မောင်စွမ်းရည်

မောင်စွမ်းရည် – သခင်အုန်းမြင့် ရာပြည့်ပွဲ နွှဲခဲ့ရတယ်

သခင်အုန်းမြင့်နဲ့ ဦးဝင်းတင် (၂၀၀၉ခုနှစ်) ဒေါ်ခင်မျိုးချစ်ကွယ်လွန်ခြင်း ၁၀နှစ်ပြည့် ဆွမ်းကျွေးမှာ အတူ တွေ့ခဲ့ရစဉ် (မိုးမခ)


မောင်စွမ်းရည် – သခင်အုန်းမြင့် ရာပြည့်ပွဲ နွှဲခဲ့ရတယ်

(မိုးမခ) မေ ၁၂၊ ၂၀၁၈

သခင်အုန်းမြင့်ကို ၁၉၁၈၊ ဧပြီ ၂၈ ရက်မှာမွေးတယ်။ သူ့မွေး ရပ်က လက်ပံတန်းတဲ့။ ၁၉၃၄ မှာ လက်ပံတန်းအစိုးရအထက်တန်း ကျောင်းက ဆယ်တန်းအောင်တယ်။ လက်ပံတန်းကျောင်းမှာ သူနဲ့ အရင်းနှီးဆုံးဆရာက ဦးချစ်မောင်။ နောင်အခါ ဂျာနယ်ကျော်ဦး ချစ်မောင်လို့ နာမည်ကျော်တဲ့ သတင်းစာဆရာကြီးပေါ့။

သခင်အုန်းမြင့်ဟာ ၁၉၁၈ မှာ မွေးဖွားသူဆိုတော့ ၁၉၁၅ မွေးတဲ့ သခင်အောင်ဆန်းက သူ့ထက် ခုနစ်နှစ်ကြီးတာပေါ့။ သခင် အုန်းမြင့်ဟာ သခင်အောင်ဆန်းနဲ့ တို့ဗမာအစည်းအရုံးမှာ နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်တွေလေ။ သူက ၁၉၃၈ ကျမှ သခင်ဖြစ်ပြီး တို့ဗမာအစည်းအရုံးဌာနချုပ် အမှုဆောင်အဖြစ် ၁၉၃၉ မှာ အရွေး ချယ်ခံရပြီ။ အိန္ဒိယပြည် ရမ်းဂါးညီလာခံက တို့ဗမာအစည်းအရုံး ကို ဖိတ်ကြားလို့ ၁၉၄ဝ မှာ သွားကြတော့ သခင်အုန်းမြင့်လည်း ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ ဓာတ်ပုံပြက္ခဒိန်မှာ ကြည့်ရင်တွေ့မယ်။ အားလုံးခြောက်ယောက်။ ဝဲဖက်အစွန်းမှာ သခင်သန်းထွန်းနဲ့အတူရပ်နေတဲ့လူငယ်ဟာ သခင်အုန်းမြင့်ပေါ့။ သခင်အောင်ဆန်းက သခင်အုန်းမြင့်ရဲ့ ယာဘက်နှစ်ယောက်ကျော် မှာ။ သူတို့က လက်ဝဲသမားအုပ်စုပေါ့။ သူ့အသက်ကတော့ ၂ဝ ကျော်ရုံရှိပါသေးတယ်။

အဲဒီကာလမှာ ဗမာပြည်ဟာ ဗြိတိသျှလက်အောက်ဆိုတော့ လူငယ်တွေဟာ သူ့ကျွန်မခံစိတ်နဲ့ နိုင်ငံရေးတက်ကြွသူတွေဖြစ်နေ ကြတာများပါတယ်။ လွတ်လပ်ရေးခေတ်ရောက်တော့ကိုပဲ ကျောင်းဆရာတွေထဲမှာ အထူးသဖြင့် သမိုင်း(ရာဇဝင်)ဆရာနဲ့ မြန်မာစာဆရာများဟာ သူတို့ကျောင်းသားတွေကို နိုင်ငံရေးစိတ် ဓာတ်သွင်းပေးနေကြတုန်းပါပဲ။ သူ့ဆရာက ဂျာနယ်ကျော်ဦးချစ် မောင်ဆိုတော့ စာသင်ရင်း နိုင်ငံရေးတရားတွေပို့ချခဲ့မှာမလွဲပါဘူး။ သူ အထက်တန်းကျောင်းသားဘဝမှာတော့ သူက သခင် မဖြစ်သေး ပါဘူး။ ၁ဝ တန်းအောင်တော့ ၁၉၃၄ ဆေးတက္ကသိုလ်ကျောင်းသားအဖြစ် စာရင်းသွင်းခဲ့ပေမဲ့ ကျောင်းမတက်ဘဲ သူ့ဆရာ သခင်ချစ်မောင်နှင့် အတူ သတင်းစာလောကထဲကို ခြေစုန်ပစ်ဝင်ခဲ့သတဲ့။

အဲဒီအခါမှာ နောင်အခါ လူထုဦးလှဖြစ်လာမယ့် ကြီးပွားရေးမောင်လှက စာနယ်ဇင်းသမားကြီးဖြစ်နေပြီ။ သူကိုလည်း သူ့အိမ်က တက္ကသိုလ်တက်ဖို့ လွှတ်လိုက်တာ၊ မတက်ဘဲ စာနယ်ဇင်း လောကထဲကို တန်းဝင်သွားခဲ့သတဲ့။ ဆရာအောင်ဗလခေါ် ကြေးမုံဦးသောင်းလည်း ၁ဝ တန်းအောင်လို့ တက္ကသိုလ်တက်ဖို့ ရန်ကုန် ဆင်းလာရင်း မတက်ဖြစ်ဘဲ စာနယ်ဇင်းလောကထဲကို တန်းဝင်သွားခဲ့သတဲ့။ (ဒါပေမဲ့ အတူတူမဟုတ်ဘူး။ နောက်ကျတယ်။) ကြီးပွားရေးမောင်လှ၊ ဂျာနယ်ကျော်ဦးချစ်မောင်၊ ဇဝန၊ သုခ၊ သခင်ဇင်၊ သခင်သန်းထွန်းစတဲ့ အုပ်စုကတော့ အတူအိပ် အတူစားနေကြသူ တွေဖြစ်ပါတယ်။ အဲဒီအဖွဲ့မှာ သခင်အောင်ဆန်းတို့ ဗိုလ်အောင်ကျော်တို့လည်း လာဖူးတယ်။ ပါဖူးတယ်။ ဂျာနယ်ကျော်ဦးချစ် မောင်ကွယ်လွန်တော့ သခင်အုန်းမြင့်ဟာ ကြီးပွားရေးမောင်လှတို့ နဲ့ ပိုပြီးအတွဲများခဲ့သတဲ့။ အမေလူထုဒေါ်အမာမွေးနေ့ပွဲတွေမှာ သခင်အုန်းမြင့်က နှစ်စဉ်မလွတ်တမ်းလာနေကျပါ။ လာတိုင်း လူရှုပ်ရှုပ်ရှိရင် ”ကိုလှ မမမာဆီပေးတဲ့ စာကို ကျွန်တော်က ရထားအမီပြေးပြီး ထည့်ပေးရတာ။ ကိုလှက မုန့်ဟင်းခါးကျွေးတယ်။ ကော်ဖီတိုက်တယ်”လို့ ပြောလေ့ရှိပါတယ်။ ဒီအခါမှာ ဒေါ်ဒေါ်က ”မောင်အုန်းမြင့်ဟာလေ ရွှတ်နောက်နောက်နဲ့ ငယ်ငယ်ကအကျင့်ကို မဖျောက်နိုင်ဘူး”လို့ အမြဲညည်းတွားလေ့ရှိပါတယ်။

စာနယ်ဇင်းထဲမှာ ဝင်ခါစကတော့ သူ့ဆရာဦးချစ်မောင်ကလည်း မြန်မာ့အလင်းမှာ လုပ်ဆဲပေါ့။ သူစရေးတော့လည်း ၁၉၃၆ ခုနှစ် မြန်မာ့အလင်းသတင်းစာမှာပဲ စရေးခဲ့သတဲ့။ သခင်နု၊ သခင် သိန်းဖေ၊ သခင်အောင်ဆန်းတို့လည်း မြန်မာ့အလင်းမှာပဲ ရေးခဲ့ ကြသတဲ့။ သခင်အုန်းမြင့်သုံးခဲ့ဖူးတဲ့ ကလောင်အမည်တွေက မြင့်အုန်း (အုန်းမြင့်ပြောင်းပြန်ပေါ့) ဆယ့်နှစ်ရာသီပြုံး၊ ဆီမီးခွက်စတဲ့ အမည်များဖြစ်ပါတယ်။

သခင်အောင်ဆန်းတို့နဲ့ပေါင်းပြီး ၁၉၃၇ မန္တလေးမှာကျင်းပတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားညီလာခံနဲ့ ၁၉၃၈ ပုသိမ်မှာ ကျင်းပတဲ့ ဗမာ့နိုင်ငံလုံးဆိုင်ရာကျောင်းသားညီလာခံတွေမှာ တက်ရောက်ပါဝင်ခဲ့ပါတယ်။ အဲဒီညီလာခံက ဧပြီမှာ ကျင်းပတာ။ ၁၉၃၈ ဇွန်လကစပြီး တိုးတက်ရေးသတင်းစာမှာ အယ်ဒီတာ ဝင်လုပ်သတဲ့။ နောက်တော့ ဂျာနယ်ကျော်ကို ထုတ်ဝေသူအမည်ခံပြီး သူ့ဆရာဦးချစ်မောင်နဲ့အတူ ထုတ်ဝေရင်း နိုင်ငံရေးဆောင်းပါးတွေ မပြတ်ရေး သားခဲ့ပါတယ်။ တိုးတက်ရေးသတင်းစာမှာတော့ ဆီမီးခွက် ကလောင်အမည်နဲ့ရေးတယ်။ ဗိုလ်အောင်ကျော်တို့ အရိုက်ခံရတဲ့ ကျောင်းသားအရေးတော်ပုံကြီးမှာ စရေးတာ။ ”လက်စားချေကြ လော့”လို့ ရေးသားလှုံ့ဆော်လို့ တိုးတက်ရေးသတင်းစာကို အာမခံ ၃ဝဝဝ ကျပ် အတောင်းခံလိုက်ရသတဲ့။

၁၉၄၂-၁၉၄၅ ဖက်ဆစ် တော်လှန်ရေးကာလမှာတော့ မြေအောက်တော်လှန်ရေးကိစ္စတွေ မှာ ပါဝင်လုပ်ဆောင်ခဲ့သတဲ့။ ဖက်ဆစ်တော်လှန်ရေးပြီးတော့ ဗိုလ်တေဇဖြစ်လာတဲ့ သခင်အောင်ဆန်းကို သွားနှုတ်ဆက်တဲ့အခါ ”ဟေ့ကောင်အုန်းမြင့်၊ မင်းစစ်ထဲဝင်”လို့ တိုက်တွန်းခဲ့သတဲ့။ တွေ့ တိုင်း စစ်ထဲဝင်ခိုင်းတာကို လွတ်အောင်ရှောင်ရင်း စာနယ်ဇင်းကိစ္စ တွေမှာပဲ ဆက်လုပ်နေရာက ၁၉၅၁ က ၁၉၆၄ အထိ ကျော်လင်း စာပေတိုက်တည်ထောင်ပြီး ဆူးလေဘုရားအောက်မှာ စာအုပ်ဆိုင် ဖွင့်ထားခဲ့ပါတယ်။ စစ်ပြီးခေတ်မှာ ရန်ကျော်ဂျာနယ်ထုတ်ပြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ထောက်ခံခဲ့တယ်။ ဒဂုန်တာရာတို့ရဲ့ စာပေသစ်မဂ္ဂဇင်းထုတ်ဂျာနယ် မှာလည်း သူပါခဲ့တယ်လို့ ဆိုတယ်။ ကျွန်တော်တို့ကလည်း အဲဒီ တော့ တက္ကသိုလ်ကျောင်းသားဖြစ်ရပါပြီ။ ကျောင်းသားညီလာခံ တွေသွားရင်း ကျော်လင်းစာအုပ်တွေကို သူ့အိပ်ရာဘေးမှာ သေတ္တာတစ်လုံးနဲ့သီးခြားထည့်ထားပြီး ဖတ်ရှုလေ့လာခဲ့တာပါ။ ကျွန်တော် ကျော်လင်းစာပေက ဝယ်ဖူးတဲ့ စာအုပ်တစ်အုပ်ကို မှတ်မိနေတာက ”ကွန်မြူနစ်ကြေညာစာတမ်း” ဘာသာပြန်စာအုပ်ပါ။ ဘာသာပြန်သူနာမည်မပါပေမဲ့ သခင်သန်းထွန်း ဘာသာပြန်တာ လို့ အဆိုရှိပါတယ်။

အိမ်စောင့်အစိုးရလက်ထက်မှာတော့ အိမ်စောင့်တဲ့ စစ်တပ် က ပုဒ်မ ၅ နဲ့ဖမ်းလို့ ကိုကိုကျွန်းအကျဉ်းစခန်းကို ရောက်သွားခဲ့ ရပါတယ်။ အဲဒါ ၁၉၅၈ ပေါ့။ လွတ်လာပြီး ၁၉၈၉ မှာထပ်ပြီး ပုဒ်မ ၅ နဲ့ပဲ ငါးနှစ်ထောင်ချခံရပြန်ပါတယ်။ ၁၉၉၈ မှာတော့ ကျောင်းသားလှုပ်ရှားမှုသမိုင်းပြုစုတဲ့ မောင်အောင်ထွန်းကို ကူညီ လို့တဲ့ ထောင်ခုနစ်နှစ် အချခံရပြန်တယ်။ အံ့သြစရာပါ။ တကသ ဗကသကျောင်းသားလှုပ်ရှားမှုသမိုင်းဆိုတာ သခင်အောင်ဆန်းတို့ က ဗြိတိသျှအစိုးရကို တော်လှန်ခဲ့တဲ့ သမိုင်းမဟုတ်လား။ တပ်မတော်တည်ထောင်ရေးကို ဦးတည်ခဲ့တဲ့ သမိုင်းမဟုတ်လား။ သမိုင်းကောင်းမရှိသူတွေဟာ သမိုင်းကိုမုန်းမြဲပါတကားလို့ပဲ သင်ခန်းစာယူရပါတယ်။

အဲဒီတော့ ကျွန်တော် ရန်ကုန်ရောက်နေပြီ။ အင်းလျားကန် ပတ်လည်မှာ ဂျင်းဘောင်းဘီဝတ်ပြီး တုတ်တချောင်းနဲ့ လမ်း လျှောက်လေ့ရှိတဲ့ ခေါင်းဖြူအဘိုးကြီးကို မြင်ဖူးနေပြီ။ ကျွန်တော်က မန္တလေးမှာ အလွတ်ပညာသင်ကျောင်းဆရာဘဝက ပြည်သူပိုင်သိမ်းအစိုးရကျောင်းဆရာဖြစ်နေပြီ။ ကျောင်းသုံးစာအုပ် ပြုစုရေးအဖွဲ့ကခေါ်လို့ ရန်ကုန်ရောက်နေပါပြီ။ ဒေါက်တာညီညီ ရဲ့လက်ထက်မှာ ကျောင်းသုံးသမိုင်းစာအုပ်ပြုစုရေးအဖွဲ့က ဆရာ ဦးဇော်ဝင်း (ဗကသဇော်ဝင်း)ခေါ်လို့ ရောက်လာခဲ့တယ်။ ကနေ့ တော့ ကျောင်းသုံးသမိုင်းစာအုပ်ပြုစုနေတဲ့ရုံးခန်းကို တက္ကသိုလ် ကျောင်းသားတစ်ယောက် ရောက်လာပါတယ်။ ကျော်ဇောဦးတဲ့။ ဗိုလ်ချုပ်ကျော်ဇောရဲ့သားပါ။ အ, သုံးလုံး လုပ်အားပေးကျောင်းသား များကတစ်ဆင့် သူနဲ့ကျွန်တော်က သိရှိရင်းနှီးပြီးသားပါ။ သူက ဗိုလ်ချုပ်ကျော်ဇော၊ သခင်အုန်းမြင့်စတဲ့ သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင်များက လွှတ်လိုက်လို့ လာတာပါတဲ့။ ဂူဗိမာန်ရန်ပုံငွေပို့စကတ်ထုတ်ချင်လို့ သခင်ကိုယ်တော် မှိုင်းဂုဏ်ပြုကဗျာတစ်ပုဒ်ပေးပါတဲ့။ ကျွန်တော်က ကြိုက်ရာသုံးပါ ဆိုပြီး ငါးပုဒ်လောက်ပေးလိုက်ပါတယ်။ သူတို့က အားလုံးသုံးလိုက် ပါတယ်။ ကျွန်တော့်ကို သခင်အုန်းမြင့်က သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့ထဲမှာပါဝင်ဖို့တဲ့ ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေရဲ့ ကားနဲ့အခေါ်လွှတ်ပါတယ်။ သခင်ဗအုန်း၊ သခင်စိုးမြင့်၊ သခင်အုန်းမြင့်၊ သခင်သိမ်းမောင်ကြီး(ဝါးခယ်မ) ရှေ့နေဦးထွန်းတင်၊ ဗိုလ်ချုပ်ကျော်ဇောစတဲ့ ပုဂ္ဂိုလ်ကြီးများပါဝင်တဲ့ ဂူဗိမာန်ထိန်း သိမ်းစောင့်ရှောက်ရေးအဖွဲ့မှာ တစ်ခါတည်းသွင်းပြီး လစဉ်အစည်း အဝေးတက်ရပါတယ်။ ဗိုလ်ချုပ်ကျော်ဇောကတော့ နယ်စပ်ကို ထွက်သွားလို့မတွေ့ရတော့ပါ။ ဒီလိုနဲ့ ဒီအဖွဲ့ဝင်ပုဂ္ဂိုလ်များနဲ့ ရင်း နှီးသွားခဲ့ပါတယ်။

ဝါးခယ်မသခင်သိမ်းမောင်ကြီးအိမ်၊ ဦးထွန်းဝေအိမ်တို့ကိုတော့ သူတို့ မြေး၊ သားတွေကို မြန်မာစာသင်ပေးဖို့ ခေါ်လို့မကြာ ခဏရောက်ပါတယ်။ သခင်အုန်းမြင့်နဲ့ကတော့ သာရေးနာရေး တွေမှာ ဆုံကြရတာများပါတယ်။ သခင်အုန်းမြင့်က မောင်ပေါက်စည်၊ မောင်သာနိုး၊ တင်မိုးတို့နဲ့ပါ ရင်းနှီးနေပါပြီ။ သာရေး နာရေး ပွဲတွေမှာ ဆုံမိတိုင်း သခင်အုန်းမြင့်က ကျွန်တော်တို့ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားဝိုင်းကို နေရာချထားပေးလေ့ရှိပါ တယ်။ သူဟာ ဒေါ်အောင်ဆန်းစုကြည်ကို အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားနှစ်ယောက် လာစဉ်ကလည်း သူပဲ အရိပ်တကြည့်ကြည့် စောင့်ရှောက်ခဲ့တာ တွေ့ရပါတယ်။ နိုင်ငံရေးသတိ၊ တော်လှန်ရေးသတိ အလွန်ကြီးသူပီပီ သူရဲကောင်း သခင်အောင်ဆန်းရဲ့သမီးကို ကြက်သားအုပ်မ စောင့်သလို စောင့်ရှောက်တာပါ။ ကျွန်တော်တို့တတွေလာရင်၊ မင်းကိုနိုင်တို့အဖွဲ့လာရင် ကိုယ့်ရဲဘော်တွေ၊ ကိုယ့်တူသားတွေလို သဘောထားပြီး အနီးကပ်စောင့်ရှောက်တာပါ။ လက်ထဲမှာ တောင်ဝှေးတစ်ချောင်းကိုလည်း အမြဲလက်မလွှတ်တမ်းကိုင်ထား ပါတယ်။ တစ်ခါက မင်းကိုနိုင်ကို ရန်မှုဖို့လာသူကို သူကပဲ ဦး အောင် သူ့တောင်ဝှေးနဲ့ ရိုက်ချတားဆီးခဲ့ဖူးပါတယ်။ ဘာပါတီမှ မဝင်ပါ။

ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ လေထီးအုန်းမောင်၊ တကသ ဘကောင်း၊ ဗကသဇော်ဝင်း၊ မုံရွာတင်ရွှေ၊ ဗိသုကာကျော်မင်း၊ (မှိုင်းဂူဗိမာန် ပုံစံထုတ်သူ ဗိသုကာ) တင်မိုး၊ ကြည်အောင်၊ ကိုလေး၊ မင်းကိုနိုင်၊ ကိုကိုကိုကြီးစတဲ့ ပုဂ္ဂိုလ်တွေကို စစ်အာဏာရှင်ဆန့်ကျင်သူ ဒီမိုကရေစီဘက်တော်သားရဲဘော်များအဖြစ် အထူး အလေးထားဆက်ဆံ ကူညီစောင့်ရှောက်ခဲ့တာတွေ့ရပါတယ်။

အမေလူထုဒေါ်အမာမွေးနေ့ပွဲကိုလည်း လေထီးဦးအုန်းမောင်တို့ နဲ့အတူ နှစ်စဉ် သွားရောက်ခဲ့သူဖြစ်ပါတယ်။ အထူးသဖြင့် တကသ၊ ဗကသ အနွယ်တွေကို သူ့တူသားတွေကို စောင့်ရှောက်ပါတယ်။ တကသ၊ ဗကသသမိုင်းပြုစုသူ မောင်အောင်ထွန်းဆိုရင် သူ့ရှိသမျှ အထောက်အထား စာရွက်စာတမ်းတွေအပြင်၊ ဘယ်သူ့ဆီမှာ ဘာ စာတွေရှိတယ်ဆိုတာကိုပါ ကိုယ်ထိလက်ရောက် ကူညီအားပေးခဲ့တာ ပါ။ ဒါကြောင့် အဖမ်းခံခဲ့ရသေးတယ်။

ဦးဝင်းတင်၊ တင်မိုး၊ မောင်မိုးသူ၊ မောင်သိန်းနိုင်တို့ အဖမ်းခံရ ပြီးတော့ သူတို့နဲ့တွဲတဲ့ ကျွန်တော့်ကိုပါ ထောက်လှမ်းရေးက နှစ်ခါ ခေါ်ယူစစ်ဆေးတာခံရပါတယ်။ အစိုးရတာဝန်နဲ့ သင်တန်းတစ်ခု ကို ဦးဆောင်နေဆဲမို့ ထင်ပါရဲ့။ ခဏလွှတ်ထားချိန်မှာ တကသ ဘကောင်းတစ်ယောက်နဲ့သာ တစ်ဆင့်နှုတ်ဆက်ခဲ့ပြီး နေသာလန် နိုင်ငံက စာပေညီလာခံတစ်ခုကို တင်ဖို့အကြောင်းပြချက်နဲ့ ကျွန်တော် ပြည်ပကိုထွက်လာတော့ လစဉ်တက်နေကျ သခင်ကိုယ် တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့ သခင်အုန်းမြင့်တို့နဲ့ အဆက်ပြတ်သွားခဲ့ရပါတယ်။ သူက ကျွန်တော့် ဦးကြီး၊ ကျွန်တော့် အဖေအရွယ်ပါ။ ဒါပေမဲ့ ”ရဲဘော်”၊ ”သူငယ်ချင်း”လို့ခေါ်ပြီး ကျွန်တော်ကိုခေါ်ခဲ့ဖူးတော့ ကြက်သီးထခဲ့ရပါတယ်။

ခုတစ်ခေါက် ဗမာပြည်ပြန်တော့ ၂ဝ၁၈ ဇန်နဝါရီ ၆ ရက်နေ့က တက္ကသိုလ်ရိပ် သာလမ်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်နဲ့မလှမ်းမကမ်း၊ အင်းလျားကန်ဖျား ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပတဲ့ သခင်အုန်းမြင့် ရာပြည့်ပွဲကို နွှဲခွင့်ကြုံခဲ့ရပါတယ်။ သခင်အုန်းမြင့်အထိမ်းအမှတ် စာအုပ်ထူကြီးတစ်အုပ်လည်း လက်ဆောင်ရခဲ့ပါတယ်။ ကျွန်တော် က ဆောင်းပါးများ၊ ကဗျာများ ဂုဏ်ပြုရေးသားခဲ့ပါတယ်။

သခင်အုန်းမြင့်ရာပြည့်ပွဲမှာ ကျွန်တော့်ကို သူ့သမီးများက ဘုန်းတော်ကြီးစင်မြင့်ရှေ့က စားပွဲမှာ နေရာချထားပါတယ်။ မကြာမီ ပန်းချီဝင်းဖေကလည်း ရောက်လာတော့ ပန်းချီဝင်းဖေနဲ့ ကဗျာ ဝင်းဖေ (မောင်စွမ်းရည်) တို့ ရာပြည့်ပွဲက သက်ကြီးဝါကြီးများအဖြစ် ဆုံမိကြပါတယ်။ အဲဒီပွဲမှာ ကျွန်တော်တို့နဲ့ သိကျွမ်းသူလူကြီးဆိုလို့ ဟံသာဝတီဦးဝင်းတင်ရဲ့ ရဲဘော်ကြီး ကိုမောင်မောင်ခင်ပဲ တွေ့ခဲ့ရ ပါတယ်။ လူငယ်လူလတ်ပိုင်းကတော့ မုံရွာအောင်ရှင်၊ ဖျာပုံနီလုံ ဦးစတဲ့ ဒီလှိုင်းအယ်ဒီတာအဖွဲ့ဝင်များပါ တွေ့ရပါတယ်။ အလွန်ကျယ်ဝန်းတဲ့ ခန်းမကြီးဟာ ရွှေမန်းတင်မောင်တို့ကတဲ့ဇာတ်ပွဲရုံ ကြီးမကကြီးပါတယ်။ အဲဒီခန်းမကြီးမှာ ပရိသတ်ပြည့်လျှံနေလို့ ကျောင်းဝန်းအတွင်းက လမ်းတွေပေါ်မှာပါ စားပွဲကုလားထိုင်တွေ ချပြီး ဧည့်ခံနေကြရတာတွေ့ရပါတယ်။ ကျွန်တော်လည်း လိုက်လံ စောင့်ရှောက်ပို့ဆောင်သူ စာကြည့်တိုက်ပညာရှင် စာရေးဆရာမျိုးသန့်ထွန်း (စစ်ကိုင်း) ကို အားနာလို့ ဦးဝင်ဖေသားအဖကို နှုတ်ဆက်၊ သခင်အုန်းမြင့်ရဲ့ သမီးများကို နှုတ်ဆက်ပြီးပြန်ခဲ့ပါတယ်။

သခင်အုန်းမြင့်ဟာ တို့ဗမာအစည်းအရုံးဝင် သခင်တွေထဲမှာ လူငယ်ပိုင်းကဖြစ်လို့ ကွယ်လွန်သူ သခင်ဈာပနသတင်းတွေထဲမှာ ခုအထိနောက်ဆုံးပါပဲ။ သူကွယ်လွန်တော့ သူ့အသက်က ၉၃ နှစ် ပါ။ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေးနဲ့ ဒီမိုကရေစီရေးတို့အတွက် တစ်သက်လုံးတက်တက်ကြွကြွဆောင်ရွက်ခဲ့သူ ‘သခင်နိုင်ငံရေးသမားတစ်ဦးဖြစ်ပါတယ်။ သခင်အုန်းမြင့်ရာပြည့်ပွဲဟာ သခင်သမိုင်းရဲ့နိဂုံး လို့ ဆိုရတော့မှာ ဖြစ်ပါတယ်။ သခင်အုန်းမြင့်ကတော့ ကွယ်လွန်လေပြီ။ သခင်အုန်း မြင့် အသက်ထောင်ကျော်ရှည်ပါစေသော်။

သခင်အုန်းမြင့်က ရဲဘော်သူငယ်ချင်းလို့ခေါ်ခဲ့တဲ့
မောင်စွမ်းရည်
၂ဝ၁၈၊ မတ်လ ၁ ရက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts