Yan Naung (Bo Ta Htaung) ရသဆောင်းပါးစုံ

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ နှင့် မောင်ရန်နောင်


ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ နှင့် မောင်ရန်နောင်
ရန်နောင်(ဗိုလ်တထောင်) မိုးမခ၊ ဇွန် ၅၊ ၂၀၁၈

မောင်ရန်နောင် တယောက် မြို့တော်ခန်းမရှေ့က ဖြတ်လျှောက်ရင်း ကြည့်လိုက်တော့ ဗီနိုင်းဘုတ်အဖြူကြီး ထောင်ထားတာ သွားတွေ့တယ်။ ဘာလဲဟ လို့ မျက်မှန်ကို ပွတ်သပ်ကြည့်လိုက်တော့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ တဲ့။

ငယ်ငယ်တုန်းက အဲဒီလိုနေ့မျိုးဆို စာစီစာကုံးတွေ ပြိုင်တာတွေ ဘာတွေ လုပ်ခဲ့ကြတာပေါ့။ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုတော့ ဘာတွေများ လုပ်မှာလဲ ဆို အနားတိုးကပ်ကြည့်တော့ ဒီနှစ်ရဲ့ ဆောင်ပုဒ်က ပလပ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ကြစို့တဲ့။

ကမ္ဘာမှာ ပလပ်စတစ် စွန့်ပစ်ပစ္စည်းတွေကြောင့် လူတွေ၊ သတ္တဝါတွေ ဒုက္ခရောက်ရတာ မနည်းပါဘူး။ မောင်ရန်နောင် ပလပ်စတစ် အန္တရာယ်ကို ဆရာမဂျူး ကလျာမဂ္ဂဇင်းမှာ စရေးကတည်းက ဖတ်ဖူးခဲ့လို့ ပလပ်စတစ် အန္တရာယ်ကို တော်တော်သိခဲ့ပါတယ်။ ပလပ်စတစ်အန္တရာယ်ဟာ ဘယ်လောက်ဆိုးတယ် ဆိုတာလည်း ဆရာမဂျူးရေးတာတွေ ပြန်ဖတ်ကြရင်၊ သူ့ ဟောပြောပွဲတွေ နားထောင်ရင် သိကြမှာပါ။

ပလပ်စတစ် အန္တရာယ်ကို မသိခင် ပလပ်စတစ်က မောင်ရန်နောင့်ကို ဘယ်လိုတွေ ကောင်းကျိုးပေးတာလေး ပြောပြချင်ပါတယ်။ မောင်ရန်နောင် ငယ်ငယ်တုန်းက မေမေက အမှိုက်ကားလာလို့ အမှိုက်သွားသွန်ခိုင်းရင် အိမ်ကစဉ့်အိုးထဲက ပလပ်စတစ်အိတ် အပျော့ သုံးလေးလုံးကို အပေါ်ကနေ တင်လိုက်ပါတယ်။ အမှိုက်ကားနားရောက်ရင် ကားပေါ်က စည်ပင်ဝန်ထမ်းကို အမှိုက်ပုံးလေး မြှောက်ပြလိုက်ရင် လူတွေ အများကြီးထဲက ကိုယ့်အမှိုက်ပုံးကို အရင်ပြေးယူအောင်လေ။ အဲဒီလိုလေး ပလပ်စတစ်က မောင်ရန်နောင်ကို အကျိုးပြုတာပါ။

နောက် ရှိသေးတယ်။ အိမ်မှာက စတိုးဆိုင် အိမ်ဆိုင်လေး ဖွင့်ထားတော့ ပလပ်စတစ်တွေက ပါကင်ထုပ်တွေ ဖောက်လိုက်ရင် ဖောချင်းသောချင်းပေါ့။ အဲဒီအခါကျရင် ပလပ်စတစ်အိတ်ကို အပျော့နဲ့ အမာ ခွဲရသလို ပါကင်ဖောက်ရင်လည်း ကတ်ကြေးလေးနဲ့ ညီညီညာညာလေး ဖောက်ရတယ်။ ဒါမှ မစုတ်မပြဲမှာလေ။ အဲဒီလို အပျော့ ၊ အကျွတ် ခွဲခြားပြီး စဥ့်အိုးထဲ သိပ်ထည့်ထားရတယ်။ တနှစ်ပတ်လုံးစာ သိမ်းထားတာပေါ့။ နွေရာသီရောက်လို့ စာမေးပွဲတွေလည်း ပြီးရော ဗလာစာအုပ်အဟောင်းတွေ ၊ သတင်းစာအဟောင်းတွေ ၊ စုဆောင်းထားတဲ့ ပလပ်စတစ်တွေကို စုပုံပြီး ခိုင်ထူး သီချင်းထဲကလို ကုလားဆိုင်ကို ရောင်းဖို့ပို့ရတာပေါ့။

အဲဒီလို နေ့မျိုးကျရင် မောင်ရန်နောင်တို့ မောင်နှမတွေ အရမ်းကို တက်ကြွစွာနဲ့ လုပ်အားဝင်ပေးကြတယ်။ သတင်းစာအဟောင်းတွေ ရှင်းရင်းနဲ့ ကိုယ်လိုချင်တာတွေ့ ထိုင်ဖတ်လိုက်၊ ရောင်းမယ့်အထဲက ကစားစရာအရုပ်အဟောင်းတွေ တွေ့ ပြန်သိမ်း၊ အသစ်ရသလို ပျော် ဟုတ်နေတာပဲလေ။ ဘော်တယ်ဆိုင် ရောက်တော့လည်း ဘော်တယ်ဆိုင်က အလေးချိန်မမှန်ရင် ပြဿနာတွေ တက်ရ၊ အိမ်က ချိန်ပေးလိုက်တဲ့ အလေးချိန်နဲ့ ဘော်တယ်ဆိုင်က အလေးချိန် မတူရင် ကွိုင်ရှာပေါ့။ တခါရောင်းလိုက်ရင် ရတဲ့ပိုက်ဆံက မနည်းမနောပဲ ထင်ရတယ်။ ကလေး ဘဝမှာလေ။

အဲဒီလို အဟောင်းအမြင်းတွေ၊ ပလပ်စတစ်တွေ ရောင်းပြီးရင် မေမေက တခုခု လုပ်ကျွေးတယ်။ မုန့်သည်ခေါ် ဝယ်စားရင်လည်း စားတယ်။ ပလပ်စတစ်က မောင်ရန်နောင်ကို အဲဒီလို အကျိုးပေးတာပါ။

သင်္ဘောသား လုပ်မယ်ဆိုတော့ လက်မှတ်လေးစောင်သင်တန်းကို စတက်ရတယ်။ အဲဒီမှာ အမှိုက်စွန့်ပစ်ပုံ စွန့်ပစ်နည်းတွေ ၊ မစွန့်ပစ်ရမယ့် ပစ္စည်းတွေ ဘာဆိုတာ သင်ရပြန်တယ်။ ဆရာမ ဂျူးရဲ့ စာတွေကို ဖတ်ထားတဲ့ မောင်ရန်နောင်ပဲလေ။ ဘာရမလဲ။ ဆရာက မေးတယ်။ ပင်လယ်ထဲမှာ လုံးဝ စွန့်မပစ်ရတဲ့ ပစ္စည်းက ဘာလဲ ဆိုတော့ ပလပ်စတစ် လို့ အကျယ်ကြီး ထအော်လိုက်တယ်။ ဆရာက ဟာ ငါတောင် မသင်ရသေးဘူး၊ ဒီကောင် တတ်နေပါလားပေါ့။

တကယ်တော့ ပလပ်စတစ် ဟာ ဘယ်သူ့ကိုမှ အကျိုးမပြုပါဘူး။ မောင်ရန်နောင်တို့ နိုင်ငံမှာ အခုမှ တဖန်ပြန်သုံး ပညာပေးတွေ လာလုပ်နေတာ၊ မောင်ရန်နောင်တို့ မြန်မာနိုင်ငံမှာ အစောကတည်းက ဒီ တဖန်ပြန်သုံး ဗဟုသုတက ရှိပြီးသားပါ။ ကျွပ်ကျွပ်အိတ်တွေ ပေါ်ခါစက မောင်ရန်နောင် ကလေးဘဝပါ။ အခုလို ဖောချင်းသောချင်း သုံးရတဲ့ အချိန်မဟုတ်ပါဘူး။ ခေါက်ဆွဲကြော် ဝယ်ရင် သတင်းစာ စက္ကူနဲ့ ထုပ်ပေးတာပါ။ သတင်းစာစက္ကူပေါ်မှာ အင်ဖက်တင် ၊ အင်ဖက်ပေါ် ခေါက်ဆွဲထည့်ပြီး သင်အူကြိုးနဲ့ ထုပ်ယူလာရတာပါ။

မုန့်ဟင်းခါး ဝယ်ရင် အိမ်ကနေ ချိုင့်နဲ့ သွားဝယ်ရတာပါ။ ဒါကို ကျွပ်ကျွပ်အိတ်တွေ ပေါ်လာတော့ ထုပ်ပိုးမှု ပိုကောင်းတယ် ဆိုပြီး ထုပ်ပိုးကြရင်း တွင်ကျယ်သွားတာပါ။ ကျွပ်ကျွပ်အိတ် လုပ်ငန်း တခုဆို ဆောက်ထားတဲ့ တိုက်ကြီးမှ ဟီးထနေတာပဲလေ။

သင်္ဘောသား ဖြစ်တော့ သင်တန်းတုန်းက သင်ခဲ့တဲ့ အတိုင်း ပလပ်စတစ်ဆို ပင်လယ်ထဲ ပစ်မချရဘူး ဆိုပေမယ့် အခု မြန်မာနိုင်ငံမှာ ပညာလာပေးနေတဲ့ ပလတ်စတစ်အရှင်သခင် အနောက်နိုင်ငံသားတွေ  ဟိုတုန်းကပဲ သူတို့ကိုယ်တိုင် လွှင့်ပစ်ခဲ့ကြတာ မဟုတ်လား။

အခု ရက်ပိုင်း ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့နဲ့ ပတ်သက်ပြီး ပွဲလေးတွေ လုပ်နေကြတာ တွေ့ရတယ်။ အအေး သောက်ရင် ပလပ်စတစ်ပိုက်နဲ့ မသောက်ဖို့ ပညာတွေ ပေးနေကြတယ်။ မောင်ရန်နောင်တို့က ကြံရည်ရောင်းခဲ့သေးတာလေ။ ကြံရည်မှ မဟုတ်ဘူး ။ အအေးသောက်ရင် ဖန်ခွက်နှုတ်ခမ်းလေးနဲ့ ကိုယ့်နှုတ်ခမ်း ထိသောက်ရတဲ့ အရသာက ပိုက်နဲ့ စုပ်သောက်ရတဲ့ အရသာနဲ့ မတူပါဘူး။ ဖန်ခွက်နှုတ်ခမ်းက နေ ကိုယ့်နှုတ်ခမ်းလေးကို ကူးစက်လာတဲ့ အအေးဓါတ်ကို ခံစားရင်း သောက်ရတာ သိပ်ကို အရသာ ရှိတာပဲလေ။ ဒါကို ရှည်လျားပြီး ပိုက်လေးနဲ့ စုပ်သောက်တတ်အောင် သင်ပေးတာ ဒီနိုင်ငံခြားသားတွေပဲလေ။ သူတို့ပဲ တီထွင်တယ်။ သူတို့ပဲ ခု မကောင်းဘူးပြောတယ်။ အခု ဆီထမင်း၊ အခု စာကလေးကြော် လုပ်တဲ့သူတွေပါ။

ပလပ်စတစ်တွေဟာ ဓါတုဗေဒနည်းပညာတွေနဲ့ ထုတ်လုပ်ထားတာပါ။ ပလပ်စတစ်ရုပ်ကလေးလို အသည်းနှလုံး မပါဘူးတဲ့ ဘာညာလိုပဲ စထုတ်တုန်းကောတ့ ပေါပေါများများ မထုတ်နိုင်လို့ တွင်တွင်ကျယ်ကျယ် မသုံးနိုင်ဘူး။ လေဆိပ်မှာ နိုင်ငံခြားက ပြန်လာတဲ့သူဆီက ပလပ်စတစ်အိတ်လေးတွေ လိုက်တောင်း ပြန်ရောင်းတဲ့ ခေတ်တခေတ် ရှိခဲ့ဖူးတယ်လေ။ ပလပ်စတစ်ကို ခုတော့ ပုံစံမျိုးစုံနဲ့ လူသုံးကုန်ပစ္စည်း အမျိုးမျိုးပါ ထုတ်လုပ်နိုင်လာပါပြီ။

ဘောလ်ပင်များ၊ မျက်မှန်၊ ကုလားထိုင်၊ ပန်းကန်ခွက်ယောက်များ ၊ ဇွန်းများ၊ ဟန်းဆက်တွင် သုံးသော ရောင်စုံအကာများ၊ ကစားစရာများ၊ မိုးကာ နှင့် လူသုံးကုန် ပစ္စည်းများ အစရှိသဖြင့် ပလပ်စတစ်ဟာ ကမ္ဘာပေါ်မှာ အသုံးဝင်ဆုံး ပစ္စည်းတခု ဖြစ်လာသလို ကမ္ဘာ့ပတ်ဝန်းကျင်မှာလည်း ဒုက္ခအပေးဆုံး ပစ္စည်းတခု ဖြစ်လာလေတော့ကာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ နှင့် မောင်ရန်နောင်ပါ။ ။

ရန်နောင်(ဗိုလ်တထောင်)
၅-၆-၂၀၁၈
၀၀း၂၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts