Poems

Saung Yun La – Issues

“ကိစ္စများ”
 ဆောင်းယွန်းလ၊ စက်တင်ဘာ ၂၉ ၊ ၂၀၁၃

ရပ်ထဲရွာထဲ ခွေးမဲမဲဟောင်သံကစပြီး
ကမ္ဘာတ၀ှမ်းက မိုးထစ်ထစ်ချုန်းသံတွေ အဆုံးထိ
တုံးလုံးပဲ အိပ်အိပ်
မက်တပ်ပဲ မျက်စိတွေမှိတ်မှိတ်
စိတ်ကိုဆေးဆိုးတဲ့ နာနာဘာဝ ခွေးသူခိုးတွေနဲ့
အတိတ်ကို သွေးထိုးတဲ့ ဘေးဆိုးတွေက
တိုတောင်းတဲ့ ဘ၀ထဲမှာ တနံတလျား ရှည်လျားတဲ့ ကိစ္စပဲ…
ပျက်စီးခြင်းငါးပါး တွင်းနှုတ်ခမ်းကို နမ်းနေတဲ့
ကာလပေါ် မနက်ခင်းနဲ့
အနားပြာဇာတ်လမ်းတွေရဲ့ ပါးလွှာတဲ့ အနာဂတ်က
နှစ်ပင်လိမ် မူးနောက်ပြီး
ကျိန်စာတချို့အောက် ဒူးထောက်နေရတဲ့ ကိစ္စပဲ….
အချိန်မသိ အိမ်မရှိခဲ့တဲ့
အမေ့ခံ အတိတ်ရက်နှစ်တွေရဲ့ ရင်ဘတ်နဲ့
အဖြေမသိ ငွေမရှိတဲ့
အဖြည့်ခံ သက္ကရာဇ်တွေရဲ့ နောက်ကျောမှာ
ချွေးနဲ့ သွေးတွေ အလိမ်းလိမ်း ကိစ္စ
ဘ၀မှာ…
ကန္တာရတွေသာ နာရီနဲ့အမျှ ထူပြိန်းခဲ့ရတာလည်း ကိစ္စပေါ့….
သမိုင်းကြောင်းကို
အထက်နဲ့အောက် တနေ့ သုံးခေါက်လောက် လှန်လှန်ပြီး
အစစကို ခဏခဏ ရီဝိုင်းလုပ်ပေးနေရတဲ့
ကောက်ကွေ့ကွေ့ ကာလကြီးရဲ့
ခြောက်သွေ့သွေ့ သမိုင်းကလည်း
ရာဇ၀င်သူရဲကောင်းတချို့ရဲ့ မျက်နှာတွေကို
အိုးမဲသုတ်ပြီး ဈေးချရောင်းနေတဲ့ ကိစ္စတခုပဲ…
ဘာအရေး ညာအရေး
ဘယ်အရေး ဘယ်အရာဖြစ်ဖြစ်
စား ၀တ် နေရေးနဲ့ စရိတ်မဲ့သေရေးကို
ဒိုင်ခံတွေးနေရတဲ့ အပေါင်ဆုံးကာလကြီးရဲ့
အမှောင်ဆုံး အကာလ ညတွေမှာ
အလွမ်းဇာတ်ကားတွေ အခါခါမရိုက်ချင်တော့တဲ့ ကိစ္စနဲ့
အဆွေးရုပ်ရှင်တွေလည်း အပြန်ပြန်မကြည့်ချင်တော့တဲ့ ကိစ္စမှာလည်း
ဘာဘာညာညာ အရာအားလုံးဟာ ကိစ္စတွေထဲက ကိစ္စတွေပဲ…..
ဘာပဲဖြစ်ဖြစ်
လေပြေလေညင်းဆိုတာမျိုးက
ပြတင်းပေါက်တွေ ဘယ်လိုဘယ်လောက်ပဲ အစီအရီဖွင့်ထားဖွင့်ထား
အိမ်ထဲကို သူ့အလိုလို တိုးဖြဲဝင်လာတတ်တဲ့
နတ်ဘုရားတပါးမဟုတ်ဘူးဆိုတဲ့ ကိစ္စကို
ကိစ္စအကြောင်းကြောင်းရဲ့ အတွေ့အကြုံအရသိမှတ်ရတာလည်း ကိစ္စပဲ….
မိုးထဲလေထဲမှာ
ကြေကွဲငှက်တွေက ပျံချင်တိုင်းပျံလို့..
အရေးဆို နို့မစို့ရတဲ့ ကလေးတွေက ငိုနေပြန်ပါပြီ
တေးဆိုချော့သိပ်တတ်တဲ့ လူကြီးတွေရဲ့ မုသာဝါဒဂျောက်နက်ထဲ
အဲဒီ ကလေးတွေ
ဘယ်လောက်ကြာကြာ မှောက်ရက်လဲနေရဦးမယ်မသိရတဲ့ ကိစ္စကလည်း
တွေးရခက်အောင် ဂွကျတဲ့ ကိစ္စတခုပဲ….
အဲဒီလို..
အလံတ၀တ် ကပ်ငြိနေတဲ့ စိတ်တွေကို
ခပ်မြင့်မြင့်ရောက်အောင် လွှတ်တင်ဖို့ ကြိုးစားရင်း
ငါ့အဝေးကွင်းက တဖြေးဖြေးကျဉ်းလာတဲ့…ကိစ္စ
ကိစ္စတွေကို ကိစ္စတုန်းပစ်ချင်တဲ့…ကိစ္စ
ကိစ္စအားလုံးကို ပခုံးပေါ်ပစ်တင်ထားရတဲ့…ကိစ္စ
ဖ၀ါးနဲ့ပခုံးကြား အမုန်းပွားနေရတဲ့…ကိစ္စ
တဒင်္ဂပေါင်းများစွာထဲက ကိစ္စပေါင်းသောင်းခြောက်ထောင်တို့ရဲ့…ကိစ္စ
ကိစ္စပေါင်းများစွာထဲမှာ
ကိုယ့်ချောင်းကိုယ်လျှောက်ပြီး
ကိုယ့်အလောင်းကိုယ်ပြန်ကောက်နေရတာလည်း.ကိစ္စတွေထဲက…ကိစ္စပဲ…။      
ဆောင်းယွန်းလ (စက်တင်ဘာလ ၂၇ရက်၊ ၂၀၁၃ခုနှစ်)

Photo credits – http://www.gulfofmaine.org/2/resources/state-of-the-gulf-of-maine-report/emerging-issues/


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts