ရသဆောင်းပါးစုံ

စမ်းစမ်းတင် – ဟိုတွေး ဒီတွေး

စမ်းစမ်းတင် – ဟိုတွေး ဒီတွေး
(မိုးမခ) ဧပြီ ၂၁၊ ၂၀၁၈

ဒီနေ့ ဧပြီ ၁၉ ရက်

မေမေရှိနေသေးရင် အသက် ၉၃ နှစ်ရှိပြီ၊ ခု ဧပြီ ၁၇ ရက်က ဆုံးပါးသွားတဲ့ ဘာဘရာဘုရှ်နဲ့ တနှစ်တည်းဖွား၊ သတင်းမှာတော့ သမ္မတဟောင်း ကတော်လည်းကတော်၊ သမ္မတဟောင်း အမေလည်း အမေဖြစ်တဲ့ ဘာဘရာဘုရှ်က အသက် ၉၂ နှစ်တဲ့။

ဗမာတွေနဲ့ အမေရိကန် မတူတာတွေထဲ အသက်တွက်တာက စ မတူဘူး။ ဗမာတယောက် အသက် ၄၀ ပြည့်သွားတာနဲ့ ၄၁ နှစ်ထဲဝင်သွားလို့ အသက် ၄၁ နှစ်ရှိပြီပြောတယ်။ အမေရိကန်တွေက ၄၀ ပြည့်လို့ ၄၁ နှစ်မွေးနေ့ ရောက်ကာနီးလည်အသက် ၄၀ ပဲ။ ဥပမာ မွေးနေ့က ဧပြီ ၁၉ ဆို ဧပြီ ၁၈ ရက်နေ့ထိ အသက် ၄၀ ပဲ။ ဒီနေရာဘာကောင်းသလဲဆိုတော့ အသက်ကချက်ချင်း တနှစ်ကြီး မသွားဘူးပေါ့။ နောက် အမေရိကားမှာ အသက် ၆၂ နှစ်ဆို senior citizen ဆိုတဲ့သက်ကြီးအရွယ်ဝင်တာမို့ တကယ့်ကို ၆၂ နှစ် ပြည့်မှ သက်ကြီးစာရင်းဝင်ပြီး သက်ကြီးခံစားခွင့်တွေရပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု၊ သက်ကြီးတွေအတွက်လျှော့ဈေး .. စတာတွေ..

ဗမာတွေလို အသက်တနှစ်ပေါင်းတဲ့ ဓလေ့နဲ့ဆို ဇယားရှုပ်နိုင်၊ ဒါကြောင့်၊ ပြတ်ပြတ်သားသား သတ်မှတ်ထားတာ။ ဒီပုံအတိုင်းဆို ဘာဘရာဘုရှ်နဲ့ မေမေတနှစ်တည်းမွေးပေမဲ့ ဘာဘရာက လငယ်၊ ဇွန် ၈ ရက်မှာ မွေးတဲ့နယူးယောက်သူ၊ မေမေဒေါ်ကြည်ကြည်က အိမ်ထောင်ပြုလည်း ဘာဘာရာဘုရှ်လို မျိုးရိုးနာမည်လိုက်ပြောင်းစရာမလို။ ကမ္ဘာမှာ ယောက်ျားယူလို့ ယောက်ျားမျိုးရိုး နာမည်လိုက်ယူစရာမလိုတာ ဗမာမတွေ၊ ဒီနေရာမှာ တကယ့်ကို လွတ်လပ်ခွင့်ရ။

နယူးယောက်သူ ဘာဘရာဘုရှ်ကတော့ သူ ၁၆ နှစ် သမီးက တည်းက ချစ်ကြိုက်လာတဲ့ ချစ်သူဘုရှ်နဲ့ ပေါင်းဖက်တော့ Barbara Pierce ကနေ ဘာဘရာဘုရှ်ဖြစ်။ သူတို့အချစ်ကလည်း သူတို့တိုင်းပြည်မှာ စံပြ၊ ရိုးမြေကျချစ်နိုင်သူတွေရှိပေမဲ့… အိမ်ထောင်ဆက်တွေ များတတ်တယ်။ ခု သမ္မတ ထရမ့်ပဲ ကြည့်၊ ဘုရှ်တွေ နာမည်ပေးပုံကလည်း မျက်စိလည်စရာ။ ကြည့်အုန်း။ဘာဘရာဟာ George H.W.Bush ရဲ့ ဇနီးသည်ဖြစ်ပြီး George W. Bush ရဲ့ အမေ၊ အဖေ သမ္မတဟောင်း နာမည်အပြည့်အစုံက George Herbert Walker Bush ဖြစ်ပြီး သားသမ္မတဟောင်းက George Walker Bush တဲ့။ အဖေဘုရှ်ကလည်း ဂျော့ခ်ျ၊ သားဘုရှ်ကလည်းဂျော့ခ်ျ၊ မိသားစုတွေမိတ်ဆွေတွေဆုံတုန်း နောက်ကနေ တယောက်ယောက်က ဂျော့ခ်ျလို့ လှမ်းခေါ်ရင် နှစ်ယောက်စလုံး လှည့်ကြည့်မယ့်ပုံ။ ဘုရှ်တွေက သမ္မတသာဖြစ်တာ၊ သြဇာတွေကြီးမားတာ၊ သူများနိုင်ငံသွား စစ်တိုက်တာ။ မိသားစုတွင်း သြဇာညောင်းတာကတော့ ဘာဘရာတဲ့၊ ဒီ ဆွေကြီးမျိုးကြီး ဘုရှ်တွေအကြောင်း ဇာချဲ့နေတာနဲ့ မေမေ့မွေးနေ့အကြောင်းကမရောက်။

ဘာဘာရာ ဘုရှ်ကွယ်လွန်တော့ သူ့ပုံတွေ သူ့အကြောင်းတွေတွေ့ရတော့ အတော်လှတဲ့ ဘာဘာရာ။ သူ့အသည်းစွဲ ပုလဲ ပုတီးဆွဲထားတဲ့ပုံကြည့်ရတော့ မေမေ့လိုပါလား၊ လှလိုက်တာလို့၊ တကယ်တော့ သားသမီးတိုင်းအတွက် အမေတွေဟာ လှနေတာပါပဲ မဟုတ်လား။

လှတဲ့မေမေ့လို မွေးနေ့အလှူမလုပ်နိုင်။ ဆွမ်းမကြွေးနိုင်ပေမဲ့ ဘုန်းကြီးကျောင်း သင်္ကြန်ပွဲရောက်ဖြစ်ရင် မေမေ့ရည်စူး လှူဖို့ရည်မှန်းထားပေမဲ့မရောက်၊ ဒီတော့ ဒီ ဧပြီ ၁၉ ရက်စွဲနဲ့ ချက်တစောင်ရေး၊၊ ဘုန်းကြီးကျောင်းကို စာတိုက်ကပို့။ ချွေးနည်းစာထဲက မေမေ့အတွက် ကုသိုလ်၊


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts