အတွေးအမြင်

စမ်းစမ်းတင် – စတုန်းက စိတ်ကူးကောင်း – နောက်မှ စိတ်ပျက်ဖို့ကောင်း

စမ်းစမ်းတင် – စတုန်းက စိတ်ကူးကောင်း – နောက်မှ စိတ်ပျက်ဖို့ကောင်း
(မိုးမခ) မေ ၁၅၊ ၂၀၁၈

အစကောင်းမှ အနှောင်းသေချာဆိုပေမဲ့ အစလည်းကောင်း၊ အသုံးလည်းတကယ်တည့်ပေမဲ့ ကြာလေလေပြဿနာကြီးလာလေလေက ပလတ်စတစ်၊ ခုထိလည်း ပလတ်စတစ်ကင်းစင်စေမယ့် ဇာတ်သိမ်းခန်းက မရောက်နိုင်သေးဘဲ ပလတ်စတစ်အမှိုက်ကိစ္စနဲ့ ကမ္ဘာက ခေါင်းခဲနေတုန်း၊ ဗမာပြည်မှာတော့ ပြောမနေနဲ့တော့ ကိန်း၊ ဇီဝနည်းနဲ့ ရက် ပေါင်း ၁၈၀ အတွင်း ဆွေးမြေ့သွားအောင် လုပ်နိုင်တဲ့ နည်းတော့ ဖော်ထုတ်နိုင်လို့ တချို့က သုံးတောင်သုံးနေပြီ၊ ဒါပေမဲ့ ဗမာပြည်ကို ဘယ်ရောက်နိုင်ပါ့အုန်းမလဲ၊ အမေရိကားမှာတောင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစားပေးတဲ့ ကုန်မျိုးစုံဆိုင်တိုင်းတောင် မသုံးနိုင်သေး၊

ပလတ်စတစ်နိဒါန်း
တကယ်တော့ ပလတ်စတစ်ဟာ ကမ္ဘာတလွှားရှင်းလို့မနိုင် နိုင်တဲ့ အမှိုက်တွေထဲ ရှေ့ဆုံးကနေရာယူနေပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတာက အမှန်၊ ဒီ ပလတ်စတစ်နိဒါန်းဟာ ဆင်စွယ်နဲ့လုပ်တဲ့ ဘီးလီးယက်ဘောလုံးနေရာ အစားထိုးနိုင်မယ့် အရာတခုတီထွင်တဲ့ စိတ်ကူးက စတာတဲ့။ ဘီးလီးယက်ဘောလုံးလုပ်ဖို့ ဆင်စွယ်တွေလိုတော့ တောဆင်ရိုင်းတွေကို သတ်သတ်ယူနေရတာမို့ ဆင်တွေကို သတ်မနေချင်တော့ဘဲ သဘာဝကိုထိန်းသိမ်းဖို့ရည်သန်ပြီး တီထွင်လိုက်တဲ့ အရာတခုဟာ နောင်တချိန်မှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်သွားမယ်လို့ တွေးဆချင်မှ တွေးဆမိပေမဲ့ စိတ်ကူးကောင်းတွေဟာ တခါတခါ မရည်ရွယ်ဘဲ လွဲချော်သွားတတ်တာက ပလတ်စတစ်က ဥပမာတခုပါပဲ။ နောက်ဥပမာပြောရရင် ဒီဒီတီ တီထွင်သူစိတ်ကူးဟာ သီးနှံဖျက်ပိုးသတ်ဖို့ဖြစ်ပေမဲ့ ပိုးသတ်ဆေးဟာ အဆိပ်လိုအန္တရာယ်ရှိတဲ့အတွက် ပိတ်ပင်ရတဲ့အထိ ဖြစ်သွားတတ်တာမျိုး၊

စိတ်ကူးကောင်းတခု
ပလတ်စတစ်ဘက်ပြန်လှည့်ရရင်- ဘီးလီးယက် ခေတ်စားလာတာနဲ့အမျှ ဘောလုံးတွေလည်း လိုတာမို့ ဆင်စွယ်တွေ ဆက် မသုံးချင်တော့တဲ့အတွက် ဆင်စွယ်အစား ဘီးလီးယက်ဘောလုံး လုပ်နိုင်မယ့် ပစ္စည်းတီထွင်နိုင်တဲ့လူ ဘယ်သူ့ကို မဆို ဒေါ်လာ တသောင်း ချီးမြှင့်မယ်လို့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကုမ္ပဏီတခုက ၁၈၆၉ ခုနှစ်မှာ ကြော်ငြာတာကို နယူးယောက်ကပဲ တီထွင်ချင်တဲ့ စိတ်ကူးစိတ်သန်းတွေရှိတဲ့ John Wesley Hyatt က စိတ်ဝင်စားသွားတာ။ ဒါနဲ့ ပလတ်စတစ်၊ တနည်းပြောရင် လူလုပ်ပေါ်လီမာကို ပထမဆုံး တီထွင်လိုက်တာပါပဲ။ ဆင်စွယ်အစား ပလတ်စတစ် ဘီးလီးယက်ဘောလုံးတီထွင်သွားနိုင်ပေမဲ့ ပြောထားတဲ့ ချီးမြှင့်ဆုငွေရတဲ့ပုံ မပေါ်တာတောင် သူ့မှာ အရှူံးမရှိ။ ဘီးလီးယက်ဘောလုံး ကုမ္ပဏီတည်ထောင်လိုက်ရုံနဲ့ စီးပွားဖြစ်သွားသူ။

အခေါ်အဝေါ်
ပလတ်စတစ်ဆိုတဲ့စကားလုံးမူရင်းဟာ ပျော့ပြောင်းရုံမက အလွယ်တကူပုံသွင်းနိုင်တာကို ရည်ညွှန်းပြီး နောက်ပိုင်းမှာ လူလုပ်တဲ့ polymer ကို ပလတ်စတစ်လို့ခေါ်တွင်လာတာပါ။ ပေါ်လီမာ ဆိုတာ အခြေခံမော်လီကျူးလေးတွေစုစည်းပြီး မော်လီကျူးအကြီးစားဖြစ်လာတဲ့ သဘာဝနဲ့ လူလုပ်ဒြပ်ပေါင်းလို့ အင်္ဂလိပ်-မြန်မာအဘိဓာန်က အဓိပ္ပာယ်ဖွင့်ပါတယ်။ အဲဒိလူလုပ်ပေါ်လီမာကို John Wesley Hyatt က ပထမဆုံးတီထွင်နိုင်ပြီး ပလတ်စတစ်နဲ့ ပုံအမျိုးမျိုးလုပ်နိုင်တာမို့ လိပ်ခွံလို၊ တိရိစ္ဆာန်ဦးချိုလို၊ ချည်ထည်လိုနဲ့ ဆင်စွယ်လို သဘာဝ ပစ္စည်းတွေကို ပလတ်စတစ်နဲ့ တုပ တီထွင်တော့တာပါပဲ။ ဒီလိုတီထွင်နိုင်တာ တော်လှန်ရေးတရပ်ဖြစ်ပြီး သဘာဝကပေးနိုင်ရင် အကန့်အသတ်နဲ့မို့ သဘာဝကပေးနိုင်တာထက် ပိုသုံးဖို့ လိုနေတာမို့ လူသားတွေဟာ ကုန်ပစ္စည်းတွေ ကြိုက်သလောက် ထုတ်လုပ် သုံးစွဲလာနိုင်တာက ပလတ်စတစ်ကြောင့်ရယ်ပါ။ သဘာဝကဆို သစ်၊ သတ္တု ၊ကျောက်တုံး၊ အရိုး၊ ဆင်စွယ်နဲ့ ဦးချိုတွေပဲ ရနိုင်ပြီး ပလတ်စတစ်က အကန့်အသတ်မဲ့ ကြိုက်သလောက် ဘာလုပ်လုပ်ရနိုင်တာမို့ သူ့ကို တီထွင်လိုက်တာဟာ လူတွေလိုသမျှ ဖြည့်ဆည်းဖို့ ဆင်တွေလိုက်သတ်စရာမလို၊ လိပ်ခွံအတွက် လိပ်တွေ သတ်စရာမလိုဘဲ သဘာဝကမ္ဘာကို အကာအကွယ်တောင်ပေးသေးလို့ ဆိုစမှတ်ရှိခဲ့သေး။

တဆင့်တက်
၁၉၀၇ ခုနှစ်မှာ ဘယ်ဂျီယံလူမျိုး ဓာတုပညာရှင် Leo Baekeland က တာရှည်ခံ၊ အပူခံ ပလတ်စတစ်ထပ်တီထွင်နိုင်လိုက်တာနဲ့ ဘာပစ္စည်း ဘာပုံစံမဆိုအားလုံးနီးနီး ပုံသွင်း ထုတ်လုပ်သွားနိုင်ပါလေရော။ ထုံးစံအတိုင်း ရှေ့လူလုပ်တာအောင်မြင်ရင် နောက်က လိုက်လာကြရိုးအတိုင်း John Hyatt နဲ့ Leo Baekeland တို့အောင်မြင်သွားတဲ့လမ်းစနောက် ဓာတုကုမ္ပဏီတွေပါလာကြပြီး လူလုပ် polymer အသစ်တွေ အမျိုးမျိုး တီထွင်နိုင်ဖို့ သုတေသနလုပ်ငန်းနဲ့ တီထွင်ရေး လုပ်ငန်းတွေမှာ ပုံအော ရင်းနှီး မြှုပ်နှံကြ ပါတယ်။

ဒီကစလို့ ပလတ်စတစ်နဲ့ ပစ္စည်းအမျိုးမျိုး လုပ်လာကြပြီး အင်တာနက်ခေတ်မှာ youtube ကနေ သရုပ်ပြ အသိပညာဖြန့်ဝေနေတာမို့ စိတ်ဝင်စားရင် လူတိုင်းလိုလို ပလတ်စတစ်နဲ့ လိုရာပစ္စည်း လုပ်နိုင်ပြန်။ ပလတ်စတစ်ကို အပူပေး၊ ပုံသွင်း၊ နောက်ပြီး အအေးခံ၊ ပလတ်စတစ်အရည်ပျော်နေရင် ဘယ်ပုံစံမျိုး မဆို အားလုံးနီးနီးလုပ်နိုင်တယ်လို့ ဆရာစားမချန်သလောက် youtube ကနေ အဆင့်ဆင့် လုပ်ပြသွားတာမို့ စိတ်ပါရင် လူတိုင်း ပလတ်စတစ်ထုတ်လုပ်နိုင် သလိုတောင် ဖြစ်လို့နေသေး။

ကမ္ဘာစစ်နဲ့ ပလတ်စတစ်
၁၈၆၉ ခုနှစ်က စတီထွင်တဲ့ ပလတ်စတစ်ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ နေရာကောင်းကောင်း ရလာတယ်လို့ပဲ ဆိုရပါမယ်။ စစ်အောင်နိုင်ဖို့ စက်မှုလုပ်ငန်းက အရေးပါတာမို့ အမေရိကန်ပြည်ထောင်စုမှာ ပလတ်စတစ်ပုံလောင်းလုပ်ငန်း အကြီးအကျယ် တိုးချဲ့ဖို့ဖြစ်လာပါတယ်။

သဘာဝသယံဇာတတွေ အလွန်အကျွံမသုံးဘဲ ထိန်းသိမ်းရင်း လူလုပ်ပစ္စည်းကို ဦးစားပေး ထုတ်လုပ်တဲ့အခါ ပလတ်စတစ်က နေရာပိုရသွားတာလည်းအမှန်၊ ပလတ်စတစ်တမျိုးဖြစ်တဲ့ လူလုပ်ပိုးတုလို့ပြောနိုင်တဲ့ နိုင်လွန်ကို ၁၉၃၅ ကတည်းက တီထွင်ထားတာမို့ ဒါနဲ့ပဲ လေထီးတွေ၊ ကြိုးတွေ၊ ကျည်ကာတွေ၊ သံခမောက် အနားသတ်တွေ စတဲ့ စစ်မြေပြင်သုံး ပစ္စည်းတွေထုတ်လုပ်တဲ့အတွက် ဒုတိယ ကမ္ဘာစစ်အတွင်း အမေရိကန်ပြည်ထောင်စုဟာ ပလတ်စတစ်ချည်း ရာခိုင်နှူန်း ၃၀၀ ထိတိုးပြီး ထုတ်ရပါတယ်။

ကမ္ဘာတလွှားမှာ ပလတ်စတစ်ထုတ်လုပ်နေတာကလည်း ပျှမ်းမျှအားဖြင့် ၁၂ နှစ်တိုင်း နှစ်ဆတိုးလာလိုက်တာ ၁၉၇၀ ပြည့်လွန်နှစ်ပိုင်းတွေမှာ အလျူမီနီယံ၊ ကြေးနီ၊ ခဲနဲ့ ဇင့် စုစုပေါင်းထုတ်လုပ်တာထက်ကျော်လွန်သွားပြီး သုံးတဲ့နှူန်းကလည်း ၁၉၄၅ ကစပြီး ရာခိုင်နှူန်း တထောင်ကျော်သွားပါတယ်တဲ့။ အကောင်း-အဆိုး
ပလတ်စတစ်ကောင်းခန်းချည်း ဖွင့်နေပေမဲ့ စစ်ပြီးခေတ်မှာတော့ အမေရိကန်က ပညာအမြော် အမြင်ရှိတော့ ပလတ်စတစ်ပေါ် အကောင်းမြင်တဲ့အမြင်ပြောင်းပြီး အဆိုး-အကောင်း ခွဲခြား သုံးသပ်တော့တာပါပဲ။

သမုဒ္ဒရာတွေထဲ ပလတ်စတစ်အမှိုက်တွေပုံနေတာကို ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ စသတိထားမိပြီး ၁၉၇၀ နဲ့ ၈၀ ပြည့်လွန်နှစ်တွေမှာ ပိုလို့ စိုးရိမ်လာတာမို့ ဖက်လို၊ စက္ကူလို ဆွေးမြေ့မသွားတဲ့ ပလတ်စတစ်အမှိုက်တွေကိစ္စ နည်းလမ်းရှာတဲ့အခါ recycle ဆိုတဲ့ သုံးပြီးသားပစ္စည်းကို သန့်စင်ပြီး ပြန်သုံးဖို့ ဇောင်းပေးလာပါတယ်။ သဘာဝပစ္စည်းနေရာမှာ ပလတ်စတစ်သုံးတာက စရိတ်သက်သာ၊ ပေါ့ပါးပြီး ခိုင်လည်းခိုင်တာမို့ ကောင်းကွက်တွေလည်း ရှိနေပြန်မို့ သိပ္ပံပညာရှင်တွေဟာ ရုပ်ကြွင်းလောင်စာ ရေနံကနေ ပလတ်စတစ်လုပ်မယ့်အစား သဘာဝအပင်တွေကလုပ်နိုင်ဖို့ နည်းလမ်းလည်း ကြံဆလာပါတယ်။ တချို့ကလည်းကြွပ်ကြွပ်အိတ်လို နှစ် ၅၀၀ လောက် မဆွေးဘဲနေတဲ့ ပလတ်စတစ်တွေကို Biodegradable ဆိုတဲ့ လွှင့်ပစ်လိုက်တာနဲ့ ဖက်လို စက္ကူလို ဆွေး သွားအောင်လုပ်နိုင်မလား သုတေသနလုပ်ပါတယ်။ လုပ်တဲ့အတိုင်းလည်း ဖြစ်လာပေမဲ့ ပလတ်စတစ်လောက်တော့ တွင်တွင်ကျယ်ကျယ် မသုံးနိုင်သေး။

တို့ဗမာ ကမ္ဘာက ဒီလိုရှိပေမဲ့ ကြွပ်ကြွပ်အိတ်ပြဿနာကြီးထွားနေတဲ့ မြန်မာနိုင်ငံက ပလတ်စတစ် အမှိုက်ဖြေရှင်းနည်းက ကျန်းမာရေးနဲ့ မကိုက်ညီတဲ့ မီးရှို့နည်း။ တိုးတက်တဲ့နိုင်ငံတွေမှာ အမှိုက်မီးရှို့ပြီး စွမ်းအင်ထုတ်တဲ့အခါ အဲဒီလို အရောရောအနှောတွေကို ရှို့တာမဟုတ်ဘဲ အမှိုက်ကို အမျိုး အစားခွဲထုတ်ပြီးမှ ရှို့တာပါ။ ဗမာပြည်မှာက အမှိုက်မီးရှို့တဲ့အခါ ပလတ်စတစ်တွေပါ မီးရှို့ရပါတယ်။ ပလတ်စတစ်ညှော်နံ့ ဘယ်လောက်ဆိုးဝါးတယ်ဆိုတာ ရန်ကုန်သူရန်ကုန်သားတွေကို ထိန်ပင် အမှိုက်ပုံမီးလောင်မှုက သင်ခန်းစာပေးတာ ပေးပေမဲ့ ရ-မရ မသိနိုင်၊

ဒီလို အမှိုက်မီးရှို့တာတမျိုး။ ချောင်းမြင်၊မြောင်းမြင်၊ မြစ်မြင်ရင် အမှိုက်ပစ်စရာပဲ ထင်တာ တမျိုးနဲ့ မြစ်ချောင်းတွေရဲ့ အဆုံး ကမ္ဘာ့ပင်လယ်တွေမှာ ပလတ်စတစ်ဘူးတွေ၊ ပုလင်းတွေ၊ ပလတ်စတစ်ထုပ်တွေနဲ့ တခြားအမိုက်တွေ တနှစ်တနှစ် တန်ချိန် ၈ သန်းပစ်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

အမှိုက်ဆိုတာလိုက်ကောက်ရမယ့် အရာ မဟုတ်ဘဲ စနစ်တကျပစ်တတ်ဖို့ ငယ်စဉ်ကတည်းက အိမ်ကရော ကျောင်းကပါ လေ့ကျင့်ပေးလိုက်ရမယ့် သဘောရှိပေမဲ့…..

Photo credit –

cows eating plastic waste dumped in a open field in Yangon, Myanmar

Contributor: PRADEEP RAJA KANNAIAH / Alamy Stock Photo


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts