သူတို့အာဘော်

အောင်သဇင် ● ဖက်ဒရယ်ပြည်နယ်အခြေခံဥပဒေနဲ့ ၂၀၀၈

အောင်သဇင် ● ဖက်ဒရယ်ပြည်နယ်အခြေခံဥပဒေနဲ့ ၂၀၀၈
(မိုးမခ) မေ ၂၄၊ ၂၀၁၈

မကြာခင်ရက်ပိုင်းတုံးက ပြည်နယ်ဖွဲ့စည်းပုံဥပဒေ ဆွဲခွင့်ရပြီ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရတော့မယ်လို့ လုပ်စားသမား တယောက် ကြွေးကြော်တာ ကြားလိုက်ရတယ်။ ခွဲမထွက်ရေး သို့မဟုတ် ပြည်ထောင်စုမပြိုကွဲရေး စကားလုံး ထည့်မှ စစ်တပ်က သဘောတူမယ်ပြောနေတော့ ဘယ်လိုလုပ်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရပြီလို့ သတ်မှတ်သလဲ ရယ်စရာဖြစ်နေတယ်။ အဲ့လူက HGP အထက်တန်းရှေ့နေ အောင်ထားသူဆိုတာသိရတော့ ပိုလို့တောင် အံ့သြ သွားမိတယ်။

အထူးသဖြင့် ၂၀၀၈ အခြေခံဥပဒေနဲ့ ကွဲလွဲဆန့်ကျင်မှုမရှိစေရဆိုတော့ အဲ့ဒီ’ဖက်ဒရယ်’စနစ်ဟာ ဒီနေ့ဗမာပြည် ရဲ့ ဒီမိုကရေစီစနစ်လိုမျိုးဘဲဖြစ်လိမ့်မယ်။ သွေးစပ်သွေးနှောလို့တောင်ပြောမရဘဲ လုံးဝ ဘာသာခြား ကဏ္ဍခြား အမျိုးခြား အရည်ခြုံ စနစ်သာဖြစ်နေတယ်။ ကမ္ဘာပေါ်က ဘယ်နိုင်ငံရေးသိပ္ပံပညာရှင်ကိုမေးမေး ဗမာပြည်နိုင်ငံ ရေးစနစ်ကို ဘယ်သူမှ ဒီမိုက ရေစီစနစ်လို့ ပြောမှာမဟုတ်သလို တိုင်းရင်းသားရေးရာမှာလဲ ဖက်ဒရယ် စနစ်ဖြစ်တယ်၊ သို့မဟုတ် တိုင်းရင်းသားတန်းတူအခွင့်အရေးဖြစ်တယ်လို့ ဘယ်သူမှ ထောက်ခံပေးမှာ မဟုတ်ပါ ဘူး။ ယုတ်စွအဆုံး တပြည်ထောင်စနစ် တရုတ်ပြည်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်ကတောင် အခု သဘောတူ ထားတဲ့ ဖက်ဒရယ်ဆိုတဲ့စနစ်ထက် သာနေပါသေးတယ်။

၂၀၀၈ ရဲ့လူပါးဝချက်ကို လွှတ်တော်နဲ့ အစိုးရအဖွဲ့နယ်ပယ် နိုင်ငံရေးနယ်ပယ်မှာတင် တွေ့နိုင်တာမဟုတ်ဘဲ တိုင်းရင်း သားနယ်ပယ်မှာပါ ကြီးစိုးနေတာကို မကြာသေးတဲ့ မေလဆန်းတုံးက လွှတ်တော်ကိုယ်စားလှယ်တဦး ရဲ့မေးခွန်းအပေါ် ကြံ့ဖွတ်အကြွင်းအကျန် ဗိုလ်မှူးဟောင်းဇော်ဌေးရဲ့ ဖြေကြားချက်မှာ တွေ့နိုင်တယ်။ အဲ့ဒီဖြေ ကြားချက်ဆိုတဲ့ စော်ကား ချက်ထဲမှာ ၁၉၄၇ ပင်လုံစာချုပ်ဟာ ၂၀၀၈ ကို မဆန့်ကျင်မှဘဲ တရားဝင်မယ် အကျုံးဝင်မယ်၊ ပင်လုံစာချုပ်ဟာ အဓိကမ ကျတော့ဘဲ စစ်အုပ်စုကလိုသလိုဆွဲပြောမယ့် ပင်လုံ’စိတ်ဓာတ်’ ဆိုတာကဘဲ အဓိကကျတယ်လို့ ဖြေထားတယ်။ ဖေဖော်ဝါရီ ၁၂ ရက်ပြည်ထောင်စုနေ့ကိုပါ ဖျက်သိမ်းလိုက်ရင် အံ့သြစရာမရှိပါဘူး။

တကယ်တော့ ခွဲထွက်ခွင့်မပါ၊ ဖက်ဒရယ်စကားလုံးတောင် မပြောခဲ့တဲ့ တိုင်းရင်းသားအခွင့်အရေးတောင်းဆို ချက်ကို ၂၀၀၄ ခုနှစ်က ညောင်နှစ်ပင်ညီလာခံမှာ အပစ်ရပ်အဖွဲ့ ၁၃ ဖွဲ့က တင်ခဲ့ပြီးဖြစ်တယ်။ အဲဒါကို မှတ်တမ်း တင်ထားပါမယ်လို့ စစ်အုပ်စုက လူရှေ့မှာတရားဝင်ပြောခဲ့ပြီး နောက်ကွယ်မှာတော့ ဒါတွေလိုချင်ရင် စစ်ပြန် တိုက်ယူကြလို့ တရားမဝင်စိန်ခေါ်ခြိမ်းခြောက်ခဲ့တာဖြစ်တယ်။ ဒါကြောင့် ၂၀၁၀-၂၀၁၁ တကျော့ပြန်ပြည်တွင်း စစ်ပေါက်ကွဲမှုရဲ့တရားခံဟာ အဲ့ဒီညောင် နှစ်ပင်ညီလာခံလို့ ပြောရင်မမှားပါဘူး။ အခု ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရပြီ ပြောနေသူရဲ့ မိခင်အဖွဲ့အစည်းဟာ အဲ့တုံးက ၁၃ ဖွဲ့ထဲမှာတောင်မပါခဲ့ဘဲ ၂၀၀၈ ဖြစ်လာမယ့် အခြေခံမူ ၁၀၄ ချက်ကို ခြေစုံပစ်ထောက်ခံခဲ့တာဖြစ်တယ်။ အဲ့တုံးက ၁၃ ဖွဲ့ထဲပါခဲ့တဲ့ လက်နက်ကိုင်တွေက …

၁။ KIA ကချင်
၂။ SSPP ရှမ်း
၃။ PSLO ပလောင် (ဒီနေ့ TNLA ရဲ့မူလအဖွဲ့)
၎။ SSNA ရှမ်း (ဒီနေ့ RCSS ရဲ့ တစိတ်တပိုင်း)
၅။ မွန်ပြည်သစ်ပါတီ (အခု NCA ကို နောက်ဆုံးလက်မှတ် ထိုးထားတဲ့ အဖွဲ့တဖွဲ့)
၆။ ရလလဖ (ဒီနေ့ PNLO တစိတ်တပိုင်း)
၇။ ကယန်းပြည်သစ် (ဒီနေ့ ကယန်းပြည်သူ့စစ်အဖြစ် တဖက်သတ် သတ်မှတ်ခံရ)
၈။ ကလလတ (ဒီနေ့ ကယားပြည်နယ် BGF)
၉။ NDA-K (ဒီနေ့ ကချင် BGF)
၁၀။ KDA (ဒီနေ့ ကောင်ခါးပြည်သူ့စစ်)
၁၁။ KNG (ဒီနေ့ မိုးဗြဲပြည်သူ့စစ်)
၁၂။ မွန်ပြည်သစ်ပါတီခွဲထွက် MMA ချောင်ချိဒေသအဖွဲ့
၁၃။ KNPP ခွဲထွက် KNPDP ကယောအဖွဲ့တို့ဖြစ်တယ်။

ဒါ့အပြင် MNDAA UWSA နဲ့ NDAA ငြိမ်းချမ်းရေး ၃ ဖွဲ့က ဖက်ဒရယ်နာမယ်မခံတဲ့ တိုင်းရင်းသားအခွင့်အရေး တွေ သီးခြား တင်သွင်းခဲ့တာကိုလည်း ပယ်ချခဲ့တယ်။ ကလလတ၊ မွန်ပြည်သစ်ပါတီ၊ ကယန်းပြည်သစ်နဲ့ KIA တို့ဟာ ၁၃ ဖွဲ့ ပူးတွဲစာ တမ်းအပြင် သီးခြားတဖွဲ့ချင်းစာတမ်းတွေလဲ ညောင်နှစ်ပင်ညီလာခံကို တင်ခဲ့ကြတာ ထုံးစံအတိုင်း မှတ်တမ်းတင်ထားမယ် ဆိုတဲ့အဖြေဘဲရခဲ့တယ်။

အဲ့ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆန့်ကျင်ဘက်မှာတော့ –
၁။ PNO (ယခု ပအိုဝ်းပြည်သူ့စစ်)
၂။ DKBA (ယခု ကရင်ပြည်နယ် BGF)
၃။ ဟောင်သရောအဖွဲ့ (ယခု ကရင်ပြည်နယ် BGF)
၎။ KNPP ခွဲထွက် KNDP နဂါးအဖွဲ့ (ယခု ကယားပြည်နယ် ပြည်သူ့စစ်တဖွဲ့)
၅။ KNPP ခွဲထွက် ကြယ်ဖြူအဖွဲ့ (ယခု ကယားပြည်နယ် ပြည်သူ့စစ်တဖွဲ့)
၆။ KNU ခွဲထွက် ဘုရားကုန်း ပဒိုအောင်ဆန်းလက်နက်ချအဖွဲ့
၇။ ဗကပ ရခိုင်ပြည်နယ် စောထွန်းဦး လက်နက်ချအဖွဲ့
၈။ AA ရခိုင်တပ်မတော် သန်းရွှေ လက်နက်ချအဖွဲ့
၉။ မွန်ပြည်သစ်ခွဲထွက် နိုင်စိုက်ချမ်းအဖွဲ့

၁၀-၁၂။ ခွန်ဆာရဲ့ MTA အသွင်ပြောင်း ပြည်သူ့စစ်သုံးဖွဲ့ (ယခု မဟာဂျာ ဟိုမိန်းအဖွဲ့၊ ဘိုမွန်း မန်ပန်အဖွဲ့၊ ခွန်းမိန်း ဖယ်ခုံ-ကသည်းကွင်းအဖွဲ့) ဆိုတဲ့ ၁၂ ဖွဲ့ကတော့ စစ်အုပ်စုတင်သမျှကို အပြည့်အဝထောက်ခံပေးခဲ့ကြ တယ်။

ဒီကနေ့ခေတ်မှာ ၂၁ ရာစု စီးပွားရေး လူမှုရေးအပြောင်းအလဲတွေကြောင့် သမရိုးကျ ဗဟိုဦးစီးစနစ်နိုင်ငံတွေမှာ တောင် အောက်ခြေတွေကို အာဏာချပေး ခွဲပေးတာတွေ လုပ်ရတာရှိပါတယ်။ ဥပမာ- ဖက်ဒရယ်မဟုတ်တဲ့ တရုတ်၊ အင်္ဂလန်၊ ပြင်သစ်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ယူကရိန်း၊ စပိန်၊ ပေါ်တူဂီတို့မှာ ပြည်နယ်တွေ ခရိုင်တွေကို အာဏာခွဲပေးထားတာ ရှိတယ်။ ဒါပေမဲ့ ယေဘုယျပြောရရင်တော့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတွေမှာဘဲ ဗဟို ဦးစီးစနစ် အမှန်တကယ်ကင်းမဲ့မှုကို တွေ့ရတယ်။

နိုင်ငံရေးစနစ်အရ ဖက်ဒရယ်အတွက် ရှေ့ပြေးခြေလှမ်းဖြစ်တဲ့ ဗဟိုဦးစီးချုပ်ကိုင်မှုစနစ်ဖျက်သိမ်းရေး Decentralization ကို ဗမာပြည်မှာ အရိပ်အရောင်တောင် မမြင်ရသေးပါဘူး။ တကယ်တော့ ဖက်ဒရယ်စနစ် ဟာ မဆလ-ဆိုရှယ်လစ်-ကွန်မြူနစ်ဗဟိုဦးစီးချုပ်ကိုင်မှုစနစ်တွေကို အထိရောက်ဆုံးဖျက်သိမ်းတာ ဖြစ်ပါတယ်။ ဒီကနေ့ ဗမာပြည်မှာ အရေးတကြီးလုပ်ရမှာက DDR မဟုတ်ဘဲ 4D ဖြစ်တယ်။ Deconcentration Delegation Devolution Divestment ဆိုတဲ့ ဗဟိုအစိုးရဆီမှာ စုစည်းနေတဲ့ နိုင်ငံရေး အုပ်ချုပ်ရေး ဘဏ္ဍာရေး စီးပွားရေး ဆုံးဖြတ်ခွင့်၊ ဆောင်ရွက်ခွင့်တာဝန်တွေကို ပြည်နယ် ခရိုင် မြို့နယ်တွေ အရပ်ဘက်အဖွဲ့အစည်းတွေကို လွှဲပေးဖို့ ခြေလှမ်းတွေ အဆင့်ဆင့်လှမ်းရမှာဖြစ်ပါတယ်။ ဒါတွေဟာ ဖက်ဒရယ် စနစ်နဲ့ တွဲဘက်နေတယ်။ ဒါတွေ လုပ်နိုင်ဖို့ ဆိုတာကလဲ ၂၀၀၈ ရှိနေသရွေ့ မဖြစ်နိုင်ပါ။

၂၁ ပင်လုံညီလာခံ ဆိုတာကို ၂၀၁၇ မေလမှာ နောက်ဆုံးလုပ်ခဲ့ပြီး အကြိမ်ကြိမ်ရွှေ့နေရတယ်။ အခုထိ တတိယအကြော့ အစည်းအဝေးကို ရက်မသတ်မှတ်နိုင်သေးဘူး။ NCA လက်မှတ်ထိုးတာ ၂ ဖွဲ့တိုးလာပြီလို့ ကြွားလုံးထုတ်နေတုန်း NCA အမာခံထောက်ခံသူ KNU နဲ့ ဗမာစစ်တပ် တိုက်ပွဲတွေ ပြန်ဖြစ်လာတယ်။

NLD အစိုးရဟာ အမှတ်ရဖို့အတွက် ဝ နဲ့ မိုင်းလားကို NCA လတ်တလောလက်မှတ်ထိုးစေချင်ပေမဲ့ မင်းအောင် လှိုင်စစ်အုပ် စုကတော့ NLD အစိုးရအမှတ်မရစေချင်တဲ့အတွက် ကြံ့ဖွတ်အစိုးရ ပြန်မတက်မချင်း ဝ နဲ့ မိုင်းလား NCA လက်မှတ်မထိုးဖို့ လိုလားနေတယ်။ လောလောဆယ်မှာတော့ UWSA ဟာ မြောက်ပိုင်း ၄ ဖွဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာပါဝင်ရေးကို ကြံ့ကြံ့ခံ ရပ်တည်နေပါတယ်။ တဖက်မှာတော့ ၁၉၈၉ ခု ကတည်းက ကိုယ်ကျိုးစီးပွား အတွက် စစ်အုပ်စုကို တောက်လျှောက် ထောက်မ,ပေးခဲ့တဲ့ တရုတ်ဖိအားကို ရင်ဆိုင်နေရပါတယ်။

FPNCC မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် အများစုဟာ ၂၁ ပင်လုံညီလာခံတက်ရင် စကားပြောခွင့်မရှိတဲ့ လေ့လာ သူအနေ အထားနဲ့ တက်ရောက်ဖို့ ဆန္ဒလုံးဝမရှိပေမဲ့ တရုတ်ကတော့ ဘာဘဲဖြစ်ဖြစ်တက်တယ် ဆိုတဲ့နာမယ် ရစေချင်တယ်၊ အထူး သဖြင့် ဒီအဖွဲ့တွေ အားလုံးတက်နိုင်အောင် တရုတ်ကလုပ်ပေးတယ်၊ NCA ထိုးအောင်လဲ တရုတ်ကလုပ်ပေးတယ် ဆိုတဲ့နာ မယ် ရချင်နေတယ်။ ဒီနောက်ကွယ်မှာတော့ ဗမာပြည်သူတွေ သိထားကြတဲ့ အတိုင်း လက်ပန်တောင်း၊ မြစ်ဆုံ၊ ကျောက်ဖြူ၊ တကောင်းတောင်၊ အေးရှားဝေါလ်၊ ရွှေသံလွင်-စကိုင်းနက်၊ ဂရိတ်ဝေါ၊ စိမ်းစကိုင်းစတဲ့ အကျိုးစီးပွားတွေနဲ့ အပေးအယူ လုပ်ဖို့ဘဲ ဖြစ်တယ်။

ဒါကြောင့် ခုနောက်ဆုံး မူဆယ်တိုက်ပွဲကိုလဲ တရုတ်ဗဟိုအစိုးရက အတော့်ကိုမကျေမချမ်းဖြစ်နေတယ်။ တကယ်တော့ ယူနန်ပြည်နယ်အစိုးရ နဲ့ ခရိုင်အစိုးရတွေက ဒီကာစီနိုတွေ လူပါးဝတာကို မကျေနပ်တာ ကြာနေ ပြီဖြစ်တယ်။ သူတို့ဟာ အရင်က နယ်စပ်တဖက်က ဗမာအာဏာပိုင်တွေနဲ့ ဗမာစစ်တပ်ကို တိုင်တာတောတာတွေ အများကြီးလုပ်ခဲ့ပေမဲ့ ထူးခြား မလာခဲ့ပါဘူး။ လောင်းကစားလာလုပ်တဲ့ တရုတ်ပြည်သားတွေကို ပြန်ပေးဆွဲ ငွေညှစ်တာ၊ လိမ်ကစားတာ၊ အရင်တုံးကဆိုရင် သတ်တာတွေထိတောင် တအားလုပ်ခဲ့လို့ ပိတ်စေချင်တာဖြစ်တယ်။ မိုင်းလား ပန်ဆန်း လိုင်ဇာတို့က ကာစီနိုရုံတွေလို professional မဆံဘဲ ဗမာစစ်တပ်အားကိုးနဲ့ ဗိုလ်ကျ ရမ်းကားနေလို့ဖြစ်တယ်။ ဒါပေမဲ့ ပီကင်းအစိုးရကတော့ စီးပွားရေး ဘဲအဓိကထားတော့ ကာချုပ် မင်းအောင်လှိုင် အလိုကျလုပ်ဖို့ အားသန်နေတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် နောက်ဆုံးမူဆယ်တိုက်ပွဲဟာ ဗမာစစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တွေရဲ့ လောင်းကစား လုပ်ငန်းကို တပြည်လုံးသိ ကမ္ဘာသိဖြစ်သွားစေတဲ့အတွက် အခုဆိုရင် မူဆယ်က ကာစီနိုရုံကြီးတွေ ပိတ်လိုက်ရ ပြီဖြစ်တယ်။ နယ်စပ် နှစ်ဖက်စလုံးက ပြည်သူတွေကတော့ ဝမ်းသာနေကြတယ်။

စစ်အုပ်စုကိုယ်စားလှယ်တွေဟာ ဝ ခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါ NCA ကိုပြင်လို့ရတယ်၊ လက်မှတ်ထိုးပြီးမှ မကျေနပ် ရင်လဲ ထွက်လို့ရတယ်လို့ ဝ အကြိုက်စကားတွေ ပြောခဲ့တယ်။ တကယ်တော့ အပြင်မှာ တရားဝင်ပြောတာမရှိပါဘူး၊ တရား ဝင်ပြောတာက ၄၇ ပင်လုံစာချုပ်ဟာ ၂၀၀၈ အောက်မှာ ဖြစ်ရမယ်ဆိုတဲ့ စကားဘဲ ဖြစ်တယ်။

ဒါပေမဲ့ UWSA ရဲ့ ဒုတပ်မှူးကြီး (ဘိန်းဘုရင်လို့ နာမယ်ကြီးတဲ့) ဝေ့ရှောက်ကန်း (ခေါ်) စိန်ဝင်းကတော့ စကားပြောခွင့်ရရ မရရ တရုတ်အစီအစဉ်အတိုင်း ၂၁ ပင်လုံကိုတက်ဖို့ ထောက်ခံတိုက်တွန်းနေတယ်။ တရုတ် မကြိုက်တဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်း ပါဝင်ရေးကို ဆန့်ကျင်နေတယ်။ နိုင်ငံရေးတောင်းဆိုချက် တွေဖြစ်တဲ့ ၇ ဖွဲ့တပ်ပေါင်းစုအဖြစ်နဲ့ဘဲ တက်ခွင့်ရရေး၊ ပင်လုံစာချုပ်အကောင်အထည်ဖော်ရေး၊ သုံးပွင့်ဆိုင် ဖြစ်ရေး၊ မူဘောင်ပြင်ဆင်ရေး၊ မဲပေးအတည်ပြုနည်းလမ်း ပြင်ဆင်ရေး၊ ၃၇ ချက်ကို ကန့်ကွက်ရေး-ပြင်ဆင်ရေး ကိစ္စတွေကို ဝေ့ရှောက်ကန်းကမပြောစေချင်ဘူး။ NCA လမ်းကြောင်းကို မဆန့်ကျင်ဖို့ ပြောနေတယ်။ ဒါပေမဲ့ ၂၁ ရာစုပင်လုံညီလာခံက မသွားဘဲ FPNCC နဲ့ ဗမာအစိုးရ/ဗမာစစ်တပ် တိုက်ရိုက် ဆွေးနွေးရမယ်လို့လဲ ယောင်ဝါးဝါးပြောပြန်တယ်။ ၇ ဖွဲ့စလုံးအတွက် ငြိမ်းချမ်းရေး တိုင်းရင်းသားအခွင့်အရေး ရဖို့ထက် UWSA နဲ့ ဗမာ အစိုးရ/ဗမာစစ်တပ် နှစ်ဦးနှစ်ဖက် အပေးအယူလုပ်ပြေလည်ဖို့ဘဲ အဓိကထားနေတယ်။

ကြည့်ရတာ တချိန်က သူ့ဆရာဘိန်းဘုရင်ခွန်ဆာလိုဘဲ အမေရိကန်ဝရမ်းထုတ်ထားတာကနေ အကာအကွယ် ရနိုင်ဖို့ ဗမာအစိုးရနဲ့ တရုတ်ကို အားကိုးဒူးထောက်ချင်ပုံရတယ်။ ဒါကြောင့် ဝ နံပတ်တစ်ခေါင်းဆောင် ပေါက်ယူ ချန်းလို နိုင်ငံရေး တွေ တိုင်းရင်းသားအရေးတွေ ခေါင်းထဲမထည့်ဘဲ ဗမာစစ်တပ်နဲ့ တရုတ်အစိုးရအလိုကျ လုပ်ချင်နေတယ်လို့ သုံးသပ်ရတယ်။

ဒီလိုအနေအထားတွေအရ ဒီနေ့အခြေအနေမှာ ပြည်နယ်အခြေခံဥပဒေဆွဲခွင့်ရတာဖြစ်ဖြစ်၊ NCA ထိုးတာ ဖြစ်ဖြစ်၊ ၂၁ ပင်လုံတက်တာဖြစ်ဖြစ် တိုင်းရင်းသားအကျိုးအတွက် ဖြစ်မှာမဟုတ်ဘဲ အစိတ်သားအကျိုး၊ ကာချုပ် မင်းအောင်လှိုင် အကျိုး ဘဲဖြစ်မှာ မြေကြီးလက်ခတ်မလွဲပါ။

အောင်သဇင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts