News Features အောင်ဒင်

Aung Din – Regime’s Parliament (36)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၆၄၊ စက်တင်ဘာလ ၂၆ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈)

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၃၆)


အောင်ဒင်။ စက်တင်ဘာ ၃၀၊ ၂၀၁၃
အပိုင်း (၃၆) လွှတ်တော်၊ နိုင်ငံရေးပါတီများနှင့် အင်စတီကျူးရှင်း (Institution) (ခ)

နိုင်ငံတော်သမ္မတကို ပါတီကိုယ်စားပြုခွင့်မပြုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အောက်ပါအတိုင်း ပြဋ္ဌန်းထားပါတယ်၊
“ပုဒ်မ ၆၄။ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင်  နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်နေ့မှစ၍ မိမိတို့ရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ၊”
အဲဒီပြဋ္ဌန်းချက်က နိုင်ငံတော်သမ္မတကို သမ္မတအဖြစ် အရွေးချယ်ခံရပြီးတဲ့နေ့ကစလို့ သမ္မတသက်တမ်းကုန်ဆုံးတဲ့နေ့အထိ သက်ဆိုင်ရာပါတီရဲ့ တာဝန်များက အနားယူခိုင်းတာ၊ ပါတီအရေးကိစ္စများကို ဆောင်ရွက်ခွင့်မပြုတာ၊ ပါတီကို ကိုယ်စားပြုခွင့်မပေးတာဖြစ်ပါတယ်၊ 
ဒါကြောင့် သမ္မတ ဦးသိန်းစိန်က ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌတာဝန်ကနေ အနားယူပြီး သူရဦးရွှေမန်းကို ပါတီဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးခဲ့ရတာပါ၊ ဒီဖွဲ့စည်းပုံကို ရေးဆွဲစဉ်တုံးက ဘယ်လို ရည်ရွယ်ချက်နဲ့ ဒီပြဋ္ဌန်းချက်ကို ထည့်သွင်းရေးဆွဲခဲ့တယ်မသိပါ၊ ဒါပေမည့် ဒီပြဋ္ဌန်းချက်ကြောင့် ပါတီကို ကိုယ်စားပြုပြီး ရွေးချယ်ခံရတဲ့ နိုင်ငံတော်သမ္မတဟာ သက်ဆိုင်ရာပါတီနဲ့ ပါတီရဲ့ မူဝါဒများနဲ့ ကင်းလွတ်ခွင့်ရသွားပါတယ်၊ သူဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ပါတီရဲ့ သဘောထားမလိုပဲ စိတ်ကြိုက်ဖွဲ့စည်းခွင့်၊ နိုင်ငံတော်မူဝါဒများကို သူ့စိတ်ကြိုက်ဖန်တီးအကောင်အထည်ဖော်ခွင့်၊ ပါတီကို တာဝန်ခံစရာမလိုတော့တဲ့ အခွင့်အရေးတွေ ရသွားပါတယ်၊
ဒီပြဋ္ဌန်းချက်ဟာ သမ္မတကို မွေးထုတ်ပေးတဲ့ နိုင်ငံရေးပါတီအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်စေပါတယ်၊ ဦးသိန်းစိန်အစိုးရဟာ ကြံ့ခိုင်ရေးပါတီရဲ့ အစိုးရမဟုတ်တော့ပါ၊ ကြံ့ခိုင်ရေးပါတီဟာ အာဏာရပါတီ မဟုတ်တော့ပါ၊ ဦးသိန်းစိန်ဟာ ကြံ့ခိုင်ရေးပါတီကို ကိုယ်စားပြုခွင့်မရှိတော့တဲ့အတွက် ဦးသိန်းစိန်ရဲ့ ဆောင်ရွက်ချက်တွေကို ပြည်သူလူထုက ထောက်ခံရင်တောင်မှ ကြံ့ခိုင်ရေးပါတီက “ဒါ၊ ကျုပ်တို့ပါတီရဲ့ ဆောင်ရွက်ချက်တွေပေါ့” လို့ ဂုဏ်ယူပြီး လူထုထောက်ခံမှုကို တောင်းဆိုလို့ မရနိုင်တော့ပါ၊ ဦးသိန်းစိန်ကလည်း နောက်လာမည့်ရွေးကောက်ပွဲမှာ “ကျနော်တို့ပါတီက ဒါတွေ၊ ဒါတွေလုပ်ခဲ့ပါတယ်”ဆိုပြီး ကြံ့ခိုင်ရေးပါတီအတွက် မဲဆွယ်ပေးလို့မရပါ၊
သမ္မတတင်မကပါ၊ ပြည်ထောင်စုဝန်ကြီးများဟာလဲ ပါတီကို ကိုယ်စားပြုခွင့်မရှိပါ၊ ၂၀၀၈ ဖွဲ့စည်းပုံ၊ ပုဒ်မ ၂၃၂၊ ပုဒ်မခွဲ (ဋ) မှာ “ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံရေးပါတီတစ်ခု၏ အဖွဲ့ဝင်ဖြစ်လျင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ” လို့ ပြဋ္ဌန်းထားပါတယ်၊ ဒါကြောင့်မို့ ကြံ့ခိုင်ရေးပါတီဝင် ပြည်ထောင်စုဝန်ကြီးများဟာ နိုင်ငံတော်သမ္မတနည်းတူ ကြံ့ခိုင်ရေးပါတီရဲ့ လုပ်ငန်းများမှာ ပါဝင်ခွင့်မရှိတော့ပါ၊
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် အရွေးခံနိုင်ခွင့်ရှိအောင် ပြင်ပေးပြီး ဒီပုဒ်မ (၆၄) ကို မပြင်ဆင်၊ မဖျက်သိမ်းရင်ဖြင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် အရွေးချယ်ခံရရင် သမ္မတဒေါ်အောင်ဆန်းစုကြည်က သတ်သတ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတ်သတ် ဖြစ်သွားပါလိမ့်မယ်၊ လက်ရှိအခြေအနေမှာကိုပဲ သက်တမ်း ၂၅ နှစ်ရှိပြီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ခိုင်မာအားကောင်းတဲ့ စနစ်တကျဖွဲ့စည်းတည်ဆောက်မှုမရှိပဲ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းကိုသာ အမှီပြုရပ်တည်နေတာမို့ ဒေါ်အောင်ဆန်းစုကြည်သာ ပါတီကို ခေါင်းဆောင်ခွင့်၊ ကိုယ်စားပြုခွင့်မရတော့တဲ့ အချိန်မျိုးမှာဆိုရင်ဖြင့် အဖွဲ့ချုပ်ရဲ့ ရပ်တည်မှုဟာ စိုးရိမ်စရာဖြစ်ပါတယ်၊
အမေရိကန် ပြောင်းပြန်
အမေရိကန်ပြည်ထောင်စုမှာတော့ မြန်မာနိုင်ငံနဲ့ ပြောင်းပြန် နိုင်ငံတော်သမ္မတဟာ ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ယောက်ဖြစ်လာပါတယ်၊ အမေရိကန်ပြည်ထောင်စုမှာ အင်အားကြီးနိုင်ငံရေးပါတီကြီး နှစ်ခုပဲ ရှိပါတယ်၊ ရီပါတ်ဘလီကန်ပါတီ နဲ့ ဒီမိုကရက်တစ်ပါတီပါ၊ သမ္မတရွေးကောက်ပွဲကို လေးနှစ်တစ်ကြိမ် ကျင်းပတာနဲ့ တိုက်ဆိုင်ပြီး ပါတီများရဲ့ နိုင်ငံလုံးဆိုင်ရာညီလာခံများကိုလည်း လေးနှစ်တစ်ကြိမ်၊ သမ္မတရွေးကောက်ပွဲနေ့ မတိုင်ခင် သုံးလလောက် ကြိုပြီး ကျင်းပကြပါတယ်၊
အမေရိကန်ရွေးကောက်ပွဲစနစ်မှာ နိုင်ငံရေးပါတီကြီး နှစ်ခုစလုံးက Primary လို့ခေါ်တဲ့ ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းရွေးချယ်ပွဲတွေကို အရင်ကျင်းပရပါတယ်၊ ဒေသအလိုက် အောက်လွှတ်တော်အမတ်နေရာတွေ၊ အထက်လွှတ်တော်အမတ်နေရာတွေမှာ ပါတီကို ကိုယ်စားပြုပြီး ဘယ်သူဝင်ရောက်ရွေးချယ်ခံခွင့်ရမလဲဆိုတာကို ပါတီဝင်ထု ဆန္ဒနဲ့ ရွေးချယ်တင်မြှောက်ကြတာမို့ အင်မတန်အရေးကြီးပါတယ်၊ မြန်မာနိုင်ငံမှာလို လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ပါတီခေါင်းဆောင်အဖွဲ့က ရွေးချယ်တာဝန်ပေးတာမဟုတ်ပဲ သက်ဆိုင်ရာပါတီရဲ့ အောက်ခြေပါတီဝင်များက ရွေးချယ်ပေးတာပါ၊ အဲဒီ Primary ပါတီတွင်း ရွေးကောက်ပွဲတွေမှာ အနိုင်ရမှ ပါတီကိုယ်စားပြုကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ခွင့်ရတာပါ၊ နိုင်ငံတော်သမ္မတဖြစ်ချင်သူလည်း အဲဒီလို ပါတီတွင်းရွေးကောက်ပွဲတွေကို အရင်ဖြတ်သန်းရပါတယ်၊ အောက်လွှတ်တော်၊ အထက်လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံချင်သူများကတော့ သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် ပါတီတွင်းရွေးကောက်ပွဲတစ်ခုထဲကိုသာ ဖြတ်သန်းရပေမည့် သမ္မတလောင်းဖြစ်ချင်သူကတော့ ပြည်နယ် ငါးဆယ်စလုံးမှာ ပါတီတွင်းရွေးကောက်ပွဲတွေကို ယှဉ်ပြိုင်ဖြတ်သန်းရပါတယ်၊
ဒီပါတီကြီးနှစ်ခုရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွေ (Party National Convention ) ကနေ ပါတီရဲ့ သမ္မတလောင်းကို ရွေးချယ်တာဖြစ်ပါတယ်၊ ပြည်နယ် ၅၀ စလုံးက တက်ရောက်လာတဲ့ ပါတီကိုယ်စားလှယ်များက ပါတီကိုယ်စားပြု သမ္မတလောင်းကို အများစုထောက်ခံမဲနဲ့ ရွေးချယ်ကြပြီး အရွေးချယ်ခံရတဲ့ ပါတီသမ္မတလောင်းဟာ ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ယောက်ဖြစ်လာပါတယ်၊ နိုင်ငံလုံးဆိုင်ရာညီလာခံရဲ့ နောက်အဓိကတာဝန်တစ်ခုက ပါတီရဲ့ နိုင်ငံတော်အရေးမူဝါဒ (Party Political Platform) တွေ ချမှတ်အတည်ပြုတာဖြစ်ပါတယ်၊ ဒီတော့ ပါတီညီလာခံကနေ ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာမူဝါဒတွေကိုချမှတ်ပြီး အဲဒီမူဝါဒတွေကို အကောင်အထည်ဖော်ဖို့အတွက် သမ္မတနေရာကို သိမ်းပိုက်ဖို့ ပါတီကိုယ်စားပြု သမ္မတလောင်းတစ်ယောက်ကို ရွေးချယ်ပြီး သမ္မတရွေးကောက်ပွဲဆီ ချီတက်ကြပါတယ်၊ ရွေးကောက်တင်မြှောက်ခံရတဲ့ သမ္မတဟာ သူ့ပါတီက ချမှတ်ထားတဲ့ မူဝါဒတွေကို သူ့ရဲ့ အိမ်ဖြူတော်လေးနှစ်သက်တမ်းအတွင်း အကောင်အထည်ဖော်ရမှာပါ၊ သမ္မတဟာ ပါတီခေါင်းဆောင်တစ်ယောက်အဖြစ်နဲ့ ပါတီရဲ့မူဝါဒတွေကို အကောင်အထည်ဖော်ဖို့ တာဝန်အရှိဆုံးသူဖြစ်ပြီး ပါတီကို ဆက်လက်တာဝန်ခံရပါတယ်၊ ပါတီကလည်း သမ္မတရဲ့ လှုပ်ရှားမှုတွေကို ထောက်ခံအားပြုပေးရပါတယ်၊ သမ္မတရဲ့ အောင်မြင်မှုဟာ ပါတီရဲ့ အောင်မြင်မှုဖြစ်ပါတယ်၊ သမ္မတရဲ့ အရေးနိမ့်မှုဟာ ပါတီရဲ့ အရေးနိမ့်မှုလည်းဖြစ်ပါတယ်၊
အင်စတီကျူးရှင်းများ အားကောင်းခိုင်မာဖို့
ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတစ်ခုရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးစတဲ့ အာဏာပိုင်အဖွဲ့အစည်းများ စနစ်တကျ၊ ဒီမိုကရေစီနည်းလမ်းတကျ ခိုင်မာအားကောင်းဖို့ဆိုတာ အာဏာပိုင်အဖွဲ့အစည်းများရဲ့ အရင်းအမြစ်ဖြစ်တဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုယ်တိုင်က ဒီမိုကရေစီနည်းကျ၊ ခိုင်မာမျှတဖို့လိုပါတယ်၊ လက်ရှိကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ အာဏာပိုင်အဖွဲ့အစည်းများရဲ့ မညီညွတ်မှု၊ အားပြိုင်မှု၊ မသေချာမှုနဲ့ ပဋိပက္ခတွေကို ဖန်တီးပေးထားတယ်လို့ ကျနော်မြင်ပါတယ်၊ ဒါကြောင့်လည်း လက်ရှိအာဏာပိုင်အဖွဲ့အစည်းများဟာ ဒီမိုကရေစီစနစ်ရှင်သန်အားကောင်းမှုကို အထောက်အကူမပြုပဲ လူပုဂ္ဂိုလ်အမှီပြု အဆောက်အအုံများအဖြစ် ရပ်တည်နေကြရပြီး ပါတီ တစ်ခုတည်းက ဖြစ်လျက်နဲ့ အပြန်အလှန် တိုက်ခိုက် (ဦးသိန်းစိန်စကားနဲ့ ဆိုရင် ပွတ်တိုက်) နေကြတာပါ၊
ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတစ်ခုမှာ နိုင်ငံရေးပါတီများဟာ အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံး အဖွဲ့အစည်းများဖြစ်ပါတယ်၊ နိုင်ငံရေးပါတီများ စနစ်တကျ ဖွဲ့စည်းရပ်တည်နိုင်မှ၊ စုပေါင်းခေါင်းဆောင်မှုစနစ်နဲ့ အားကောင်းခိုင်မာမှ၊ ကောင်းမွန်တဲ့ နိုင်ငံလုံးဆိုင်ရာမူဝါဒတွေကို အကောင်းဆုံး ဦးဏှောက်တွေကို စည်းရုံးစုဝေးဆွေးနွေးပြီး ချမှတ်နိုင်မှ၊ ဒီမူဝါဒတွေကို အကောင်အထည်ဖော်ဖို့ ခေါင်းဆောင်ကောင်းတွေကို ရွေးချယ်တာဝန်ပေးနိုင်မှာ ဖြစ်ပါတယ်၊ နိုင်ငံရေးပါတီတစ်ခုဟာ စုပေါင်းခေါင်းဆောင်မှု၊ အပြန်အလှန်တာဝန်ယူမှု၊ အပြန်အလှန်တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ အထက်အောက်ဆက်ဆံရေး၊ ဒေါင်လိုက်ဆက်ဆံရေး မျှတနွေးထွေးမှု၊ စည်းကမ်းပြတ်သားမှုတွေ မရှိပဲ လူထုကြား ကျော်ကြားတဲ့ ခေါင်းဆောင်တစ်ယောက်ကိုပဲ အမှီပြုရပ်တည်နေမယ်ဆိုရင် အဲဒီပါတီရဲ့ ကျန်းမာရေး စိတ်မချရသလို ဒီပါတီအပေါ် မျှော်လင့်ချက်ထားတဲ့ ပြည်သူလူထုနဲ့ တိုင်းပြည်အတွက်လည်း မကောင်းလှပါ၊ ၂၀၀၈ ဖွဲ့စည်းပုံပါ သမ္မတ နဲ့ သူ့ရဲ့အစိုးရအဖွဲ့ကို ပါတီတာဝန်များမှ ကင်းလွတ်စေတဲ့ ပြဋ္ဌန်းချက်က နိုင်ငံရေးပါတီများကို ပိုပြီးအားနည်းအောင် ထပ်မံအားဖြည့်ဖန်တီးပေးသလို ဖြစ်နေပြန်ပါတယ်၊
ဆက်ပါဦးမယ်၊
လေးစားစွာ၊
အောင်ဒင်။ စက်တင်ဘာ ၁၀၊ ၂၀၁၃

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts