တို့၊ အင်ဖိုးဒါးတို့မှ သောက်ချင်တာ။

ဒါပေမဲ့ ဆေးတံသောက်ရတာ ကရိကထများလွန်းတာကြောင့် ဆေးပြင်းလိပ်ပြောင်းသောက်လိုက်တယ်။ မန္တလေးက လူပျံတော်ဆေးပြင်းလိပ်ဆိုတာ မောင်မိုးသူကြိုက်ခဲ့ သောက်ခဲ့ဖူးတဲ့ ဆေးပြင်းလိပ်ပေါ့။ ရန်ကုန်မှာလည်း စထရန်းဟိုတယ်မှာရောင်းတဲ့ ပရဲစိတန့်ဆိုတဲ့ ဆေးပြင်းလိပ်ကို တစ်လိပ် ၁ဝဝ နဲ့ဝယ်သောက်ဖူးပါတယ်။

သည်လိုသည်လို ဆေးလိပ်ကိုသောက်သုံးခဲ့ရာမှ ထောင်ထဲရောက်တော့လည်း ဆေးလိပ်ကသောက်ဖြစ်တုန်းပါပဲ။ အိမ်ကလည်း ထောင်ဝင်စာတစ်ပတ်တိုင်းမှာ နွားဆေးပေါ့လိပ်ပို့ပေးပါတယ်။ ထောင်ဝင်စာ တစ်ပတ်တစ်ပတ်ကို အိမ်ကဆေးလိပ်တစ်စည်း ပို့ပေးလေ့ရှိပါတယ်။ မောင်မိုးသူ အင်းစိန်ထောင်ထဲမှာတော့ နွားဆေးလိပ်ကို အကောင်းဆုံးဆေးလိပ်၊ အကြိုက်ဆုံး ဆေးလိပ်ဟုအသိအမှတ်ပြုကြပါတယ်။

ထောင်ထဲမှာတော့ အကျဉ်းသားများဟာ မီးခြစ်ကိုင်ဆောင်ခွင့်မရှိပါဘူး။ ဒါကြောင့် ဖြတ်သွားဖြတ်လာတဲ့ ထောင်ဝန်ထမ်း ဘာရာတွေကို ဆေးလိပ်မီးတောင်းရပါတယ်။ သူတို့ကလည်းပေးရှာပါတယ်။ ဒါပေမဲ့လည်း ဘွာန်ကျပ်တည်းတဲ့တိုက် ကနေပြီး အထူးတိုက်ကို မောင်မိုးသူရောက်ပါတယ်။ အထူးတိုက်ဝင်းထဲမှာ ၁၀ ခန်းတွဲအထူးတိုက်ခန်းရှည်တစ်ခုရှိပြီး လုံးချင်းအိမ်များလည်းရှိပါတယ်။ လုံးချင်းအိမ်များမှာ တော့ အန်ကယ် ဦးတင်ဦးတို့လို၊ ဗိုလ်ချုပ်နေဝင်းမြေးတို့လို၊ မြောက်ကိုရီးယားက ဗုံးခွဲသမားတို့လို ပုဂ္ဂိုလ်တွေကိုထားတာပေါ့ခင်ဗျ။ မောင်မိုးသူတို့၊ ဦးဝင်းတင်တို့၊ မောင်ဝံသတို့ကတော့ ၁၀ ခန်းတွဲမှာပဲ နေရပါတယ်။

၁၀ ခန်းတွဲအထူးတိုက်ဆိုတာလည်း အထူးဆိုတဲ့အတိုင်း ဟိုတယ်တွေမှာလို ရေချိုးခန်း၊ အိမ်သာတွဲလျက်ပါတဲ့ တိုက်ခန်းမျိုးဖြစ်ပါတယ်။ အခန်းထဲမှာပဲ ရေဘုံပိုင်နဲ့စဥ့်အိုးတစ်လုံးရှိတယ်။ အိမ်သာတစ်ခုလည်း ရှိပါတယ်။ ထောင်ထဲမှာ မောင်မိုးသူ နေထိုင်ခဲ့ဖူးတဲ့ တိုက်တွေမှန်သမျှမှာ ဆီးသွားတာတို့၊ ဝမ်းသွားတာတို့ကို ဂန်ဖလားနဲ့ သွားရတာဖြစ်ပါတယ်။ သောက် ရေအိုးတစ်လုံးကိုသံတိုင်အပြင်ဘက်မှာ ထားတာပါ။ ထောင်ဝန်ထမ်းတွေက ရေဖြည့်ပေးရပါတယ်။ အထူးတိုက်မှာတော့ သောက်ရေအိုးက အခန်းထဲမှာပဲရှိပြီး ဘယ်ဝန်ထမ်းမှ လာဖြည့်ပေးတာမဟုတ်တဲ့အတွက် မောင်မိုးသူတို့ ကိုယ့်ဘာသာကိုယ် ဘုံပိုင်က ရေကို ရေစစ်နဲ့ခံပြီး သောက်ရေအိုးထဲထည့်ရပါတယ်။

အထူးတိုက်ရဲ့သဘောက သည်လိုရှိပါတယ်။ နေရတဲ့တိုက်ခန်းက အတော်ကျယ်တယ်။ အတွင်းတိုက်ခန်းမှာ သံတိုင်နဲ့ပြတင်းပေါက်တစ်ခုရှိပြီး လူဝင်ပေါက်သံတိုင်တံခါးတစ်ခုရှိပါတယ်။ အဲသည်အခန်းရဲ့အပြင် ဘက်မှာ သံဆန်ခါအမိုးနဲ့ နောက်ထပ်အခန်းငယ်တစ်ခုရှိပါတယ်။ အဲသည်အခန်းအပြင်ဘက်မှာ အုတ်နံရံနဲ့သစ်သားတံခါးရှိတာပါ။ အဲသည် သစ်သားတံခါးပိတ်ထားရင် အပြင်လောကကိုဘာမှမမြင်ရတော့ပါဘူး။ ဖွင့်ထားမှ ထောင်တွင်း အပြင်လောကရဲ့ စိုက်ခင်းလေးဘာလေးမြင်ရတာပေါ့။

မောင်မိုးသူတို့ကို ဆေးလိပ်မီးပေးရာမှာ မနက်တစ်ကြိမ်၊ ထမင်းစားချိန် တစ်ကြိမ်၊ ညနေထမင်းစားချိန်တစ်ကြိမ် သုံးကြိမ်ပဲပေးပါတယ်။ ဆေးလိပ်မီးပေးချိန်နဲ့ နောက်တစ်ကြိမ် ကြားထဲမှာမီးမပြတ်ချင် ရင်ဆေးလိပ်ကိုဆက်တိုက်မီးညှိထားပေါ့။ ရေချိုးရင်တောင် ဆေးလိပ်ကိုအုတ် ဘောင်ပေါ်တင်ပြီး ဆေးလိပ်မီးမငြိမ်းအောင် ထားရတယ်ခင်ဗျ။  အဲသည်လို အဲသည်လို ကရိကထများလွန်းတာနဲ့ ထောင်ထဲမှာ မောင်မိုးသူ ဆေးလိပ်ဖြတ်ခဲ့ပါတယ်။

မောင်မိုးသူထက်ပိုပြီး ဆေးလိပ်ကြိုက်တဲ့ သူကတော့ မောင်ဝံသဖြစ်ပါတယ်။ တကယ့်ကို ဆေးလိပ်ကို နှစ်နှစ်ခြိုက်ခြိုက်သောက်သုံးသူဖြစ်ပါတယ်။ သူလည်း ထောင်ထဲမှာပဲဆေးလိပ်ဖြတ်ပါတယ်။

ကွမ်းယာကို မောင်မိုးသူ ဘယ်အရွယ်က စားဖူးတာလဲဆိုရင် ရှစ်တန်းကျောင်းသားဘဝကပဲ။ အိမ်ထဲမှာ ထိုးထားလေ့ရှိတဲ့ အဝေးပြေးကုန်တင်ကားကြီးတွေရဲ့ ဒရိုင်ဘာ၊ စပယ်ယာများနဲ့တအားရင်းနှီး နေပါတယ်။ သူတို့ကလည်း ခေါ်၊ မောင်မိုး သူ ကလည်း လိုက်ချင်ဖြစ်နေတော့ အဝေးပြေး ကုန်တင်ကားကြီးနဲ့ မောင်မိုးသူ ရန်ကုန်ကိုလိုက်ဖြစ်ပါတယ်။ ကုန်တင်ကားကြီး ဒရိုင်ဘာတွေဟာ ကွမ်းယာအများကြီး အများကြီးဝယ်ပြီးတော့ စားသုံးကြသူများဖြစ်ပါတယ်။ သူတို့အဆိုကတော့ ကွမ်းယာဝါးထားရင် မငိုက်ဘူး၊ မအိပ်ချင်ဘူးဆိုတယ်။ ကားအရှေ့ခန်း   ဒရိုင်ဘာနံဘေးမှာထိုင်လိုက်သွားတဲ့ မောင်မိုးသူလည်း ကွမ်းစတင်စားတတ်လာပါတယ်။

နောင် တက္ကသိုလ်ကျောင်းသားဖြစ်လာပြီးနောက် ဘီယာလေး၊ အရက်လေး သောက်တတ်လာချိန်မှာတော့ ကွမ်းယာလေး ဝါးဖြစ်၊ စားဖြစ်ပြန်ရောခင်ဗျ။ တက္ကသိုလ်ကျောင်းသားဖြစ်တော့ ဆေးလိပ်ရော၊ ဘီယာရော၊ အရက်ရော ကွမ်းယာပါစားဖြစ်သောက်ဖြစ်ခဲ့ပါတယ်။ စာရေး ဆရာ ဘဝ၊ ရုပ်ရှင်ဒါရိုက်တာဘဝတွေမှာလည်း ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ ကွမ်းယာဝါးတာ မပြတ်ခဲ့ပါဘူး။

ဒါပေမဲ့လည်း ဒါပေမဲ့ပေါ့လေ၊ ရှစ်လေးလုံးအရေးတော်ပုံမှာပါဝင်ခဲ့ချိန်မှာ အရက်သောက်ခြင်းကို မောင်မိုးသူစတင်နားပါတယ်။ နောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ တာဝန်ယူရလို့ နိုင်ငံရေးတာ ဝန် ထမ်းဆောင်ချိန်မှာ အရက်သောက်လို့ မတော်ဘူးဆိုပြီး အရက်ကိုနားခဲ့တာ ဖြစ်ပါတယ်။ အဲထောင်ကျသွားတော့ လုံးဝပြတ်သွားတော့တာပါပဲ။

၂ဝဝဝ ခုနှစ် မောင်မိုးသူ ထောင်ကလွတ်လာတဲ့အချိန်မှာ နိုင်ငံရေးတာဝန်တွေ မယူတော့ပြီဖြစ်တဲ့အတွက် မောင်မိုးသူ တစ်ချိန်လုံး စွဲလမ်းသောက်ဖူးခဲ့တဲ့ အရက်ကို ပြန်လည်သောက်သုံးဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့လည်း အသက်ကလည်းကြီး၊ အရက်ဖြတ်ထားတာ နှစ်တွေကြာခဲ့ပြီဆိုလေတော့ မောင်မိုးသူ အရက်ကိုသိပ်မသောက်နိုင်တော့ပါဘူး။ ဘယ်လောက်အထိမသောက်နိုင်တော့လဲဆိုရင် ညနေ ညနေမှာ ဟတ်ပက်နှစ်ခွက်ပဲ သောက်နိုင်ပါတော့တယ်။ ဒါ့ကြောင့် မောင်မိုးသူအိမ်ကို အရက်ကြိုက်တဲ့ အနုပညာသမားတွေမလာကြတော့ပါဘူး။ သူတို့တစ်တွေက မောင်မိုးသူလို အရက်တစ်ပက်နှစ်ပက်နဲ့ မရပ်နိုင်ကြသူများ ဖြစ်လေတာကိုး။

သည်လို သည်လိုနဲ့ ဆေး ပုံမှန်စစ်ပေးတဲ့ ဆရာဝန်ကြီးများကလည်း အရက်ဟတ်ပက်နှစ်ခွက် သောက်ခြင်းကိုအားပေး၊ မောင်မိုးသူကလည်း ကြိုက်လေတော့ အခု အသက် ၈၂ နှစ်အရွယ်အထိ ညနေ ညနေမှာ ဟတ်ပက်နှစ်ခွက် သောက်သုံးဆဲဖြစ်ပါတယ်။

ကွမ်းယာကို ပြတ်သွားပုံက သည်လို သည်လိုပါ။ တိရစ္ဆာန်ရုံဘေးက မောနင်းစတားဆိုင်မှာ မောင်မိုးသူထိုင်တဲ့ ဝိုင်းတစ်ဝိုင်းရှိပါတယ်။ စာပေအနုပညာသမားများနဲ့အတူ မိုးကုတ်သားများနဲ့ပေါ့။ ဆိုင်ရှင်ဖြစ်တဲ့ ကိုကျော်စိုးမိုးပါ ပါတယ်လေ။ အဲသည်ဝိုင်းမှာလည်း မောင်မိုးသူရဲ့ စကားဝိုင်းဆိုပြီး နာမည်ကြီးပေါ့။ အဲသည်ဝိုင်းအထိပဲ မောင်မိုးသူရဲ့စားပွဲအောက်မှာ သစ်သားထွေးခံတစ်ခုရှိပါတယ်။နန်းကြီးသုပ်စား၊ လက်ဖက်ရည်သောက်ပြီး ကွမ်းယာဝါးတော့တာပါပဲ။ အဲသည်အချိန်မှာတော့ မောင်မိုးသူဆေးလိပ်ပြတ်နေပါပြီ။ အရက်လည်း စာပေအသိုင်းအဝိုင်းများနဲ့ ဆိုင်လိုက်ပြီးမသောက်ဖြစ်တော့ပါဘူး။ ဒါပေမဲ့ ကွမ်းယာတော့ စားတုန်းပဲခင်ဗျ။

တစ်နေ့တော့ မန္တလေးက တူမတစ်ယောက် သူ့မောင်ကွမ်းစားလွန်းလို့ ပါးစောင်မှာ အနာပေါက်လို့ ရန်ကုန်ကိုဆေးလာကုရပါတယ်။ အဲသည်သတင်းကိုသိလိုက်ရပြီး မောင်မိုးသူကွမ်းစားခြင်းကိုဖြတ်လိုက်ပါတယ်။ အခုဆိုရင် ငါးနှစ်လောက်ရှိပြီပေါ့။

ယနေ့ မြန်မာနိုင်ငံမှာအဆိုးရွားဆုံးနဲ့ လူငယ်တွေကို အန္တရာယ်ပေးဆုံးပြဿနာကတော့ မူးယစ်ဆေးဝါးပါပဲ၊ မူးယစ်ဆေးဝါးကတော့ မြန်မာနိုင်ငံမှာ နာမည်ကြီးပဲ။ ကမ္ဘာပေါ်မှာ ဘိန်းအထွက်ဆုံးဒေသ ရွှေတြိဂံ ဒေသလို့ အဆိုရှိခဲ့ကြတယ်။ မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်ကလွဲရင် ဒုတိယ အများဆုံးဘိန်းစိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံဖြစ်ပါသတဲ့။ အဲဒါဘိန်းဖြူခေတ်ကပေါ့။ ခုတော့ဆေးပြားခေတ်ရောက်သွားပါပြီ။

သတင်းစာတွေထဲမှာကြည့်လိုက် မူးယစ်ဆေးဝါးတွေဖမ်းမိတဲ့သတင်းက အမြဲတမ်းပါတယ်။ မြန်မာနိုင်ငံမှာ လူငယ်တွေအများအပြားဟာလည်း မူးယစ်ဆေးဝါးကိုသုံးစွဲကြ၊ စွဲလမ်းကြဖြစ်လေတော့ မူးယစ်ဆေးဝါး ဖြတ်ဖို့ နိုင်ငံတော်အစိုးရက ကြိုးစားဆောင်ရွက်နေကြတာတွေရှိပါတယ်။ အဲသည် မူးယစ်ဆေးဝါးဆေးပြားတွေကလည်း မြန်မာနိုင်ငံကပဲ ဘင်္ဂလားဒေ့ရှ်နဲ့ တခြားနိုင်ငံများကိုတင်ပို့ရောင်းချနေကြသတဲ့။

နောက်ဆုံး ဖတ်မိရတဲ့သတင်းကတော့ မြန်မာ့ဆိပ်ကမ်းမှ တင်ဆောင်သွားသည့် ဒေါ်လာ ၁၈ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့အပြင်ဘက်ရှိ ပို့ကလန်တွင်မလေးရှား အကောက်ခွန် တာဝန်ရှိသူများက မေလ ၂၂ ရက်နေ့က ဖမ်းဆီးရမိခဲ့ပြီး ၄င်းဖမ်းဆီးရမိမှုကို မြန်မာဘက်မှလည်းစုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိ သည်ကိုသတင်းများတွင် ဖတ်ရှုရပါတယ်။

သည်တော့ မူးယစ်ဆေးဝါး ဆေးပြားကိစ္စှမှာလည်း ဘိန်းနဲ့ ဘိန်းဖြူတုန်းကလို မြန်မာနိုင်ငံဟာ အထင်ကရနိုင်ငံပေါ့ခင်ဗျာ။ ဂုဏ်ယူရမလား၊ ဝမ်းနည်းရမလား မသိတော့ပါဘူး။

မောင်မိုးသူကတော့ ဆေးလိပ်၊ ကွမ်းယာနဲ့ အရက်ကိုသုံးစွဲခဲ့ပေမဲ့ ဘိန်း၊ ဘိန်းဖြူနဲ့တကွဆေးပြားများအထိ စမ်းသပ်သုံးစွဲခဲ့ခြင်းမရှိပါ။ မောင်မိုးသူတို့ ရုပ်ရှင်အသိုင်းအဝိုင်းထဲမှာလည်း နံပါတ်ဖိုးချတဲ့အသိုင်းအ ဝိုင်းလေးတစ်ခုရှိခဲ့ဖူးတယ်။ သူတို့တစ်တွေနဲ့ မောင်မိုးသူ ပေါင်းမိပေမဲ့လည်း အရက်ပဲသောက်တတ်သူဖြစ်ပါတယ်။ ယခုတော့ အရက်လည်း ဟတ်ပက် နှစ်ခွက်သောက်နိုင်တော့တာဖြစ်ပြီး ဆေးလိပ်တို့၊ ကွမ်းယာတို့ကို လုံးဝ မသုံးစွဲဖြစ်တော့ပါ။

ဆေးလိပ်၊ ကွမ်းယာ၊ အရက်နှင့် မောင်မိုးသူ။

မောင်မိုးသူ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts