ကဗျာ

ဒီလူည ● တယ်လီဗေးရှင်းရှေ့မှာ ငါထိုင်နေတယ်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဒီလူည ● တယ်လီဗေးရှင်းရှေ့မှာ ငါထိုင်နေတယ်
(မိုးမခ) မေ ၂၄၊ ၂၀၁၈

တယ်လီဗေးရှင်း ရှေ့မှာ ငါထိုင်နေတယ်

မနက်အိပ်ရာက ထပြီဆိုတာနဲ့
တယ်လီဗေးရှင်းရှေ့မှာ ငါဟာ သွားထိုင်တယ်
တယ်လီဗေးရှင်းက ထုတ်လွှင့်တဲ့ တရားတော်ကိုနာပြီး
ငါ့စိတ်တွေဟာ အေးချမ်းလာတယ်
ငါ့နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးစည်ပင်မှုတွေကို ကြားရတဲ့အခါ
ငါဟာ ခြုံထားတဲ့စောင်ကို ခွာပြီး နိုင်ငံတော်အလံကို ခြုံလိုက်တယ်
ငါ့မှာ အချမ်းဒဏ်ကို ခုခံနိုင်လာပြီး နွေးထွေးလာတယ်
ငါတို့ နိုင်ငံသားတွေရဲ့ ကူညီဖေးမမှုတွေကိုထုတ်လွှင့်တဲ့
ချန်နယ်ကိုရောက်လာတဲ့အခါ
ငါဟာ သိပ်ပြီးဂုဏ်ယူတာပဲ
ထိုင်နေတဲ့နေရာကနေ နှစ်ပေလောက်ထိ မြောက်မြောက်တက်သွားတယ်

ငါ့အမေကတော့
တယ်လီဗေးရှင်းရှေ့မှာ အကြာကြီး မထိုင်ဖို့ပြောတယ်
ကြာရင် နင့်ကျောရိုးတွေ ကွေးညွှတ်လာမယ်တဲ့

ငါကတော့
ငါ့အမေပြောတဲ့စကားကို အဓိပ္ပါယ် မဖွင့်ကြည့်ဘူး
တယ်လီဗေးရှင်းရှေ့မှာပဲ ငါဟာ ထိုင်နေတယ်
ငါ့နိုင်ငံတော်ကြီးရဲ့ စိမ်းစိုသာယာမှုတွေကြည့်ပြီး
ကြည်နူးမဆုံးဘူး
ငါ့နိုင်ငံတော်ကြီးရဲ့ ချစ်ခင်ရင်းနှီးစွာ ကာကွယ်ပေးမှုတွေကိုကြည့်ပြီး
ကျေးဇူးတင်လို့ မဆုံးဘူး
ငါ့နိုင်ငံတော်ကြီးရဲ့
ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပျော်ရွှင်နေတဲ့ သတင်းတွေကိုကြည့်ပြီး
ငါ့အရေပြားတွေတောင် အေးမြလာတယ်
ငါ့နိုင်ငံတော်ကြီးဟာ တန်ဖိုးနည်းအိမ်ရာတွေနဲ့
ခမ်းနားလွန်းတဲ့ အဆောက်အဦတွေနဲ့
ငါ့နိုင်ငံတော်ကြီးဟာ နေချင်စရာသိပ်ကောင်းတယ်
အသေခံဗုံးခွဲမှုတွေနဲ့ ဆန္ဒပြမှုတွေ ထူပြောတဲ့
နိုင်ငံတကာ သတင်းတွေကို ကြည့်ပြီးတိုင်း
ငါ့နိုင်ငံတော်မှာ ငါဟာ လူဖြစ်ခွင့်ရတာကို
အကျေနပ်ကြီး ကျေနပ်လို့
ပဋိပက္ခ သောင်းခြောက်ထောင်နဲ့ လူဖြစ်နေရတဲ့
နိုင်ငံတကာ သတင်းထဲက လူတွေကိုကြည့်ပြီး
သူတို့ကို ငါ သိပ်သနားမိတယ်
ငါ့နိုင်ငံတော်ဟာ နေပျော်စရာ သိပ်ကောင်းတယ်

ငါ့အမေကတော့
စားဝတ်နေရေး ခက်ခဲကြမ်းတမ်းမှုတွေကိုပြောတယ်
နင့်အဖေရဲ့ဝင်ငွေက
ငါတို့ အသက်ကိုဆက်နိုင်ဖို့ အာမ မခံထားဘူးဟဲ့

ငါ နားမလည်ဘူး
ငါ့အမေပြောတာကို ငါ နားမလည်ဘူး

ငါဟာ တယ်လီဗေးရှင်းရှေ့မှာပဲ ထိုင်နေတယ်

ငါ့နိုင်ငံတော်ကြီးထဲမှာ နေရထိုင်ရတာကို ငါကျေနပ်တယ်
ငါတို့ပြည်သူတွေရဲ့ ပြုံးပြုံးပျော်ပျော် ဓါတ်ပုံတွေကို တွေ့နေရတာပဲ
ငါ့နိုင်ငံတော်ကြီးရဲ့ စိမ်းလန်းတဲ့တောတောင် ရေမြေ တွေကို တွေ့မြင်နေရတာပဲ
ငါ့နိုင်ငံတော်ရဲ့ ကြွယ်ဝလှတဲ့ သယံဇာတတွေကို မြင်နေရတာပဲ
ငါဟာ အိမ်က ထမင်းဝိုင်းမှာ မထိုင်ဘဲ
ချန်နယ်က အရသာရှိရှိ ဟင်းတွေနဲ့ပဲစားတယ်
ဒီတော့ ငါဟာ ဝလာတာပေါ့
ဒီတော့ ငါ ဟာ ဆူဆူဖြိုးဖြိုး ဖြစ်လာတာပေါ့
ငါ့နိုင်ငံတော်ကို ချစ်မြတ်နိုးတဲ့ စိတ်တွေလည်း
မိုးဦးကျ မှိုပွင့်တွေလို တဖွားဖွားပေါ်လာတာပေါ့

ငါ့အမေ ဘာမှမပြောခင်
ငါဟာ တယ်လီဗေးရှင်းရှေ့မှာ ထိုင်လိုက်တယ်
ပြီးတော့ အသံကို ကျယ်ကျယ်ဖွင့်ထားလိုက်တယ်။  ။

ဒီလူည
၂၇ ဧပြီ ၂၀၁၈

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts