ကဗျာ

မြင့်အောင်သန့် – မြစံပယ်လက်ဘက်ရည်ဆိုင်

 

မြင့်အောင်သန့် – မြစံပယ်လက်ဘက်ရည်ဆိုင်
(မိုးမခ) မေ ၅၊ ၂၀၁၈

မြစံပယ်လက်ဘက်ရည်ဆိုင်မှာ ထိုင်နေတယ်
တိုက်လေယာဉ်ပေါ် တစ္ဆေတွေ တက်သွားတာ မြင်တယ်
ပြည်သူ့ရင်ပြင်မီးလောင်လို့တဲ့ …
မီးသတ်ကားဥသြဆွဲသံလည်း မကြားရပါလား 
ဘေးဘီဝဲယာကြည့်တော့ ပုံမှန်ပါပဲ။ 
နောက်လှည့်ကြည့်လိုက်တော့ 
ခပ်နွမ်းနွမ်း လူမမယ်ကလေးတစ်သိုက် 
ကိုးဆယ်ယောက်မက … စားပွဲတစ်လုံးကို တိုးဝှေ့ထိုင်နေကြတယ်။
မီးဘေးရှောင်လာကြတာများလား …
တစ်ယောက်က ပါးစပ်ကို လက်ညှိုးနဲ့ကပ်ပြီးပြတယ်
ဘယ်သူ့မှ မပြောနဲ့ သင်္ကေတ
ပြီးနောက် ကားလမ်းမပေါ် တက်သွားကြတယ်။

ကားတွေက မောင်းမြဲမောင်းလျက် 
ဟော…
တစ်ယောက်ပြီး တစ်ယောက် မြစ်ထဲ ခုန်ချသွားကြတယ်

ဘေးဘီ ဝဲယာကြည့်တော့ ပုံမှန်ပါပဲ။
မြစံပယ်လက်ဘက်ရည်ဆိုင်မှာ ထိုင်နေတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts