ဖြစ်ရပ်များ၊ အမှတ်တရများ

မြတ်စံ – ” ပြန်လည်ခံစားမိသော… ကြိုးမဲ့ချည်တိုင်”

မြတ်စံ – ” ပြန်လည်ခံစားမိသော… ကြိုးမဲ့ချည်တိုင်” 
(မိုးမခ) ဧပြီ ၁၃၊ ၂၀၁၈

မိမိရဲ့ဘဝထဲသို့ဝင်ရောက်လာတဲ့” သမီးလေးဖူးဖူး ” ရဲ့ရယ်သံများနဲ့အတူ………အမေ။အကို။ညီ ညီမများနဲ့ မိသားစုဘဝစိတ်ချမ်းမြေ့ခြင်းများနဲ့အတူ…

ဒီနေ့မနက်မှာ ပြန်လည်နားထောင်ဖြစ်ခဲ့တဲ့ အဆိုတော် ခင်မောင်တိုးသီဆိုထားတဲ့ ” ကြိုးမဲ့ချည်တိုင် ” သီချင်းကို စိတ်ထဲမှာ ပြန်လည်ရေရွတ်မိရင်း………

တေးရေး-အဉ္စလီမောင်မောင် ရဲ့စာသားနဲ့အတွေးအားကောင်းခြင်း… ကိုခင်မောင်တိုး ၏သီဆိုမှု ဂရုဏာသံတို့ကို အဖန်ဖန် အထပ်ထပ်ခံစားနေမိခဲ့…

ရာစုနှစ်ဝက်ကြာမျှ နေထိုင်ခဲ့ရချိန်ကသောအချိန် ကာလများမှာ ကျနော့်ရဲ့ပင်ကိုယ်သဘာဝအတိုင်း လွတ်လွတ်လပ်လပ် အနှောင်အဖွဲ့ကင်းစွာနေထိုင်ခဲ့…ကိုယ်ဝါသနာပါရာ ကိုယ်ယုံကြည်ရာအလုပ်တွေကို တစိုက်မတ်မတ် လုပ်ကိုင်ခဲ့… … … … အချုပ်အနှောင်များနဲ့ နှစ်ကာလကြာရှည်စွာ ရှင်သန်နေထိုင်ခဲ့ရချိန်များမှာပင် ကိုယ့်ရဲ့မျှော်လင့်ချက်ပန်းတိုင်အတွက် မယိမ်းယိုင်ခဲ့…။ မိဘ ညီအကိုမောင်နှမကို တွယ်တာစိတ် သံယောဇဉ်ချစ်စိတ်ရှိခဲ့ပေမဲ့…အကြောင်းအမျိုးမျိုးကြောင့် နှစ်ကာလကြာရှည်စွာ ဝေးကွာခဲ့နေထိုင်ခဲ့ရတဲ့အတွက် ရှိခဲ့တဲ့ သံယောဇဉ်အတိုင်းအဆဟာ … … ပကတိဘဝရဲ့ ပေးထားချက်မှာ သတိရခြင်းစိတ်ဖြင့်သာ လွမ်းဆွတ်မိခဲ့တယ် … “သမုဒယကြိုး ” ဆိုတဲ့ ချည်နှောင်မှုမရှိအောင် ဖြတ်တောက်နေထိုင်ခဲ့ရ…ဒါမှလည်း…ခရီးရှည်ပန်းတိုင်ကိုရောက်နိုင်မှာပေါ့…။

အကျဉ်းစံဘဝအဖြစ် နေထိုင်ရချိန်မှာ ကမ္ဘာဒေါင့်ကြားနေရာလေးမှ ပြင်ပလောကသို့ ပြန်ရောက်ခါနီးအချိန်ကို မစောင့်နိုင်တော့တဲ့ မွေးသဖခင် ဖခင်ဖြစ်သူကွယ်လွန်အနိစ္စရောက်သွားချိန်မှာ ဝမ်းနည်းစိတ်ဖြစ်ပေါ်မိခဲ့… သို့သော် သေခြင်းနဲ့ရှင်ခြင်းကြားထဲမှာ ဓမ္မသဘောအရ ကာရံပိုင်းဖြတ်ထားတဲ့ နံရံပါးပါးလေးတစ်ချပ်သာခြားထားတယ်ဆိုပေမဲ့ အဲ့ဒီအချိန်ကာလများမှာ ပိုမိုထူပိန်းတဲ့နံရံအပိုင်းခြားကြီးက ကျနော့်ကိုကာရံတားဆီးထားခဲ့။

လွန်ခဲ့တဲ့ ၂ နှစ်လောက်မှာ ယခင်နေထိုင်ခဲ့ရတဲ့ ဘဝထက် ပိုမိုထူးခြားတဲ့ ဘဝတစ်ခုဖြစ်လာစေဖို့ အကြောင်းပေါ်လာခဲ့။ တစ်သက်တာ လက်တွဲရမယ့် ဘဝကြင်ဖော်နဲ့အတူ အိမ်ထောင်ကျခဲ့ပြီး ဇနီးဖြစ်သူထံမှာ ကိုယ်ရဲ့ရင်သွေးငယ်လေးကို လွယ်ထားချိန်… သားသားလား မီးမီးလား ကွဲပြားစွာမသိခင်အချိန်ကတည်းက မွေးဖွားလာမယ့် သားသမီးအတွက် ကိုယ့်ကို စတင်ရစ်ပတ်ချည်နှောင်လာတဲ့ သံယောဇဉ်ကြိုးမှာ တဖြည်းဖြည်းတိုးလို့လာခဲ့ ရစ်ပတ်ချည်နှောင်လာခဲ့တယ်………။

မွေးဖွားချိန်ရောက်လို့ သမီးလေး ဆိုတာသိလိုက်ရချိန်မှာ… ညီအကိုမောင်နှမမွေးချင်းများထဲမှာ ရှားရှားပါးပါးရောက်လာတဲ့ သမီးလေး ဖူးဖူး အပေါ် မိသာစုမျိုးနွယ်အားလုံးရဲ့ သာမာန်ချစ်စိတ်ထက်ပိုတဲ့ သံယောဇဉ်ချစ်စိတ်နဲ့ချည်နှောင်မှုဟာ ပိုမိုကြီးလာပြီး ရစ်ပတ်တွယ်နှောင်လာခဲ့…တခါတရံအလုပ်ကိစ္စနဲ့ မအားမလပ်ဖြစ်နေချိန်မှာ ဇနီးဖြစ်သူထံမှ ဖုန်းဖြင့် သမီးလေးရဲ့ သတင်းစကားကြားလျှင် အိမ်ကိုသာ ကဆုန်ပေါက်ပြေးခြင်စိတ်တွေဖြစ်လာခဲ့။နဂိုမူလ ကိုယ်ရဲ့နေထိုင်မှုပုံစံထက်ပြောင်းလဲစွာ ကိုယ်လျှောက်နေတဲ့လမ်းဆုံးမရောက်ခင် လှည်ပြန်ခြင်စိတ်တွေဖြစ်လာနေခဲ့…။ ဇနီးဖြစ်သူထံမှ”သမီးလေး နေထိုင်မကောင်းလို့များလား မသိ နေ့လည်ကတည်းက ငိုနေတယ် “ဆိုတဲ့ အသံကြားမိလျှင်……
ဖခင်တစ်ယောက်ရဲ့ ခံစားချက်ကိုပေါ်လွင်အောင် ရေးဖွဲ့သွားတဲ့ တေးရေး အဉ္စလီ ကိုမောင်မောင် နဲ့ ကိုခင်မောင်တိုးရဲ့ သီဆိုသံဟာ ဟိုး…အရင်ကနားထောင်စဉ်ကခံစားမှုနဲ့ မတူညီတဲ့ ခံစားမှုမျိုးကို နားလည်လက်ခံမိခဲ့တယ်…” ယီးလေးလေ့ ယီးလေယို တေးသီချင်းလေးဆို သမီးချော့သံ ကြားနေတယ်လေ “ဆိုတဲ့ မြည်သံစွဲလေးကို ထည့်သွင်းသီဆိုထားတာဟာ ရင်မှာပိုမိုကြည်နူးလွမ်းဆွတ်မိတယ်…သမီးလေးကိုချော့မြှူနေတဲ့ ပုံရိပ်ကိုပေါ်လွင်စေပါတယ်…။

ဂန္တဝင်မြောက်တဲ့ သီချင်းတစ်ပုဒ်ဟာ အချိန်ကာလရဲ့ပြောင်းလဲမှုနဲ့အတူ ဟောင်းသွားသလိုရှိပေမဲ့လည်း ခံစားမှုပုံရိပ်ဟာ အမျိုးမျိုးဖြစ်ပေါ်ခံစားစေခဲ့ပါတယ်…။

သမီးလေးငိုသံ ကြားနေချိန်…သမီးလေးကိုချောဖို့အတွက်လှည့်ပြန်ချိန်ဆိုတာ ဖခင်တစ်ယောက် နေရာမှ ခံစားမိတဲ့ရသကို ပေးစွမ်းစေခဲ့ပါတယ်…။ ကွယ်လွန်သွားပြီးဖြစ်တဲ့ ကျနော့်ရဲ ဖခင်ဦးမင်းနွယ်ဆွေကိုလည်း လွမ်းဆွတ်သတိရမိခဲ့ပါတယ်…။ ကျနော်တို့ မောင်နှမ ငါးယောက်ထဲမှာ အငယ်ဆုံးညီမလေး မွေးဖွားလာစဉ်က ကျနော်ဟာ ငါးနှစ်သားအရွယ်ဆိုတော့ အတိတ်ကာလ ပုံရိပ်အချို့ကိုတော့ မှတ်မိနေတယ်……။

ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံ( ဂျမာခန်နာ)မှာ ညီမလေးကို အမေ မွေးဖွားချိန်တုန်းက ဒီဇင်ဘာလ ရောက်ဖို့ နိုဝင်ဘာလနောက်ဆုံးရက်ဖြစ်တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့။အဖေဟာ မြို့မကျောင်းလမ်းရှိ လဟာပြင်ဇာတ်ရုံ(ယခု အမျိုးသားကဇာတ်ရုံ)နေရာမှာ မြန်မာ့ရုပ်ရှင် အကယ်ဒမီပေးပွဲကို သတင်းစာဆရာ/စာရေးဆရာတစ်ဦးအနေနဲ့အပြင် ဂီတအနုပညာရှင်တစ်ဦးအနေနဲ့ဖိတ်ကြားခံရလို့ တက်ရောက်နေချိန်…။ အဖေနဲ့အတူ ကျနော်ကလည်းအဖော်အဖြစ်လိုက်သွားခဲ့လို့ မှတ်မိနေခဲ့။

အခမ်းအနားအစီအစဉ်တဝက်လောက်ရောက်ချိန်မှာ အဖေ့မိတ်ဆွေတစ်ဦးရောက်လာပြီး ပြန်ကြားရေးဌာနမှ ခေါ်ခိုင်းလို့လာခေါ်ကြောင်း။ ဖုန်းဖြင့်အမေ့အခြေအနေကို အိမ်မှဆက်ကြောင်း ပြောလို့ နောက်မှ အမေ ဗိုက်နာလာလို့ ဂျင်မာခန်နာ ဆေးရုံကိုအရေးပေါ်ရောက်နေကြောင်း အဖေ့ရဲ့အမဖြစ်သူ ကြီးကြီးမှ ဆက်ကြောင်းသိရ။ (ကြိုးဖုန်းဖြင့်သာ ဆက်လို့ရတဲ့အချိန်ဆိုတော့ လဟာပြင်ဇာတ်ရုံသို့ဆက်ပြီးပြောခြင်းဖြစ်။ယခုခေတ်လို့ Hand Phoneများမရှိတော့ ဒီလိုပဲ ပြောဆိုဆက်သွယ်ရ။)အဲ့ဒီအချိန်ထိ ကျနော်မှာ ကလေးပီပီ အကယ်ဒမီရမယ့်သူစာရင်း ကြေညာချိန်နဲ့နီးကပ်နေလို့ တဝက်တပျက်နဲ့ အဖေနဲ့အတူပြန်လိုက်ခဲ့ရ။

သားအဖ နှစ်ယောက် လဟာပြင်ဇာတ်ရုံရှေ့မှ ဖယ်မလီယာ Taxi ဖြင့်ဆေးရုံသို့ရောက်သွားခဲ့။ (ထိုခေတ်အချိန်က ဖယ်မလီယာ ဟုခေါ်တဲ့ မာဇဒါ ပစ်ကပ် အငှားကားကို ဘိုးဘိုးအောင်ကား ဟုခေါ်ခဲ့ကြ။ ဝှစ်ကနဲဆို အမြန်ရောက်တာကို အစွဲပြုပြီးခေါ်တယ်ဟုသိရ)တညလုံးစောင့်နေပြီး နောက်တနေ့မနက် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကျနော်တို့ညီမလေး လူ့လောကကြီးသို့ရောက်လာချိန် အဖေ့မျက်နှာပေါ်မှာပေါ်နေတဲ့အပြုံးကို ပြန်မြင်မိ။

ဒါက ညီမလေးး လေးနှစ်အရွယ်မှာ အန်တီဆိုင်းရော်(မေတ္တာဖောင်ဒေးရှင်းက လဖိုင်ဆိုင်းရော်) ဂျာမဏီကိုမပြန်ခင် မင်းသမီးဝတ်စုံအပြည့်နဲ့ ငါတို့မိသားစုနဲ့အမှတ်တရရိုက်ခဲ့စဉ်

ကျနော်ကိုယ်တိုင်လည်း သမီးလေးဖူးဖူး မျက်နှာ ကို ၂၀၁၇ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာခွဲခန်းထဲမှ ကလေးအထူးကုဆရာဝန်ကြီး ဒေါ်ဖြူဖြူဦးကိုယ်တိုင် ပွေ့ချီပြီး ခေါ်ထုတ်လာလို့ မြင်လိုက်ရချိန်…ဒီအပြုံးမျိုး ခံစားမှုမျိုးကို လွန်ခဲ့တဲ့ နှစ် ၄၀ ကျော်က အဖေံရဲ့ဖြစ်စဉ်နဲ့ ချိန်းထိုးကြည်မိခဲ့…တမိသားစုလုံး သမီးမိန်းကလေးဖြစ်သူ ညီမလေး အပေါ်ချစ်ခဲ့ကြပုံတွေ။ သမီးဖြစ်သူအတွက် ဖခင်ဖြစ်သူနေရာက ကြိုးစားပြင်ဆင်ရုန်ကန်ခဲ့ရသော အဖေ့ဖြစ်စဉ်တွေကို ပြန်မြင်မိရင်း ကိုယ့်ဖြစ်စဉ်နဲ့နှိုင်းယှဉ်ချိန်ထိုးမိရင်း နှောင်ကြိုးမဲ့ချည်တိုင် ရဲ့အစွမ်းကို သိမြင်နေမိခဲ့…။

* လူ့ဘဝအတွက် ရုန်းကန်ရင်ဆိုင်ဖို့ …ခရီးထွက်မယ့် လောက အို လူသား
လွမ်းရေထက် ဝမ်းရေးခက်တယ်ပြောလို့…အားတင်းကာ ကျောခိုင်းထွက်လာစဉ်…

** သတိတရနဲ့ အမှတ်ရနေလေတော့…ဇနီးမယားရဲ့ ရင်ခွင်ဆူနေမလား
အားတင်းလို့ ခရီးကြမ်းဆက်ကာ လှမ်းစဉ်…မှန်းထားတဲ့ လမ်းစ မဆုံးခင်မှာ…

(#)[ ယီးလေးလေ့ ယီးလေယို တေးသီချင်းလေးဆို… သမီးလေး ငိုသံ ကြားနေတယ်လေ…
ယီးလေးလေ့ ယီးလေယို တေးသီချင်းလေဆို… သမီးလေး ချော့သံ ကြားနေတယ်လေ…]

*** သမီးလေးရဲ့ ကြုံးဝါးငိုသံကို…ကြားမိတော့ ရင်ခွင်ပူလောင်ကျွမ်း
လှမ်းထားတဲ့ လမ်းနံဘေးထွက်ကာ နားစဉ်… ရှေ့ဆက်မယ် လမ်းဖျက်ပြန်ခြင်ပြီ…

****သမုဒယရဲ့ ကြိုးမဲ့ချည်တိုင်ကို…ဖမ်းဆုပ်တဲ့ လောက အို လူသား
ဝမ်းရေးထက် လွမ်းရေးခက်တယ် ပြောလို့…ဆုံးဖြတ်ကာ လှည်လို့ပြန်ပြီလား…

(#)[ယီးလေးလေ့ ယီးလေယို တေးသီချင်းလေးဆို…သမီးလေး ငိုသံကြားနေတယ်လေ…
ယီးလေးလေ့ ယီးလေယို တေးသီချင်းလေးဆို…သမီးလေးချောဖို့ လှည့်ပြန်ပြီလား…]

(ဤစာစုလေးကိုရေးမိရင်း ကွယ်လွန်သွားပြီးဖြစ်သော ဖခင် ဦးမင်းနွယ်ဆွေ အားရည်းစူးကန်တော့လိုက်ပါတယ်…)

အစဉ်အမြဲမေတ္တာများဖြင့်
ကိုမြတ်စံ
(12/4/2018) 1:30 am


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts