မှတ်စုမှတ်တမ်း ရေခြားမြေခြား မြန်မာများ

အေးငြိမ်း – မြန်မာအိမ်အကူလုပ်သားများအတွက် သင်တန်း


အေးငြိမ်း – မြန်မာအိမ်အကူလုပ်သားများအတွက် သင်တန်း
(မိုးမခ) မတ် ၃၀၊ ၂၀၁၈ 

(သူ့ဖေ့စ်ဘွတ်က ယူပါတယ်)
လာမည့် ဧပြီလ ၂ ရက်နေ့မှစကာ ကျွန်တော် “မြန်မာအိမ်အကူလုပ်သားများအတွက် သင်တန်း” ကို NTUC Learning Hub ၌ မြန်မာလို သင်ကြားပို့ချရပါမည်။စင်ကာပူသို့ ယခုမှ စတင်ရောက်လာသည့် အိမ်အကူလုပ်သား (FDW – Foreign Domestic Worker) များသည် ဤသင်တန်းသို့ မဖြစ်မနေတက်ရသည်။ ဤသင်တန်းမှ FDW တစ်ဦး သိသင့်သိထိုက်သည်များအားလုံးကို ရှင်းလင်းသင်ကြားပေးသည်။

သည်သင်တန်းပါ အချက်အလက်များကို ကိုးကား၍ မြန်မာအိမ်အကူများသိသင့်သိထိုက်သည်များကို ရေးလိုက်ပါသည်။ ယခင်ကလည်း သည်အကြောင်း ကျွန်တော် ရေးဖူးပါသည်။ သို့သော် ပြန်လည်ပြင်ဆင်ထားသည်များရှိသဖြင့် ယခုထပ်မံ၍ ပြည့်ပြည့်စုံစုံ ရေးသားလိုက်ရခြင်းဖြစ်ပါကြောင်း –

စင်ကာပူမှ FDW အတွက် လိုအပ်ချက်များ
————————————————-

၁။ FDW အဖြစ် လျှောက်ထားချိန်တွင် အသက် ၂၃ နှစ်ထက်မငယ်၊ ၅၀ ထက်မကြီး ဖြစ်ရမည်။ သို့သော် လက်ရှိလုပ်နေသူများ အနေနှင့် အသက် ၆၀ ပြည့်သည်ထိ ဆက်လက်လုပ်ကိုင်ခွင့် ရှိသည်။

၂။ ကျောင်းသင်ပညာရေး အနည်းဆုံး ၈ နှစ်ရှိရမည်။ (သို့သော် MOM website တွင် ဆယ်တန်းအောင်လက်မှတ် ဟု ပြထားရာ ဤသည်မှာ လိုအပ်ချက်ထက် ၂ နှစ်ပိုနေကြောင်း ကျွန်တော် MOM သို့ အီးမေးပို့ထားပါသည်။ အကြောင်းမပြန်သေးပါ။)

၃။ FDW အဖြစ် ယခုမှ စတင်အလုပ်လုပ်မည့်သူ ဆိုသည်မှာ MOM record ထဲတွင် FDW အဖြစ် မှတ်တမ်းရှိမနေသူ သော် လည်းကောင်း၊ ယခင်က FDW အဖြစ်လုပ်ခဲ့သည့်တိုင် MOM record ထဲတွင် FDW အဖြစ် မှတ်တမ်းရှိမနေသူသော် လည်းကောင်း ဖြစ်ပါသည်။

၎။ FDW record ကို MOM website တွင် မိမိ SingPass ဖြင့် ဝင်ကြည့်နိုင်ပါသည်။

၅။ FSW ခန့်ထားမည့် အိမ်ရှင်သည် သူ့အတွက် စင်းဒေါ်လာ ၅၀၀၀ တန် security deposit ဝယ်ရမည်။

၆။ FSW ခန့်ထားမည့် အိမ်ရှင်သည် သူ့အတွက် ၁၅၀၀၀ တန် ဆေးအာမခံ (Medical Insurance) နှင့် ၆ သောင်းတန် ($60,000 per year) ထိခိုက်မှုအာမခံ (Personal Accident Insurance) ကို FDW စင်ကာပူမလာမီကတည်းက ကြိုဝယ်ထားရမည်။ ထိုအာမခံသည် အထွေထွေ ထိခိုက်ရှနာမှု၊ တသက်တာမသန်မစွမ်းဖြစ်မှု၊ သေဆုံးမှုတို့အတွက်ပါ အကြုံးဝင်ရမည်။

၇။ အလုပ်ရှင်သည် FDW အတွက် လဲဗီး တစ်လလျှင် $265 ပေးရပါမည်။ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုမိဘများရှိလျှင် ပိုမို နည်းသော လဲဗီး လျှောက်ထားနိုင်ပါသည်။ ထိုလဲဗီးမှာ တစ်လလျှင် ၆၀ ဖြစ်၏။

မှတ်သားစရာများ
——————–

၁။ EP (Employment Pass), S Pass များလည်း FDW ခန့်ထားနိုင်ပါသည်။

၂။ FDW များသည် အလုပ်သမားလျော်ကြေးဥပဒေနှင့် အကြုံးမဝင်ပါ။ (ထိခိုက်ဒဏ်ရာရခြင်းအတွက် လျော်ကြေးဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း လျော်ကြေးမရနိုင်ပါ။)

SIP (Settling-In Programme) for FDW
————————————————–

၁။ အိမ်အကူလုပ်သားများ စင်ကာပူသို့ရောက်ပြီး ၃ ရက်အတွင်း (တနင်္ဂနွေနှင့် အများပြည်သူရုံးပိတ်ရက်မပါ) SIP သင်တန်းကို တက်ရမည်။ ထိုသင်တန်း တက်မပြီးသေးဘဲ အလုပ်ရှင်သည် အလုပ်မခိုင်းရ။

၂။ သင်တန်းမှာ တစ်ရက်သင်တန်းဖြစ်ပြီး သင်တန်းကြေး စင်းဒေါ်လာ ၇၅ ဖြစ်ပါသည်။ သင်တန်းကြေးကို အလုပ်ရှင်က ပေးရမည်။

၃။ သင်တန်းကို မြန်မာဘာသာဖြင့် သင်ကြားပို့ချပါမည်။
(SIP ကို အင်ဒိုနီးရှားဘာသာ (Bahasa Indonesia) နှင့် ဖိလစ်ပိုင် (Tagalog) ဘာသာများဖြင့် ပို့ချပါသေးသည်။)

၎။ ယခင်က အိမ်အကူလုပ်သားများ စင်ကာပူရောက်လျှင် Entry test နှင့် SAC (Safety Awareness Course) တက်ရသည်။
၂၀၁၂ ခုနှစ် မေလ ၁ ရက်နေ့မှစကာ ထိုသင်တန်းနှစ်ခုကို ပေါင်းလိုက်ပြီး SIP သင်တန်းလုပ်လိုက်ပါသည်။

၅။ ယခင်က FDW အဖြစ်လုပ်ခဲ့ဖူးသူ၊ Entry Test နှင့် SAC သင်တန်းတက်ခဲ့ဖူးသူများ SIP သင်တန်း တက်စရာမလိုပါ။

သင်တန်းမှပေးသည့် မှတ်သားစရာ ဗဟုသုတများ
———————————————————-

သင်တန်းအတွင် အောက်ဖော်ပြပါ သင်ခန်းစာ (၅) ခုပါ၏။

၁။ စင်္ကာပူတွင်အလုပ်လုပ်ခြင်း မိတ်ဆက်
၂။ အန္တရာယ်ကင်းစွာအလုပ်လုပ်ခြင်း
၃။ စည်းကမ်းသတ်မှတ်ချက်များ (အခွင့်အရေးနှင့်တာဝန်များ)
၎။ အခြားနယ်ပယ်များတွင် အန္တရာယ်ကင်းမှု
၅။ ဆက်ဆံရေးနှင့် စိတ်ဖိစီးမှုဖြေရှင်းခြင်း

သင်တန်းရည်ရွယ်ချက်မှာ –
———————————

 စင်ကာပူတွင် အဆင်ပြေစွာ အလုပ်လုပ်ကိုင်နိုင်စေရန်
 မိမိလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို သိနားလည်လာစေရန်
 ဥပဒေက ပေးအပ်ထားသည့် မိမိတို့၏ တရားဝင်ရပိုင်ခွင့်များကို သိစေရန်
 အခက်အခဲ ပြဿနာတစ်စုံတစ်ရာပေါ်လာပါက မည်ကဲ့သို့ အကူအညီတောင်းရမည်ကို သိစေရန်

အခန်း (၁) စင်ကာပူနိုင်ငံနှင့် မိတ်ဆက်ခြင်း
————————————————-

စင်္ကာပူသည် လူဦးရေ ၅ သန်းကျော်ရှိသော ခေတ်မီမြို့ပြနိုင်ငံငယ်လေး တစ်ခုဖြစ်၏။ စင်္ကာပူတွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံရှိ၏။ အဓိကလူမျိုးများမှာ တရုတ် ၇၄%၊ မလေး ၁၃%၊ အိန္ဒိယ ၉.၂ % ဖြစ်၏။

အများအားဖြင့် အင်္ဂလိပ်၊ မန်ဒရင်း၊ မလေးနှင့် တမီလ်ဘာသာစကားတို့ကို ပြောဆိုကြ၏။ အခြားနိုင်ငံသားများ (ဥပမာ – မြန်မာ) သည်လည်း သူတို့မိခင်ဘာသာစကား (မြန်မာ) ဖြင့် ပြောကြ၏။ စင်္ကာပူတွင် နိုင်ငံခြားသားအများအပြား လာရောက် အလုပ်လုပ်ကိုင်နေကြသည်။ လူအများစုသည် အထပ်မြင့်တိုက်ခန်းများတွင် နေကြ၏။

စင်ကာပူသို့ လာရောက်အလုပ်လုပ်ကိုင်ကြရခြင်းမှာ ငွေရှာပြီး မိမိ မိသားစုအားထောက်ပံ့ရန်ဖြစ်၏။ ထိုမျှမက ဖွံ့ဖြိုးပြီး နိုင်ငံတစ်နိုင်ငံတွင် လာရောက်လုပ်ကိုင်ခြင်းဖြင့် အတတ်ပညာအသစ်များပါ လေ့လာသင်ယူနိုင်သေးသည်။ မိမိနိုင်ငံသို့ ပြန်သွားသည့်အခါ ထိုအတတ်ပညာများကို အသုံးချလျှက် ကိုယ်ပိုင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခု ထူထောင်နိုင်သေးသည်။

အရေးကြီးသည်မှာ စေတနာထားဘို့ ဖြစ်၏။ စေတနာဟူသည် ရောင်ပြန်ဟပ်တတ်၏။ မိမိက စေတနာထားလုပ်ကိုင်ပေးလျှင် မိမိ အပေါ်လည်း ပြန်လည် မေတ္တာထားလာမည်မှာ မလွဲမသွေဖြစ်၏။

“ငါက အိမ်ဖော်ပဲ” ဟု စိတ်ထဲမထားပါနှင့်။ သူတို့မိသားစုကို လာရောက်စောင့်ရှောက်ပေးတာ ဟု ခေါင်းထဲ ထည့်ထားပါ။ ဒေသအစိမ်း၊ နေရာအစိမ်း၊ လူမျိုးအစိမ်းများဖြစ်သဖြင့် မတတ်တာ၊ မသိတာ အများအပြားရှိပါလိမ့်မည်။ မစိုးရိမ်ပါနှင့်။ မသိလျှင် မသိဘူးဟု ပွင့်ပွင့်လင်းလင်းပြောပါ။ မသိလျှင် သိအောင် သင်ယူပါ။ မတတ်လျှင် တတ်အောင် လေ့လာပါ။ ကျွန်မတော့ ဒါကို မလုပ်တတ်ဘူး၊ ကျေးဇူးပြုပြီး သင်ပေးပါ ဟု ယဉ်ယဉ်ကျေးကျေး ပြောပါ။

မိမိမှာ အိမ်အကူလုပ်သားဖြစ်သဖြင့် အိမ်ရှင်များနှင့် ၂၄ နာရီပတ်လုံး အတူနေရမည်ဖြစ်၍ သူတို့နှင့် သင့်မြတ်နေရေးမှာ အလွန် အရေးကြီးပါသည်။

စင်ကာပူမှလူများသည် အလွန် အသန့်အပြန့်ကြိုက်သည်ကို သိထားပါ။ အိမ်ကို သန့်ရှင်းနေအောင် ထိန်းသိမ်းထားရေးသည် အရေးကြီးသော အလုပ်တစ်ခုဖြစ်၏။

အိမ်အကူတစ်ယောက်အနေနှင့် အောက်ပါလုပ်ငန်းများ လုပ်ကိုင်ရနိုင်ပါသည်။

 အရွယ်မရောက်သေးသည့် ကလေးငယ်များကို ပြုစုစောင့်ရှောက်ရခြင်း
 သက်ကြီးရွယ်အို မိဘများကို ပြုစုစောင့်ရှောက်ရခြင်း
 ကလေးများကို ကျောင်းပို့/ကျောင်းကြိုခြင်း
 အဝတ်လျှော်၊ အဝတ်လှမ်း၊ မီးပူတိုက်ရခြင်း
 ထမင်းဟင်းများ ချက်ပြုတ်ရခြင်း
 အိမ်သန့်ရှင်းရေး လုပ်ရခြင်း

မိမိအိမ်ရှင်သည် တရုတ် သို့မဟုတ် အိန္ဒိယ သို့မဟုတ် မလေး သို့မဟုတ် အခြားနိုင်ငံသားတစ်ဦးဦး ဖြစ်နိုင်သည်။ အိမ်တွင် မွေးကင်းစကလေးငယ်များ၊ သက်ကြီးရွယ်အို မိဘများ၊ မမာမကျန်းဖြစ်နေသူများ ရှိနိုင်သည်။ စင်ကာပူနိုင်ငံသား အများစုမှာ စနေ၊ တနင်္ဂနွေများတွင် အလုပ်မလုပ်ကြပါ။ သင်သည် သူတို့အပြင်သွားသည့်အခါ လိုက်သွားရန် လိုချင်လိုပါလိမ့်မည်။

စင်ကာပူတွင် သင့်အတွက် ဆွေမျိုးရှိချင်မှ ရှိပါလိမ့်မည်။ သင့်အိမ်ရှင်သည်သာ သင်၏ အရင်းနှီးဆုံး ဆွေမျိုးဖြစ်ပါသည်။ သင့်တွင် အခက်အခဲများရှိပါက သင့်အိမ်ရှင်ကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြော အကူအညီတောင်းနိုင်ပါသည်။

သင်သာ ရိုးရိုးသားသား၊ ကြိုးကြိုးစားစားလုပ်ကိုင်ပါက သင့်အိမ်ရှင်သည် သင့်အပေါ် ယုံကြည်စိတ်ချလာမည်။ ကောင်းကောင်း မွန်မွန် ဆက်ဆံလာမည်။ သင်နှင့်သင့်အိမ်ရှင်အကြား ဆက်ဆံရေး ချောမွေ့လာသဖြင့် စိတ်ချမ်းသာ၊ လက်ချမ်းသာ အလုပ်လုပ်နိုင်မည်။

အပြန်အလှန်လေးစားမှုသည် အလွန်အရေးကြီး၏။ သင့်အိမ်ရှင်အကြောင်းနားလည်အောင် အချိန်ယူပြီး လေ့လာပါ။ အချို့သူများသည် စကားပြောရာတွင် အော်ကြီးဟစ်ကျယ် ပြောတတ်၏။ သူတို့အမူအရာကိုက ရန်လိုသည့် အမူအရာမျိုး ဖြစ်နေတတ်၏။ ထိုအခါ သင်က ဤကဲ့သို့ အော်ပြောခြင်းသည် သူတို့၏ အမူအကျင့်သာဖြစ်ကြောင်း၊ သင့်အပေါ် ရန်မူခြင်း မဟုတ်ကြောင်း သိနားလည်ထားရပါမည်။

ဆက်ပါဦးမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts