ရသဆောင်းပါးစုံ

အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် အစိုးရဆိုသည်မှာ

အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် အစိုးရဆိုသည်မှာ
(မိုးမခ) ဧပြီ ၁၅၊ ၂၀၁၈

အစိုးရဆိုသည်မှာ ရွာသူရွာသား မြို့သူမြို့သား တိုင်းသူပြည်သား နိုင်ငံသူနိုင်ငံသားတို့ကို အုပ်ချုပ်စိုးမိုးချယ်လှယ် ချုပ်ကိုင် စီမံခန့်ခွဲရုံသက်သက်ထားရှိသော အဖွဲ့အစည်းသက်သက်မဟုတ်ပါ။ ထိုရည်ရွယ်ချက်ရှိနေပါလျှင်လည်း မရှိသင့် မရှိအပ် မထားသင့် မထားအပ်တော့သော အဖွဲ့အစည်းတစ်ရပ်သာ ဖြစ်ပါလိမ့်မည်။

အစိုးရအဖွဲ့အစည်းတစ်ရပ်အဖြစ် တာဝန်ယူတော့မည်ဆိုလျှင် အဓိကပြုလုပ်ရမည်မှာ အများအကျိုးသာ ဖြစ်သင့်ပါသည် မဟုတ်ပါလား။ အစိုးရအဖွဲ့အစည်းတွင် ပါဝင်သူများလုပ်ကိုင်နေသူများကိုလည်း လူကြီးဟု သုံးနှုန်းကြသဖြင့် အသက်ကြီး သောလူကြီးများကသာ နေရာယူကာ စီစဉ်လုပ်ကိုင်ရမည် စီမံခန့်ခွဲရမည်ဟု တစ်ထစ်ချ မသတ်မှတ်ကြစေလိုပါ။ လူကြီးဆို သည်မှာ တာဝန်ကြီးကြီးကိုယူထားသော ထမ်းဆောင်နေသောသူကိုသာ လူကြီးဟုခေါ်ဆိုသည်ကို လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ကလည်း ပြောကြားဖူးသည် မဟုတ်ပါလား။ အစိုးရအဖွဲ့အစည်းတွင် ပါဝင်သူတို့၏ အရည် အချင်းများထဲတွင် အရေးအကြီးဆုံးမှာ စိတ်ထား နှလုံးသားလှဖို့လည်း လိုအပ်သလို တာဝန်ယူမှု တာဝန်ခံမှုရှိတတ်ကြ ဖို့ကလည်း လိုအပ်လှပါသည်။ ဌာနဆိုင်ရာတိုင်းတွင် အဖွဲ့အစည်းတိုင်းတွင် တာဝန်ခံဆိုသောစကားလုံးနှင့် အမည်နာမနှင့် ရာထူးရာခံများ ရှိကြည်သည်ချည်းဖြစ်ပါသည်။ အဖြေကလည်း ရိုးရှင်းလှပါသည် တာဝန်ခံဖြစ်ပါသည်။ တာဝန်ကို ခံယူရန် ဖြစ်သမျှ ပြဿနာကြီးငယ်တို့၏ တာဝန်များကိုတာဝန်ခံပြီး ဖြေရှင်းပေးရန် တာဝန်ယူပြီး ဖြေရှင်းပေးရန်ဖြစ်ပါသည်။ တာဝန်မယူချင်ပါဘဲ တာဝန်မခံနိုင်ပါဘဲ တာဝန်ခံရာထူးနေရာများကို ယူထားမည်ဆိုလျှင် ထိုပုဂ္ဂိုသည်ကား အငြိမ့်ထဲမှ ဟာသလူရွှင်တော်နှင့်သာ တူနေပေတော့မည် မဟုတ်ပါလား။ အစိုးရဆိုသည်မှာ အာဏာပါဝါ လက်နက်ငွေကြေး အဖွဲ့အ စည်းအားကိုးတို့ဖြင့် မိစိတ်ထင်ရာဆုံးဖြတ်ချက်ချကာ လုပ်ချင်ရာ လုပ်ခွင့်ကို ရထားသော အဖွဲ့တစ်ခုမဖြစ်သင့်ပေ။ တိုင်းသူ ပြည်သားတို့က ကျွန်တော်တို့ ကျွန်မတို့ မသိသော မတတ်သော နားမလည်သော အရေးကိစ္စများကို ကူညီဆောင်ရွက်ပေးကြ ပါ။ ကျွန်တော်တို့ ကျွန်မတို့ မအားလပ်သော မသွား မလာနိုင်သော နေရာများလူအများသွားလာရင် လုပ်ဆောင်ရန်အဆင်မပြေသောနေရာဌာနများသို့ သွားလာ လုပ်ကိုင်ပေးပါ။ ကူညီဆောင်ရွက် ပေးပါ။ စီစဉ်ပေးပါ။ ထိုသို့ ကူညီလုပ်ကိုင်ပေးသော ကိုယ်စားလှယ်များကို နေစရာ စားစရာ သွားစရာလာစရာ အိပ်စရာ ကျန်းမာရေး စီးပွားရေး လူမှုရေး ပညာရေး အစစအရာရာ တာဝန်ယူပေးပါမည်ဟု တိုင်းသူပြည်သားတို့က တာဝန်ပေးခန့်အပ်ထားသော ပုဂ္ဂိုလ်များသာဖြစ်ပါသည်။ ဥပမာအားဖြင့် မီးမရသော ရွာတစ်ရွာတွင် ရွာသူရွာသားများက မီးလင်းချင် မီးရချင်သည်ဖြစ်ရာ ဟိုနေရာ တစ်ရွာလုံးသွား သည်နေရာ တစ် ရွာလုံးသွား နေရာတကာ လူစုလူဝေးများဖြင့်လုပ်ကိုင်၍ အဆင်မပြေနိုင်ပါ။ မိသားစုအရေးများ လုပ်ငန်းဆောင်တာများ လယ်များကိုင်းများ တောင်ယာများ လူမှုရေး ရပ်ရေးရွာရေး စီးပွားရေး သာရေးနာရေးများဖြင့် ကိစ္စတစ်ခုတည်းမဟုတ်ဘဲ အမျိုးအမျိုးအထွေသော အကြောင်းတရားများရှိသေးသည် ဖြစ်သောကြောင့် အရေးကိစ္စတစ်ခုတည်းကို အင်အားစိုက်ကာတစ်ရွာလုံးကလိုက်ပြီး လုပ်ကိုင်နေဖို့ရာ မသင့်တော် မတင့်တယ် မဖြစ်နိုင်သော ကိစ္စဖြစ်သောကြောင့် တစ်ရွာလုံး၏ကိုယ် စား စိတ်ရင်း စေတနာကောင်းသူ လည်လည်ဝယ်ဝယ်ရှိသူ ပေါက်ပေါက်ရောက်ရှိသူ အများအကျိုးကို ဦးစားပေးထမ်းဆောင် နိုင်သူ အပင်ပန်းခံနိုင်သူ အချိန်လည်းပေးနိုင်သူ အနစ်နာ ဝါသနာ စေတနာ နာသုံးနာနှင့်လည်း လုပ်ကိုင်နိုင်သူကိုသာ ရွာကိစ္စများကို တာဝန်ယူပြီးလုပ်ကိုင်ပေးနိုင်သော လူငယ် လူရွယ်များကို အကူအညီပေးကြဖို့ တောင်းဆိုရပေတော့မည်။ ထိုသို့တောင်းဆိုအကူအညီတောင်းသောအခါမှ လုပ်နိုင် ကိုင်နိုင် ပြောနိုင်ဆိုနိုင်သောလူငယ်များက ကျွန်တော် ကျွန်မတို့ တာဝန်ယူပေးနိုင်ပါသည်ဆိုသော လူငယ်များ ပေါ်ထွက်လာပါလိမ့်မည်။ ထိုပုဂ္ဂိုများထဲတွင် ခိုင်းချင်ရာခိုင်း စိတ်ထားကောင်း နှလုံးသားလှ အများအကျိုးသယ်ပိုး ရေခပ် ထင်းခွဲကအစ ခြံစည်းရိုးကာ အိမ်မိုး လယ်အလုပ် ယာအလုပ် အစစအရာရာကို မငြီးမငြူလုပ်နိုင်ပါသော်လည်း ပညာရေးအားနည်းသောသူများလည်း ပါပေလိမ့်မည်။ သာရေး နာရေး ရပ်ရေး ရွာရေး လူမှုရေး ကိစ္စများတွင် အားကျိုးမာန်တက် လုပ်ကိုင်နေလေ့ရှိသော ရွာလူငယ်ခေါင်းဆောင်များ ရွာဆော်များပါဝင်လာပေ လိမ့်မည်။ ထို့အပြင် ပညာလည်းတတ် မိဘမျိုးရိုးလည်းကောင်း ပေါက်ပေါက်ရောက်ရောက်လည်းရှိ သပ်သပ်ရပ်ရပ် ဝတ် စားတတ်ပြီး ခန့်ခန့်ငြားငြား တည်တည်ကြည်ကြည်နေတတ်ကာ အများအကျိုးသယ်ပိုးတတ်သူ ရပ်ရွာပြည်သူလူထု၏ အ နွံတာခံနိုင်သူ ပုဂ္ဂိုများလည်း ပါဝင်လာပေလိမ့်မည်။ ကိုယ်ကျိုးစီးပွားးရှာတတ်သောငွေကြေးချမ်းသာပြီး အများအတွက်အ နစ်နာသိပ်မခံဘဲ မိသားစုအရေးဆွေမျိုးအသိုင်းအဝိုင်းအရေးကို ဦးစားပေးတတ်သောအသိုင်းအဝိုင်းမှပုဂ္ဂိုလ်များလည်း ပါ ဝင်လာပေလိမ့်မည်။ ထို့ပြင် တစ်ရွာလုံးနှင့် အဆင်မပြေ ကန့်လန့်တိုက်သူများကလည်း ဘုနှင့်ဘောက် ဝင်ပြောတာမျိုး ရှိ ပေလိမ့်မည်။ တစ်ရွာလုံးနှင့် မဆီမဆိုင်နေတတ်သော သီးသီးသန့်သန့် မပတ်သက်ဘဲ နေသူများလည်း ရှိပေလိမ့်မည်။ ထိုပုဂ္ဂိုလ်များအားလုံးထဲမှာ ကျွန်တော်တို့ ရွာလူထုက မည်သူများကို ရွာလူကိုယ်စား ကိစ္စအထွေထွေ မီးရေးထင်းရေး သာ ရေး နာရေး ရပ်ရေးရွာရေးများကို တာဝန်ပေးကြမည်နည်းဆိုလျှင် အဖြေကအလွန်ပင် ရိုးရှင်း လွယ်ကူနေပေလိမ့်မည်။ တစ်ရွာလုံးကိုကိုယ်စားပြုနိုင်သော တစ်ရွာလုံး၏အကျိုးကို နေ့ည အချိန်မရွေးတာဝန်ယူမှု တာဝန်ခံမှုများဖြင့် တာဝန်ကျေ ပွန် အောင် ထမ်းဆောင်နိုင်သော စိတ်ထားကောင်း နှလုံးသားလှပြီး အပြောကောင်း အဆိုကောင်း နှုတ်ချိုသဘောကောင်း ဗလငါးတန်ပြည်စုံသော ဉာဏ်အမျှော်အမြင်နှင့်ဖြေရှင်းတတ်သော ဥပဓိရုပ်ကောင်းမျိုးရိုးကောင်းသောပုဂ္ဂိုလ်မျိုးကိုသာ တာဝန်ပေးချင်ကြမှာက လောကသဘာဝသာဖြစ်လေသည် မဟုတ်ပါလား။

ထိုကဲ့သို့ လုပ်နိုင် ကိုင်နိုင် ပြောနိုင် ဆိုနိုင် သွားနိုင် လာနိုင် ပေါက်ရောက်သော ရွာလူထုကိုယ်စားပြု အဖွဲ့အစည်းတစ်ခုရှိလာပြီဖြစ်သောကြောင့် ရွာအတွက်လိုအပ်သော ကိစ္စအဝဝကို တာဝန်လွဲပြောင်းပေးအပ်ရန် ရွာလူထုနှင့် ညှိညှိနှိုင်းနှိုင်း စီစဉ် ဆောင်ရွက်ကြရန် အထူးသဖြင့် ဘာလုပ်လုပ် တိုင်ပင်ဆွေးနွေးကာ အဖြေရှာကြရန် မိမိအမြင် မိမိ၏ အများနှင့်မတူ သော ကွဲပြားသောရှုထောင့်များမှ အယူအဆများကို ရွာလူထုတွင်ချပြကာ အများ၏သဘောနှင့် ကိုက်ညီဆီလျှော်အောင် ဆက် လက်ဆောင်ရွက်ကြဖို့က အရေးကြီးပါသည်။ ထိုမှသာ ရွာ၏ဂုဏ် ရွာအဖွဲ့အစည်း၏ဂုဏ်နှင့် ရွာအဖွဲ့အစည်း၏ သက်တမ်းမှာ ခိုင်မာကျစ်လစ်ကာ ရေရှည်တည်တံ့ပေလိမ့်မည် မဟုတ်ပါလား။ ထိုအဖွဲ့အစည်းကလည်း ရွာအိမ်ချေတိုင်းစေ့ ကောက်ယူ ထားသော ရွာ၏ရန်ပုံငွေများကို ကိုယ်ကျိုးအတွက် ရည်ရွယ်ကာအသုံးပြုရန် မည်သည့်အကြောင်းပြချက်နှင့်မျှ တလွဲဆံပင် မကောင်းသင့်ပါ။ ရွာလူထုထံက တစ်အိမ်တက် တစ်အိမ်ဆင်း တစ်အိမ်ဝင် တစ်အိမ်ထွက် ကောက်ခံရရှိထားသော ရွာရန်ပုံ ငွေများသည် ရွာလူထုအကျိုးအတွက် ရွာအကျိုးအတွက် ရွာလူထုထဲက သာရေးနာရေးများအတွက်သာ အသုံးပြုရန် ကောက်ခံစုဆောင်းပေးထားသော ရွာရန်ပုံငွေဖြစ်သောကြောင့် မည်သူတစ်ဦးတစ်ယောက်အကျိုးအတွက်မျှ အသုံးပြုရန် ပေးထားခြင်းမဟုတ်သော ရွာလူထုအားလုံးက ပိုင်ဆိုင်သောရွာပိုင် ရန်ပုံငွေသာ ဖြစ်ပါသည်။ တနည်းပြောရလျှင် ငါ့တူတို့ ငါ့မောင်တို့ တစ်ရွာလုံးက ကောက်ခံထားတဲ့ရန်ပုံငွေကတော့ ဒီလောက်ရှိတယ်၊ တို့ရွာလူထုကတော့ လမ်းခင်းချင်တယ် ရွာထိပ်မှာ ချောင်းကူးတံတားလေးထိုးချင်တယ်၊ ဘုန်းကြီးကျောင်းမှာ သိမ်လေးဆောက်ချင်တယ်၊ ဇရပ်လေးဆောက်ချင် တယ်၊ ရွာထိပ်ကသစ်ပင်ရိပ်တွေမှာ သောက်ရေအိုးစင်လေးထားချင်တယ်၊ ရွာခြံစည်းရိုးကာချင်တယ်၊ ရွာအလှူလုပ်ချင်တယ်၊ လျှပ်စစ်မီးသွယ်ချင်တယ် စသည်ဖြင့် ငါတို့ရွာလူထုအစား ခေတ်ပညာတတ် ရှေ့မီနောက်မီ ငါ့တူတို့ ငါ့မောင်တို့က ကူညီ ဆောင်ရွက်ပေးကြပါကွယ်ဟု အကူအညီပေးဖို့ရန် တောင်းဆိုခြင်းမျိုးကို လုပ်နိုင်သူ လုပ်တတ်သူ အင်အားရှိသူ အရွယ်ရှိသူ များပီပီ ကူညီဆောင်ရွက်ပေးကြဖို့သဘောသာ ဖြစ်ပါသည်။ အကယ်၍ မိမိတို့ရွာကိုယ်စားပြုအဖွဲ့က ကောင်းမွန်သောအစီအစဉ်များရှိခဲ့ပါကလည်း ဦးကြီးတို့ ဒေါ်ဒေါ်တို့ အစ်ကိုတို့ အစ်မတို့ ကျွန်တော်တို့ အဖွဲ့လေးကတော့ ရွာကောင်းကျိုးအတွက် ဘာတွေတွေးမိပါတယ်၊ ဘာတွေလုပ်ချင်ပါတယ်၊ ဦးကြီးတို့ ဒေါ်ဒေါ်တို့က ဘယ်လိုသဘောရပါသလဲဆိုတာလေးကိုတော့ အမြဲတိုင်ပင်ဆွေးနွေးပြီး ရွာလူထုကို ချပြပေးရမှာဖြစ်ပါတယ်။ မိမိတို့လုပ်တာ မှန်တယ်၊ ရွာအကျိုးအတွက် ရွာလူထုကောင်းဖို့အတွက်မှန်ပေမယ့် အများနဲ့မတိုင်ပင် အဆွေးနွေးပဲလူထု၏ အကြံဉာဏ်ပေးမှု ထောက်ခံမှု ဝေဘန်မှုများကို မယူဘဲ လက်မခံဘဲ အလျှင်စလို မလုပ်စကောင်းပါ။ ထိုမှသာ ကျီးကို ဘုတ်ရိုသေ ဘုတ်ကို ကျီးရိုသေ၊ ကျွန်း ကိုင်းမှီ ကိုင်း ကျွန်းမှီ၊ မြွေမသေ တုတ်မကျိုး၊ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာဆိုသော အခြေအနေမှန်များဖြင့် လူထု၏ စိတ်သဘောထားများ နှင့်အညီ လူထု၏ အင်အားများနှင့်အတူ ရှေ့တည့်တည့်သို့ ထိုးဖောက်နိုင်ပေလိမ့်မည်။ ရွာလူထုတို့ထံက ကောက်ခံရရှိ ထားသော ရွာရန်ပုံငွေများသည် ရွာကိုယ်စားလှယ်များ၏လက်ထဲတွင်ရှိနေပါသော်လည်း ရွာကိုယ်စားလှယ်များ၏ ကိုယ်ပိုင် ငွေများမဟုတ်ဘဲ ရွာလူထု၏ရန်ပုံငွေများဖြစ်သဖြင့် ရွာလူထု၏ဆန္ဒမပါဘဲ မည်သည့်နည်းလမ်းနှင့်မျှ အသုံးမပြုသင့် ကြောင်း ကိုတော့ဖြင့် အထူးသတိထားဖို့ လိုအပ်လှပါပေသည်။

ထို့ကြောင့် ရွာငယ်လေးသည် တိုင်းပြည်တစ်ခု နိုင်ငံတစ်ခုဖြစ်လာလျှင် ရွာကိုယ်စားပြု လူငယ်လူရွယ်များသည် လွှတ်တော် အမတ်ကြီးများ ဖြစ်လာပေလိမ့်မည်။ ရွာ၏လိုအပ်ချက်များသည် နိုင်ငံတော်၏လိုအပ်ချက်များ ဖြစ်လာပေလိမ့်မည်။ ရွာ လူထုသည် ပြည်သူလူထု ဖြစ်လာပေလိမ့်မည်။ လုပ်အားနှင့်နိုင်သူက လုပ်အားဖြင့်၊ ဉာဏ်အားဖြင့်နိုင်သူက ဉာဏ်အားဖြင့်၊ နှုတ်အားဖြင့်နိုင်သူက နှုတ်အားဖြင့်၊ စာပေအားဖြင့်နိုင်သူက စာပေအားဖြင့်၊ ဂီတအားဖြင့်နိုင်သူက ဂီတအားဖြင့်၊ အနုပညာ အားဖြင့်နိုင်သူက အနုပညာအားဖြင့်၊ အားကစားဖြင့်နိုင်သူက အားကစားအားဖြင့် ဝိုင်းဝန်းကာ မကြ သယ်ကြ တွန်းကြ ရွှေ့ ကြ ကူညီကြမှသာ ဒီမိုကရေစီ၏ မြောက်များစွာသော ပန်းတိုင်များကို တစ်ဆင့်ချင်း တစ်လှမ်းချင်း တဖြည်းဖြည်း တရွေ့ ရွေ့ဖြင့် နိုင်ငံတော်သီချင်း ခြေဆင်းထဲကလို တရားမျှတသော လွတ်လပ်သော များတူခပ်သိမ်း ငြိမ်းချမ်းသော ခွင့်တူညီမျှ သော ဝါဒဖြူစင်သော ပြည်ထောင်စု အမွေကြီးကို အမြဲတည်တံ့အောင် ထိန်းသိမ်းနိုင်ပေလိမ့်မည်။

ကျွန်ပ်တို့၏နိုင်ငံတော်သီချင်းကိုလည်း သီချင်း၏ဂုဏ်နှင့်လျော်ညီစွာ နိုင်ငံသားတို့၏ဂုဏ်နှင့်လျော်ညီစွာ နိုင်ငံသားအားလုံး ကိုယ့်တာဝန် ကိုယ်ကျေပွန်စွာ ကျရာနေရာက တာဝန်ယူမှု တာဝန်ခံမှုများဖြင့် နိုင်ငံတော်သီချင်းထဲက အတိုင်းမှန်ကန်စွာ အကောင် အထည်ဖော်ဆောင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

လေးစားစွာဖြင့်
အမ္ဗနဒီကျော်စွာ

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts