ရသဆောင်းပါးစုံ
ဒေါက်တာတင်အောင် ● ဟောကင်း ဖြာထွက်မှု (Hawking Radiation)
ဒေါက်တာတင်အောင် ● ဟောကင်း ဖြာထွက်မှု (Hawking Radiation)
(မိုးမခ) ဧပြီ ၁ဝ၊ ၂ဝ၁၈
ဒေါက်တာတင်အောင်၏ ဆောင်းပါးအား Jupiter Education Myanmar – JEM မှ ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
သူ့နာရေးဟာ ကမ္ဘာတစ်ဝှမ်း ခေါင်းကြီးသတင်းဖြစ်သွားပါတယ်။ သူဟာနှစ်ပေါင်း ၅ဝ ကျော် တွန်းလှည်းထဲမှာ မစွမ်းမသန် ဘဝနဲ့နေခဲ့ရတာတစ်ကြောင်း၊ ၂ နှစ်သာနေရမယ်လို့ ဆရာဝန်ကပြောထားငြား နှစ်ပေါင်း ၅ဝ ထပ်နေသွားရတာတစ်ကြောင်း ၊ သူရဲ့ စကြဝဠာဗေဒဆိုင်ရာ သုတေသနလုပ်ဆောင်ချက်တွေကြောင့်တစ်ကြောင်း၊ ထိုထိုသောအကြောင်းတွေကြောင့် အ ထူးပင်ကျော်ကြားသော သိပံ္ဗပညာရှင်တစ်ဦးဖြစ်လာရပါတယ်။
ဟောကင်းပြုစတဲ့စာအုပ်တစ်အုပ်ဟာ အတော်လေးပေါက်သွားတယ်။ အုပ်ပေါင်း တစ်သန်းခန့် ရောင်းရပါတယ်။ စာအုပ်အ မည်မှာ “အချိန်၏ သမိုင်းအကျဉ်း” ပါတဲ့။ အင်္ဂလိပ်ခေါင်းစဉ်က Brief History of Time။ ဒီစာအုပ်နဲ့ပတ်သက်လို့ပြောကြတာ ရှိတယ်။ အရောင်းရဆုံး၊ ပြီးဆုံးအောင် မဖတ်ကြတဲ့ စာအုပ်တဲ့။ ဆိုလိုတာက ဝယ်သူတော့ အများကြီး၊ ဒါပေမဲ့ ဆုံးအောင် တော့ မဖတ်ဖြစ်ကြဘူးပေါ့။
ထိုစာအုပ်ရောင်းအား ဘာကြောင့် ဤမျှရောင်းကောင်းပါသနည်း။ စာအုပ်ပါအကြောင်းထက် ရေးသူအပေါ် ကြီးမားတဲ့ စိတ် ဝင်စားမှုရှိလို့ ဝယ်ယူကြခြင်း ဖြစ်တန်ရာသည်။ အရှင်ဆန္ဒာဓိကရေးတဲ့စာအုပ်အပေါင်းဟာ အတော်ရောင်းကောင်းပါတယ်။သူရေးတဲ့စာအုပ်ဆို သတ္တမအကြိမ်ပြန်ရိုက်တာတောင် အုပ်ရေ တစ်သောင်းကျော် နှစ်သောင်း ထုတ်ဝေရတာ။ ကျွန်တော် တို့ အတိုင်းအတာနဲ့ဆို ရောင်းရအလွန်ကောင်းတဲ့စာအုပ်များပါပေ။ အများသိတဲ့အတိုင်း ဆရာတော်ဟာ တက္ကသိုလ်စာမေးပွဲ ကို ၆ ဘာသာဂုဏ်ထူးနဲ့ အောင်တယ်။ ဆုလဒ်ကြီးဟု အများတကာကခံယူထားတဲ့ဆရာဝန်လိုင်းမလိုက်ဘဲ ရဟန်းဘောင်သို့ ဝင်ခဲ့တယ်။ ဒီတော့ တစ်မူထူးခြားနေလေတော့ သူတို့အလွန်စိတ်ဝင်တစားရှိကြတယ်။ အကယ်၍ သူဟာ တက္ကသိုလ်ဝင် စာမေးပွဲကို ဂုဏ်ထူးတစ်ခုမှမပါဘဲ အောင်ရုံအဆင့်လောက်ဖြင့်သာအောင်ပါက ဤမျှစိတ်ဝင်စားမှုရှိကြပါမလား။ သူ ဤမျှ ကျော်ဇောပါ့မလား။ မထင်ပါ။
တကယ်ဆို ဟိုင်ဇင်ဗတ်တို့ ရှရိုဒင်းဂါးတို့ဟာ ကွမ်တမ်ဘာသာရပ်ကို သီးခြားတွေ့ရှိကြတယ်။ အဲဒီသီအိုရီဟာ အိုင်းစတိုင်းရဲ့ ရီလေတီဗီတီသီအိုရီကဲ့သို့ အရေးပါကျော်ကြားတယ်။ ဒါပေမဲ့ သူတို့ရဲ့ကိုယ်ရေးအကြောင်းအရာဟာ ထူးထူးခြားခြားမရှိတော့ သာမန်လမ်းပေါ်ကလူတွေအနေနဲ့ သူတို့ကိုမသိကြဘူး။ ရူပဗေဒအသိုင်းအဝိုင်းကသာ သိကြတယ်လေ။
ဟောကင်းဟာ သုတေသနလုပ်ဆောင်ချက်အနေနဲ့ နာမည်အရဆုံးကတော့ “ဟောကင်းဖြာထွက်မှု” (Hawking Radiation) ကြောင့်ပါပဲ။ ဒါဟာ ဘာပါလဲ။ အဖြေမှာ ….
ဒြပ်ထုရှိဝတ္ထုတိုင်းမှာ ဂရယ်ဗီတီစက်ကွင်း (Gravitational Field) ရှိတယ်။ အခြားဝတ္ထုတစ်ခုဟာ အဲဒီစက်ကွင်းထဲရောက် သွားရင် ဆွဲငင်ခြင်းခံရတယ်။ အုန်းသီးကြွေကျခြင်းဟာ ကမ္ဘာက (ဂရယ်ဗီတီ) ဆွဲအားနဲ့ ဆွဲချတာကြောင့်လေ။
ကမ္ဘာနဲ့တကွ ဂြိုလ်များ၊ ဂြိုလ်ရံဖြစ်တဲ့လ၊ အလတ်စားကြယ်ဖြစ်တဲ့နေတို့၌လည်း GF အသီးသီးရှိကြတယ်။ သူတို့ရဲ့ဒြပ်ထု အကြီးအသေးပေါ်လိုက်ပြီး ဆွဲအားဟာလည်း မတူဘူးပေါ့။ ခုပြောထားတဲ့ နေ၊ လ၊ ဂြိုလ် အနက်၊ နေရဲ့ဒြပ်ထုဟာ အကြီး ဆုံးဆိုတော့ သူ့ GF ဟာ ပြင်းအားအကောင်းဆုံးလေ။
ဂြိုလ်၊ လ သို့မဟုတ် နေတို့ကနေ နောက်တစ်နေရာရောက်ဖို့ လွတ်မြောက်အလျင် (Escape Velocity) မျိုးရှိရတယ်။ ကမ္ဘာ ကနေ လဆီ အာကာသယာဉ်ပို့လွှတ်မယ်ဆိုရင် ထိုယာဉ်ဟာ ကမ္ဘာ့ဆွဲအားမှလွတ်ကင်းပြီး လရဲ့ GF စက်ကွင်းထဲဝင် သွားရ ဖို့ လိုတယ်။ ကမ္ဘာက လွတ်မြောက်ဖို့အလျင်ဟာ လွတ်မြောက်အလျင်ထက် ပိုရမယ်။
ဆိုခဲ့တဲ့အတိုင်း ဝတ္ထုတစ်ခုရဲ့ ဂရယ်ဗီတီဆွဲအားဟာ သူရဲ့ဝတ္ထုပမာဏအပေါ်တည်တယ်။ ဒြပ်ထုကြီးလေ ဂရယ်ဗီတီဆွဲအား ကောင်းလေပါပဲ။ ဒီတော့ဝတ္ထုရဲ့ ဂရယ်ဗီတီဆွဲအားကြီးလေ သူ့ထံကလွတ်မြောက်ဖို့ EV ဟာ ကြီးလေပါပဲ။ ဒါကြောင့် လ GF ကလွတ်မြောက်ဖို့ဟာ ကမ္ဘာ့ GF ကလွတ်မြောက်ဖို့လောက် EV မလိုဘူး။ အလားတူပဲ နေလွတ်မြောက်ဘို့ လိုအပ်တဲ့ EV ဟာ ကမ္ဘာအတွက်ထက် ပိုကြီးတယ်။
ကဲ … တွင်းနက် (Black Hole) ရဲ့ GF ကကော ဘယ်လောက်ကြီးမားပါသလဲ။ နေထက်တောင် ပိုပါတယ်။ ဒီတော့ EV ဟာ လည်း အလိုက်သင့်ကြီးသွားမယ်။ ဆိုလာတာက BH ကနေ လွတ်မြောက်ဖို့ EV ဟာ နေကလွတ်မြောက်ဖို့ထက် ပိုကြီးတယ်။ ပိုခက်ခဲမယ်။ ခက်ခဲရုံမက လွတ်မြောက်နိုင်မယ် မဟုတ်ဘူးလို့ အတွက်အချက်တွေနဲ့ ထောက်ပြထားတယ်။ (၉ တန်းအဆင့် ရူပဗေဒလောက်နဲ့ EV ကို တွက်ယူနိုင်တယ်။) တွက်ကြည့်တော့ EV ဟာ အလင်းအလျင်ထက်ကို ပိုများတယ်။ အလင်း အလျင်ထက်ပိတဲ့အလျင်မျိုး မည့်သည့်ဝတ္ထုမှာမှ မရှိနိုင်ဘူးလေ။ အိုင်းစတိုင်းရဲ့ ရီလေတီဗီတီသီအိုရီဟာ အဲ့ဒီအချက်ပေါ် မှာလဲ အခြေခံထားတယ်။
ဒါကြောင့် (တွင်းနက်အတွက် EV ဟာ အလင်းအလျင်ထက်ပိုကြီးလို့) တွင်းနက်ထဲက ဘယ်အရာမှ လွတ်မြောက်မလာနိုင်ဘူး။ အလင်းပင်လျှင် ထွက်မလာနိုင်ဘူး။ ဒီလိုဆို BH ထံမှ ဘာသတင်းအချက်အလက်မှ မရနိုင်ဘူးပေါ့။ ဒီအချက်ကို သိပ္ပံလောက သားတွေက လက်ခံထားကြတယ်။
ဟောကင်းရဲ့ သိပ္ပံဂုဏ်သတင်းကြီးတာကတော့ BH ထဲကနေ ထွက်လာနိုင်တဲ့နည်းလမ်းရှိတယ်လို့ ရှင်းပြနိုင်လို့ပါ။ အများ က မဖြစ်နိုင်ဘူးဆိုတာကို ဖီလာဆန့်ကျင်ပြီး၊ ဖြစ်နိုင်တယ်လို့ အများလက်ခံနိုင်အောင်ရှင်းပြလို့ခုလို ကျော်ကြားလာပေ တာပဲပေါ့။ BH ကထွက်လာတဲ့အရာကို ဟောကင်းဖြာထွက်မှုလို့ ခေါ်ဆိုသမုတ်ကြတယ်။ ဖြာထွက်မှုဆိုလို့ လှိုင်းတွေပဲလို့သာ မယူလိုက်ပါနဲ့။ အမှုန်တွေလဲဖြစ်တယ်။ နို့ဖြင့် ဘာကြောင့်ဖြာထွက်မှုလို့ ခေါ်ပါသလဲ။ လှိုင်းအမှုန် ဒွိသဘာဝဆိုတာကို နား လည်သဘောပေါက်ထားမယ်ဆိုရင် ဤသို့ခေါ်ထားခြင်းကို လက်မခံနိုင်စရာအကြောင်းမရှိတော့ပြီ။
ဒီကိစ္စနဲ့ပတ်သတ်လို့သိကောင်းဖွယ်အချက်မှာ BH မှ အရာဝတ္ထုလွတ်မြောက်လာနိုင်ကြောင်းကို ဦးဆုံးရိပ်စားမိသူမှာ ဟော ကင်းမဟုတ်ဘဲ ရုရှားရူပဗေဒပညာရှင် ၂ ဦးဖြစ်တယ်။ ဟောကင်း ရုရှားသို့သွားရောက်စဉ် ထိုသူ ၂ ဦးက BH မှ ဝတ္ထုများ လွတ်မြောက်နိုင်ဖွယ်ရှိကြောင်း ထောက်ပြခဲ့တယ်။ ဟောကင်းက ဆက်လက်၍ မည်သို့ မည်ပုံ လွတ်မြောက်နိုင်ကြောင်းကို ရှင်းပြနိုင်ခဲ့သည်။ ဒီအတွက် ကျော်ကြားမှုရရှိခဲ့တယ်။
ဤသို့လျှင်တစ်ဦးတစ်ယောက်က အစဖော်ပေးသည်ကို သုတေသန ဖိဖိစီးစီးပြုလုပ်ရာမှ အလွန်အရေးပါသောရလဒ်မျိုး ရရှိသော အခြားအခြားသောသာဓကများလည်း ရှိဖူးပါတယ်။ နောင်အခွင့်ကြုံက ရေးသားဖော်ပြပါဦးမယ်။ ဟောကင်းဖြာ ထွက်မှုအကြောင်းကိုလည်း နောင် ပြည့်ပြည့်စုံစုံရှင်းပြပါဦးမယ်။
(မှတ်ချက် ။ ။ ဟောကင်းကွယ်လွန်ပြီး သူ၏ကျော်ကြားမှုနှင့် သူ၏သုတေသနတို့ကို မြန်မာပြည်စာဖတ်ဝါသနာရှင်များ အာ ဟာရဖြစ်စေရန် ရူပဗေဒပါမောက္ခဟောင်း ဆရာကြီးဒေါက်တာတင်အောင်ထံ ဆောင်းပါးတစ်ပုဒ်ရေးသားပေးပါရန် JEM မှ တောင်းပန်ခဲ့ခြင်းဖြစ်သည်။ ဤဆောင်းပါးကို မည်သည့်မီဒီယာတွင်မဆို Credit ပေး၍ ပြန်လည်ဖော်ပြနိုင်ပါသည်။)
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts
2 thoughts on “ဒေါက်တာတင်အောင် ● ဟောကင်း ဖြာထွက်မှု (Hawking Radiation)
  1. ဆရာကြီး ​ဒေါက်​တာ တင်​​အောင်​ ခင်​ဗျား
    ဆက်​လက်​ပြီး ​ရေးသား​ပေးပါဦးခင်​ဗျား၊
    ဆရာ့ရဲ့ တပည့်​တစ်​ဦး
Comments are closed.