ကဗျာ

စိုးခိုင်ညိန်း ● တောတွင်း တစ်နေရာ


စိုးခိုင်ညိန်း ● တောတွင်း တစ်နေရာ
(မိုးမခ) မေ ၂၊ ၂၀၁၈

မိန်းမက
တိရစ္ဆာန်တွေကို ကြင်နာသနားတယ်
ကလေးတွေကို ချစ်တယ်
ယဉ်ကျေးသိမ်မွှေ့နူးညံ့တယ်။

ယောက်ျားက
ကျးတစ်ကောင်လို ရိုင်းစိုင်းတယ်
အမည်းလိုက်တယ်၊ သတ်ဖြတ်တယ်
ခက်ထန်ကြမ်းထမ်းတယ်။

မိန်းမက
ကလေးနှစ်ယောက်ကို
တိရစ္ဆာန်တွေရဲ့ အစွယ်တွေနဲ့
လည်ပင်းချိတ်ဆွဲ အလှဆင်ပေးလို့
ဝက်ဝံရေနဲ့ ခင်းထားတဲ့ အိပ်ယာပေါ်
ကမ္ဘာဦးသားချော့တေးနဲ့ ဆိုသိပ်လို့။

ယောက်ျားက
ဓားမြှောင်ကို သွေးလို့
ဒူးလေးကိုပြင်လို့ မြားတံကို အဆိပ်လူးလို့
တိတ်ဆိတ်မှုနဲ့ မျက်လုံးက အရောင်တောက်လို့။

ညဥ့်နက်လာတာနဲ့
ဖိုထားတဲ့မီးက ငြိမ်းသွားပြီ
လရောင်က သစ်ရွက်တွေကြားကနေ ယိုကျနေတယ်
ညရဲ့ အေးမြမှုထဲမှာတော့
သူတို့ လေးယောက်ဟာ မိသားစုအဖြစ်နဲ့
အိပ်စက်ခြင်းထဲ ရောနှောပေါင်းစည်းသွားတော့တယ်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts