ဇင်လင်း သူတို့အာဘော်

ဇင်လင်း ● အဂတိလိုက်စားမှုများနှင့် တရားစီရင်ရေးပြဿနာ

ဇင်လင်း ● အဂတိလိုက်စားမှုများနှင့် တရားစီရင်ရေးပြဿနာ
(မိုးမခ) မေ ၁၁၊ ၂၀၁၈

မြန်မာနိုင်ငံ၏ လက်ရှိ တရားစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေးသည် မည်သည့် အခြေအနေ ရောက်ရှိနေသည်ကို ယနေ့ ပြည်သူအများစု သိရှိနေကြသည်။ ငွေများတရားနိုင်ဆိုသည့် ခေတ်အတွင်းမှ လွတ်လွတ်ကျွတ်ကျွတ် ရုန်းမထွက်နိုင်သေး။ သို့သော် လက်ရှိ NLD အစိုးရ သက်တမ်း ၂ နှစ်ကျော်လာချိန်တွင် အကောင်းဘက်သို့ ပြောင်းနိုင်သည့် အလားအလာ တချို့တွေ့လာရသည်။ တရားသူကြီးများအပါအ၀င် တရားရေးဝန်ထမ်း ၁၆၀ ဦးကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်းက အရေးယူခဲ့သည်ဟု ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး အပြည်ပြည်ဆိုင်ရာဆက်ဆံရေးနှင့် သုတေသနဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်ဇော်ထွန်းက ပြောကြောင်း မဇ္ဈိမသတင်း၌ ဖေါ်ပြသည်။

အရေးယူထားသည့် ၀န်ထမ်း ၁၆၀ ဦးတွင် အရာထမ်း ၈၈ ဦးနှင့် အမှုထမ်း ၇၂ ဦးတို့ ပါဝင်၍ ညွှန်ကြားရေးမှူးချုပ်အဆင့်မှ ရုံးစောင့်အဆင့်ထိ အရေးယူထားကြောင်း သိရသည်။ အရေးယူရာတွင် ပြစ်မှုများအလိုက် လစာနှုန်းထားလျော့ချခြင်း၊ ရာထူးတိုးရပ်ဆိုင်းခြင်း၊ ရာထူးအဆင့် လျှော့ချ ခြင်း၊ တာဝန်မှ ယာယီရပ်ဆိုင်းခြင်း၊ ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်းနှင့် ၀န်ထမ်းအဖြစ်မှ ထုတ်ပယ် ခြင်း စသဖြင့် အရေးယူခဲ့ကြောင်း ‘၂၀၁၇ ခုနှစ် တရားရုံးနှစ်စဉ် အစီရင်ခံစာ’ စာအုပ်ထဲတွင် ဖော်ပြထားသည်ဟု ဆိုသည်။ မေလ ၃ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ‘မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန’ တွင် ကျင်းပသော ‘၂၀၁၇ ခုနှစ် တရားရုံးနှစ်စဉ် အစီရင်ခံစာ’ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားတွင် ဦးဇော် ဇော်ထွန်းက တရားရုံးများတွင် တရားစီရင်ရာ၌  ကြန့်ကြာမှုများ လျော့ချနိုင်ရန်နှင့် စနစ်သစ်များ အကောင်အထည် ဖော်သွားရန်အတွက် “၂၀၁၈-၂၀၂၂ တရားစီရင်ရေး ဆိုင်ရာ မဟာဗျူဟာ စီမံကိန်း” ချမှတ်ထားသည်ဟုလည်း ဆိုသည်။

ဤအတောအတွင်း မေလ ၄ ရက်နေ့က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီးခံထားရသည့် ကျန်းမာရေး ဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ကို မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း မဇ္ဈိမသတင်းအရ သိရသည်။ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တိုင်ကြားမှုများ အပေါ်စစ်ဆေးရာမှ လုပ်ကိုင်ခွင့်အာဏာအသုံးပြုကာ အဂတိလိုက်စားမှုများ စစ်ဆေး တွေ့ရှိခဲ့ခြင်းကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားလိုပြုလုပ်ကာ နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရီမြို့နယ်၊ ရဲစန်းတွင် ၂၀၁၃ ခုနှစ် ‘အဂတိလိုက်စားမှု တိုက်ဖျက်ရေး’ ‘ဥပဒေပုဒ်မ ၅၆’ အရ ဧပြီလ ၂၀ ရက်နေ့က အမှုဖွင့်ခံခဲ့ရ၍၊ မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော်တွင် အမှုရင်ဆိုင်နေရကြောင်း သိရသည်။ FDA ၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားလို ပြုလုပ်ကာ တရားစွဲဆိုနိုင်ခြင်းသည် တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးပြုပြင်ပြောင်းလဲမှုဖြစ်စဉ်တွင် စံပြဖြစ်ကောင်း ဖြစ်လာနိုင်သည်။ FDA ၏ ညွှန်ကြားရေးမှူးချုပ်အဆင့်သည် ငါးအကြီးကြီး မဟုတ်သော်လည်း အလတ်စားဟုတော့ဆိုနိုင် သည်။ ငါးအကြီးစားများကို ဆက်လက်ဖမ်းဆီး ကြော်ပြဖို့တော့ လိုဦးမည်။

မေလ ၄ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် တရားလွှတ်တော်ရှေ့နေ ဦးဉာဏ်ဝင်းဦးဆောင်သည့် “ပြည် ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့” တွေ့ဆုံခဲ့သည်ဟု ဆိုသည်။ ထိုသို့တွေ့ဆုံရာတွင် ဥပဒေနှင့် မညီသည့် ဖမ်းဆီး ချုပ်နှောင်မှုများ ပပျောက်စေရန် ဆောင်ရွက်စေလိုကြောင်း ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက် အကူပေးရေးအဖွဲ့ကို  နိုင်ငံတော်သမ္မတ က မှာကြားကြောင်း ‘၇ ရက်နေ့စဉ်’ သတင်းအရသိရသည်။ သမ္မတ ဦးဝင်းမြင့် သည် တရားလွှတ်တော်ရှေ့နေ ဦးဉာဏ်ဝင်းဦးဆောင်သည့် အဆိုပါအဖွဲ့ကို လက်ခံတွေ့ဆုံစဉ် ရဲအချုပ်နှင့် အကျဉ်း ထောင်များ၌ မလိုလားအပ်သည့် ဖမ်းဆီးချုပ်နှောင်မှုများ လျော့နည်းစေရန် လမ်းညွှန်မှာကြားခဲ့သည်ဟု  နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။

၎င်းအပြင် နိုင်ငံတော်သမ္မတ က တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးမဏ္ဍိုင် တည့်မတ် မှန်ကန်ရေး အကောင်အထည် ဖော်ဆောင်ရွက်ရန်၊ နိုင်ငံသူနိုင်ငံသားအားလုံးကို ဥပဒေနှင့်အညီ တန်းတူညီမျှမှု၊ တရားမျှတမှုနှင့်လွတ်လပ်မှု အခွင့်အရေး များ ရရှိရန်လည်း ထိုတွေ့ဆုံပွဲ၌ ထည့်သွင်းပြောကြားခဲ့သည်ဟု ဆိုသည်။ ဆက်လက်၍ ပြစ်မှုကျူးလွန်သူနှင့် ကျူးလွန် ခံရသူများ အနေဖြင့်လည်းကောင်း၊ သက်သေများအနေဖြင့်လည်းကောင်း ဥပဒေဆိုင်ရာ အထောက်အကူများ ရရှိရန်၊ ပြည်သူလူထုကိုလည်း တည်ဆဲဥပဒေများ၊ နိုင်ငံသား တစ်ယောက်၏ အခြေခံရပိုင်ခွင့် များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိ အောင် လူပုဂ္ဂိုလ်တစ်ဦး၏ ဥပဒေအရ ရပိုင်ခွင့်များကို အသိပညာပေးရန် ဦးဝင်းမြင့်က မှာကြားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ‘တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်’ တည့်မတ် မှန်ကန်စေရေး အဓိကအကောင်အထည်ဖော် ဆောင်ရွက်ရန် ‘ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့’ ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ထို အဖွဲ့၏ ရည်ရွယ်ချက်မှာ ဆင်းရဲနွမ်းပါးသူများအား ရှေ့နေငှားပေးခြင်း၊ ဥပဒေဆိုင်ရာ အကြံပေးခြင်းအပြင်၊ ဥပဒေပညာ အသိပညာဗဟုသုတ ပြန့်ပွားရေးတွေ လုပ်ဆောင်ပေးမည်ဟု အဆိုပါအဖွဲ့ဝင် တရားလွှတ်တော် ရှေ့နေ ဦးကျော်ဟိုးက နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံမှုအပြီးတွင် ပြောပြသည်။

ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဥက္ကဋ္ဌအဖြစ်တာဝန်ယ၍ူ ဌာနဆိုင်ရာအရာရှိကြီးများ ၆ ဦး၊ တရားလွှတ်တော် ရှေ့နေ ဥပဒေကျွမ်းကျင် ပညာရှင် ၆ ဦး၊ စုစုပေါင်း ၁၃ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။ တိုင်းနှင့် ပြည်နယ်အဆင့် ဥပဒေဆိုင်ရာ အထောက်အကူ အဖွဲ့များကို ဆက်လက်ဖွဲ့စည်းနိုင်ရေး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း၍ ပြုပြင်ပြောင်းလဲရေး စိတ်စေတနာအပြည့်ဖြင့် မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်သူများကို ရွေးချယ်ဖွဲ့စည်းဆောင်ရွက်ရန် သမ္မတက လမ်းညွှန်ကြောင်း သိရသည်။ သမ္မတဦးဝင်းမြင့်သည် ဧပြီ ၁၁ ရက် နေ့တွင် တရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် တရားလွှတ်တော်ချုပ် တရားသူကြီးများကို သမ္မတအိမ်တော်၌ လက်ခံ တွေ့ဆုံကာ “မြန်မာနိုင်ငံ၏ တရားစီရင်ရေးမဏ္ဍိုင်” တည့်မတ်ခိုင်မာစေ ရေးနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားသည်ဟု ဆိုသည်။

၂၀၁၇ ခုနှစ် မတ်လ ၇ ရက်နေ့က ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထအကြိမ်ပုံမှန်အစည်းအဝေးသို့ ဝေါမဲဆန္ဒ နယ်မှ ဦးတင်ထွေး က “တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနေမှုအား ပြန်လည် တည့်မတ်နိုင်ရေးအတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းခဲ့ကြောင်း အစိုးရသတင်းမီဒီယာများတွင် ဖေါ်ပြခဲ့ ကြောင်း တွေ့ခဲ့ရသည်။ ၎င်းအဆိုနှင့် ပတ်သက်၍ အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုက တရားစီရင်ရေးကဏ္ဍသည် ယခု အချိန်အထိ တိမ်းစောင်းနေ ပြီး တရားဥပဒေ စိုးမိုးမှု ကျဆင်းနေသည့် ဝေဖန်မှုများကို ကြားသိနေရသည်ဟု နိဒါန်းပျိုးကာ အဆိုကို ထောက်ခံဆွေးနွေး ခဲ့သည်။ ဒေါ်ချိုချိုက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရားစီရင်ရေးကဏ္ဍသည် အရေးကြီးကြောင်း၊ တရားစီရင်နေ ကြသည့် တရားရုံးများသည် မိမိတို့ စီရင်ပိုင်ခွင့်အရ တရားစီရင်ရာတွင် ဆင်ခြင်တုံ တရားအခြေခံ၍ အဂတိတရားလေးပါး ကင်းစွာ တရားစီရင်ရန် အထူးအရေးကြီးကြောင်း၊ တရားစီရင်ရေးနှင့် ပတ်သက်၍ ပြည်သူ့အသံများကို ကြားနေရပြီး အမှု ရင်ဆိုင်ရချိန် ကြာလွန်းပြီး အချိန်ကုန် ငွေကုန် လူပင်ပမ်းပြီး စီးပွားပျက်မှုများ ကြုံတွေ့ရသည့် အခြေအနေများ ကြားသိရ ကြောင်း စသဖြင့် ထောက်ခံဆွေးနွေးခဲ့သည်။

တရားစီရင်ရေးတွင် အဂတိ လိုက်စားမှုများ ကျယ်ပြန့်စွာရှိနေပြီး၊  တရားသူကြီးမှ စာပို့လုလင်အထိ ပါဝင် ပတ်သက်နေ သဖြင့် ထင်သာမြင်သာဖြစ်အောင် ဖော်ထုတ်ရန် ခက်ခဲနေကြောင်း “တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီ” က ပြည်သူ့လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းခဲ့ဖူးသည်ဟု အလဲဗင်းမီဒီယာသတင်း၌ ဖေါ်ပြခဲ့ဖူးသည်။  ထို့ပြင် တရားစီရင်ရေးတွင် အဂတိတရားများ လွှမ်းခြုံလျက် ရှိနေသည်ကို တွေ့ရကြောင်း၊ တရားသူကြီး အဆင့်ဆင့်သည် အထက်တရားသူကြီး အဆင့်ဆင့်၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ရာတွင် အပေးအယူကိစ္စများတွင် ကွင်းဆက်များ ရှိနေကြောင်း၊ အလားတူပင် ဥပဒေ၀န်ထမ်း အဆင့်ဆင့်၌လည်း ကြီးကြပ်သူ အဆင့်ဆင့် ၀န်ထမ်းများသည် ယျေဘုယျအားဖြင့် ကွင်းဆက်ရှိနေပြီး နားလည်မှုဖြင့် ဆောင်ရွက်လျက် ရှိကြောင်းနှင့် အများအားဖြင့် ပြစ်မှုများတွင် အဆိုပါ အခြေအနေများကို တွေ့ရှိရကြောင်း အဆိုပါ ကော်မတီက အစီရင်ခံစာ၌ ဖေါ်ပြခဲ့ဖူး သည်။ တရားစီရင်ရေးဟု ဆိုရာတွင် တရားသူကြီးများသာမက တရားရေးဝန်ထမ်းများ၊ ရှေ့နေများ၊ ဥပဒေ၀န်ထမ်းများ၊ တရားစွဲ အဖွဲ့အစည်းများ၊ ၀န်ထမ်း အကြီးအမှူးဖြစ်သော ညွှန်ကြားရေးမှူးချုပ်အဆင့် တာဝန်ထမ်းဆောင်သူများမှ အဆင့်ဆင့် စာပို့လုလင်အထိ ပါဝင်ဆက်စပ်လျက်ရှိရာ ၄င်းတို့အားလုံး၏ အဂတိ လိုက်စားမှုကို ထင်သာမြင်သာအောင် ဖော်ထုတ်နိုင်ရန်မှာ လွယ်ကူသော ကိစ္စ မဟုတ်ကြောင်း ကော်မတီက လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းရာတွင် ဖေါ်ပြခဲ့ဖူးသည်။

နိုင်​ငံ​တ​ကာ​တွင် ​ဖြစ်​ပေါ်နေ​သော ​အ​ကျင့်​ပျက် ခြ​စားမှုများကို ​စောင့်​ကြည့်​သည့် Transparency International ​​အ​ဖွဲ့၏ ၂၀၁၇ ခုနှစ် ​ထုတ်​ပြန်​ချက်အ​ရ ​မြန်​မာ​နိုင်​ငံသည် ​နိုင်​ငံ​ပေါင်း ၁၈၀ ​အနက် ​အ​ဆင့် ၁၃၀ ၌ ရှိ​နေ​သည်။ အဂတိလိုက်စားမှု အခြေအနေ ဆိုးနေဆဲဖြစ်သည်။ အဂတိလိုက်စားမှုများ ကျယ်ပြန့်လာရသည့် အဓိက အကြောင်းရင်းတစ်ခုမှာ အစိုးရနှင့် ပုဂ္ဂလိကပိုင်းမှ အခွင့်အာဏာ တာဝန်ရှိသူများ၏ ဆုံးဖြတ်လုပ်ဆောင်ချက်များ ပွင့်လင်းမြင်သာမှု မရှိခြင်းကြောင့်ဖြစ်သည်။ အစိုးရအရာရှိများ ၀န်ထမ်းများအနေဖြင့် လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖေါ်ရာ၌ တာဝန်ယူမှု တာဝန်ခံမှု ပွင့်လင်း မြင်သာမှုများ ရှိဖို့ အလွန်အရေးကြီးသည်။ ပွင့်လင်းမြင်သာမှု (Transparency) ရှိ မရှိ၊ တာဝန်ခံမှု (Accountability) ရှိ မရှိ၊ ဆိုသော အခြေအနေများကို စောင့်ကြည့်ရာ၌ တာဝန်သိ သတင်းမီဒီယာများ၏ စုံစမ်းဖော်ထုတ် သတင်းတင်ဆက်မှု အပိုင်းသည် အရေးကြီး အခန်းကဏ္ဍတွင် ရှိသည်။  အဂတိလိုက်စားမှု လာဘ်ပေးလာဘ်ယူမှုများကို ကန့်သတ် ထိန်းချုပ် နိုင်ရေးအတွက် သတင်းမီဒီယာက စောင့်ကြည့်ဖေါ်ထုတ်ရေးတာဝန်ကို ထမ်းဆောင်ရခြင်း ဖြစ်သည်။ ထို့ကြောင့် အဂတိ လိုက်စားမှု လာဘ်ပေးလာဘ်ယူမှုများကို ထိန်းကျောင်းရာ၌ သတင်းမီဒီယာများသည် သော့ချက်အခန်းကဏ္ဍ၌ ရှိသည်။

အလားတူ အစိုးရယန္တရားအတွင်း တာဝန်ထမ်းဆောင်နေကြသော အရာရှိဝန်ထမ်းအဆင့်ဆင့်ကလည်း ဥပဒေ စည်းမျဉ်း စည်းကမ်း လိုက်နာကြရန် အရေးကြီးသည်။ အထူးသဖြင့် လုပ်ပိုင်ခွင့်ရှိသူ ခေါင်းဆောင်ပိုင်းက ကိုယ်ကျင့် သီလမပျက်ဖို့၊ သန့်သန့်ရှင်းရှင်း ဆုံးဖြတ် လုပ်ကိုင်ကြဖို့ လိုသည်။ သို့မှသာ မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုများကို ထိန်းချုပ်နိုင်ဖွယ် ရာရှိ၍၊ နိုင်ငံရေး စီးပွားရေး အခြေအနေများလည်း ပြန်လည် ကောင်းမွန်တည်ငြိမ်လာကာ၊ တရားဥပဒေ စိုးမိုးရေးလည်း ပြန်လည်ဦးမော့လာနိုင်မည်။ လက်ရှိ မြန်မာနိုင်ငံ တရားစီရင်ရေးစနစ်ကိုလည်း လာဘ်ပေး လာဘ်ယူ အကျင့်စရိုက် အဟောင်းများ၏ သြဇာအောက်မှ လွတ်မြောက်အောင် ၀ိုင်းဝန်းထိန်းကျောင်းချိန်တန်ပြီဖြစ်သည်။ တရားစီရင်ရေး စနစ် အပေါ် ပြည်သူများ ယုံကြည်လက်ခံလာအောင် တရားရုံးများ စောင့်ကြည့်ရေး လုပ်ငန်းစဉ်တစ်ရပ် ချမှတ် ဆောင်ရွက်ချိန် ရောက်ပြီဟု ဆိုချင်သည်။ စစ်မှန်၍ တရားမျှတမှုအခြေခံသော “တရားစီရင်ရေးမဏ္ဍိုင်” တရပ် အနေဖြင့် အုပ်ချုပ်ရေး အာဏာပိုင်များနှင့် ငွေကြေးဓနအင်အားကြီးသူများ၏ ဖိအားကို ကြောက်စရာမလိုဘဲ၊ လွတ်လပ်စွာ တရားစီရင်ပိုင်ခွင့် ရှိကြောင်း လူထုက ယုံကြည်မှုရှိစေရန် အစိုးရသစ်က ပွင့်လင်းမြင်သာစွာ ရှေ့ဆောင်လမ်းပြတာဝန်ယူရမည် ဖြစ်သည်။

ဤနေရာ၌ အလျဉ်းသင့်သဖြင့် လူထုကို ကိုယ်စားပြု လူထုအစိုးရ တစ်ရပ် ဖွဲ့စည်းရေးအတွက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမဆုံးနေ့ဖြစ်သည့် ၂၀၁၆ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် NLD ဗဟိုအလုပ်အမှုဆောင် တာမွေ မြို့နယ်  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်အား ‘ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ’ အဖြစ် စတင်တင်မြှောက်ခဲ့စဉ်က ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌအဖြစ် ပထမ ဆုံးစတင်ပြောကြားသည့် မိန့်ခွန်းကို ပြန်လည် ဖေါ်ပြလိုသည်။

“နိုင်ငံတော်မှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ အာဏာကြီးသုံးရပ်အနက် လွှတ်တော်ရဲ့ အဓိကတာဝန် ဟာ ဥပဒေပြုရေးဖြစ်ပါတယ်။ ဥပဒေပြုသူသည် ဥပဒေချိုးဖောက်သူ မဖြစ်စေရဆိုတဲ့ ဆိုရိုးစကားနှင့်အညီလွှတ်တော် ဆိုင်ရာ ဥပဒေ၊နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းတို့ကို လေ့လာဖတ်ရှုပြီး လေးစားလိုက်နာခြင်းဖြင့် ကိုယ်စားလှယ်များရဲ့  ဂုဏ်ရည်ကိုပြသစေလိုပါတယ်။ ဒါ့အပြင် တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်များ၊ ကြေညာချက်များဟာ ဒီမိုကရေစီကျင့်စဉ်နဲ့ ညီမညီ၊ လူ့အခွင့် အရေးစံနှုန်းများနဲ့  ကိုက်မကိုက်၊ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များနှင့် ဆီလျော်မှု ရှိမရှိ၊နိုင်ငံတကာ စာချုပ်၊ စာတမ်းများနဲ့အကျူံးဝင်၊ မ၀င် ပြည်သူလူထုအတွက် အကျိုးရှိ မရှိ၊ ပြည်သူလူထုရဲ့ ဘ၀လုံခြုံရေးနဲ့ စိတ်လုံခြုံရေး ကို အကာအကွယ် ပေးမပေးတို့ကို လေ့လာစိစစ်ကြပြီး ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ရေးဆွဲခြင်းတို့ကို ဆောင်ရွက်နေကြရမှာဖြစ်ပါတယ်။” ဟု ဦးဝင်းမြင့်က ထည့်သွင်းပြောကြား ခဲ့ဖူးသည်။

ဥပဒေပြုသူသည် ဥပဒေချိုးဖောက်သူ မဖြစ်စေရဆိုသည့် အချက်သည် လက်ရှိ တိုင်းပြည်အခြေအနေအရ အလွန် အရေး ကြီးသည်။ ဥပဒေပြု လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်မျဉ်း စည်းကမ်းတို့ ကို လေးစားလိုက်နာရမည့် တာဝန်ရှိသည်။ အလားတူ တရားစီရင်ရေးကဏ္ဍ၌ တာဝန်ရှိသည့် တရားသူကြီးများအပါအ၀င် တရားရေးဝန်ထမ်းများသည်လည်း တကယ့် တရားမျှတမှုလွှမ်းမိုးနိုင်ရေးအတွက် ဖြောင့်မတ်စွာ ဆောင်ရွက်ကြချိန်တန်ပြီ။ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်အနေဖြင့်လည်း တရားဥပဒေစိုးမိုးရေး ဖေါ်ဆောင်ရာ၌ လွှတ်တော်ဥက္ကဋ္ဌတာဝန်ယူခဲ့စဉ်က သဘောထားအတိုင်း ကျောသားရင်သားမခွဲခြားဘဲ တိတိကျကျ စီမံဆောင်ရွက်ရန် ဦးဆောင်လိမ့်မည်ဟု မျှော်လင့်ပါ သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts