Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ဦးချစ်လှိုင် ( ခ) စာရေးဆရာကိုကိုမောင်ကြီး ၏ ဈာပန မြင်ကွင်း

ဦးချစ်လှိုင် ( ခ. ) စာရေးဆရာကိုကိုမောင်ကြီး ၏ ဈာပန မြင်ကွင်း
ရန်နောင်(ဗိုလ်တထောင်) မိုးမခ၊ မတ် ၂၈၊ ၂၀၁၈

(ရန်ကုန် မတ် ၂၇)။ ဦးချစ်လှိုင် ( ခ. ) စာရေးဆရာကိုကိုမောင်ကြီး ၏ ဈာပနသို့ နိုင်ငံရေး သမား လုပ်ဖော်ကိုင်ဘက် များနှင့် စာရေးဆရာများ လိုက်ပါပို့ဆောင်ခဲ့သည်။  ဇေယျကျော်ထင်ဘွဲ့ရ ၊ နိုင်ငံဂုဏ်ရည် ပထမဆင့်၊ မော်ကွန်းဝင် ပထမဆင့်၊ ဗဟိုနိုင်ငံရေးသိပ္ပံကျောင်း နည်းပြချုပ် ဆရာကြီးဦးချစ်လှိုင် ( စာရေးဆရာ ကိုကိုမောင်ကြီး)၏ ဈာပနကို ရေဝေးသုသာန်တွင် ယနေ့ နေ့လယ် ၃ နာရီ၌ ပြုလုပ်ခဲ့ရာ ဆရာကြီး၏ နိုင်ငံရေးသမားလုပ်ဖော်ကိုင်ဘက်များ၊ တပည့်များ ၊ စာရေးဆရာများ လိုက်ပါပို့ဆောင်ခဲ့ကြသည်။

စာရေးဆရာ ကိုကိုမောင်ကြီး ( ခ) ဦးချစ်လှိုင်ကို အဖဦးညို ၊ အမိဒေါ်တင်တင် တို့မှ ၁၉၂၆ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ကသာမြို့နယ် အပိုင် မော်လူးရွာ၌ မွေးဖွားခဲ့သည်။ ၁၀ နှစ်သားအထိ ရွှေကူမြို့တွင်နေထိုင်ခဲ့ပြီး ၁၃ နှစ်အရွယ် ငါးတန်း၌ ကသာဟိုက်စကူးကျောင်း၌ ဘော်ဒါနေစဉ် ၁၃၀၀ပြည့် အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်အဖြစ် ကျောင်းသားသပိတ်၌ ပါဝင်ခဲ့သည်။ ၁၉၄၂ ခုနှစ် ဧပြီလ အသက် ၁၆ နှစ်အရွယ်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် ( BIA) သို့ ဝင်ရောက်ခဲ့သည်။ ဘီအိုင်အေ ကို ဖျက်သိမ်းပြီး ဗမာ့လွတ်လပ်ရေးတပ်မတော် ( BDA) ကို ဖွဲ့စည်းသည့်အခါ ၁၉၄၃ ခုနှစ် မေလ ၌ မင်္ဂလာဒုံတွင် ဖွင့်လှစ်သော ဒုတိယအပတ် ဗိုလ်သင်တန်းသို့ တက်ရောက်ခဲ့သည်။ ဗိုလ်သင်တန်းမှ အထူးတပ်ကြပ်ကြီးအဖြစ် သင်တန်းဆင်းခဲ့သည်။ ဂျပန်ခေတ်တွင် ကွန်မြူနစ်ပါတီသို့ ဝင်ရောက်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေး မတိုင်မီ ဗိုလ်စန်းငွေ ဟု အမည်ပြောင်းပြီး ဗိုလ်ချုပ်အောင်ဆန်း၏ အစီအစဉ်ဖြင့် တပ်တွင်း နိုင်ငံရေး စည်းရုံးရေး သင်တန်းများတွင် တပ်တွင်းစည်းရုံးရေးမှူးအဖြစ် တာဝန်ယူ၍ နိုင်ငံရေး သင်တန်းများ ပေးခဲ့သည်။ တော်လှန်ရေးအပြီးတွင် အလံနီပါတီဝင် ခေတ္တ ဖြစ်ခဲ့ပြီး မကြာမီ ကွန်မြူ နစ်ပါတီ မှ နှုတ်ထွက်ခဲ့သည်။

လွတ်လပ်ရေးရပြီး ရက်ပိုင်းအကြာ ၁၉၄၈ ခု ဇန်နဝါရ်ီလ. ၁၉ ရက်နေ့တွင် ဗီယက်နမ်တိုက်ပွဲကို လေ့လာအားပေးရန် ဗီယက်နမ်နိုင်ငံသို့ ဗိုလ်ဘုန်းအောင် ( ပြည်သူ့ရဲဘော်ခေါင်းဆောင်) ၊ ဦးသန်း ( ကြည့်မြင်တိုင်) ၊ ဦးဘသိန်းဇံ ( ဆိုရှယ်လစ်ပါတီ) တို့်နှင့်အတူ ဗီယက်နမ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သို့ သွားရောက်ခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ဥရောပတိုက်သို့ ခရီးထွက်ခွာပြီး ပြင်သစ်တွင် ပညာသင်ခဲ့သည်။ ( Alliance Francaise – အာလီယွန်ဖွန်ဆဲဇ်) ကျောင်းတွင် ပထမတက်ခဲ့ပြီးနောက် ( Sorbonne – ဆော်ဘွန်း) တက္ကသိုလ်တွင် စာပေရေးရာ မဟာဌာနသို့ တက်ရောက်ခဲ့သည်။ ၁၉၅၃ ခုနှစ် သြဂုတ်လတွင် ဦးကျော်ငြိမ်း ဦးဆောင်သည့် စစ်မစ်ရှင်အဖွဲ့ နှင့် သွားရောက်တွေ့ဆြုံ့ပီး ဦးကျော်ငြိမ်းနှင့်အတူ ယူဂိုဆလားဗီးယားနိုင်ငံ ဒုတိယသမ္မတ မီလိုဗန်ဂျီးလပ်စ်နှင့် တွေ့ဆုံခွင့်ရခဲ့သည်။ စီးပွားရေးနဲ့. နိုင်ငံရေးပေါ်လစီတွေ ချမှတ်ကျင့်သုံးတဲ့ အခါမှာ လက်တွေ့ ဘဝက ညွှန်းတဲ့မလွဲမသွေ လုပ်ရမယ့်အကြောင်းတရားများဟာ သီဝရီစာအုပ်က အညွှန်းထက်ပို၍ မှန်ကန်တယ်။ အဲဒါကို ကိုယ်ပိုင်ဥာက်ဖြင့် ချင့်ချိန် ဆုံးဖြတ်ပါ ဟု ဂျီးလပ်စ်ပြောခဲ့သည့် တန်ဖိုးရှိသော စကားတစ်ရပ်အဖြစ် မှတ်သားခဲ့ကြောင်း ရေးခဲ့ပါသည်။

၁၉၆၂ ခု မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်နေဝင်း ၏ ညွှန်ကြားချက်အရ ဗမာနည်းကျသော ဆိုရှယ်လစ် ဝါဒ စာတမ်းကိုပြု စုခဲ့သည်။ လူနှင့် ပတ်ဝန်းကျင်တို့၏ အညမညသဘောတရား ၊ လူတို့၏ ကုန်လုပ်ဆက်ဆံရေး သမိုင်းကျမ်းကို ပြုစုရေးသားခဲ့သည်။ တော်လှန်ရေးကောင်စီက ဖွင့်လှစ်သော ဗဟိုနိုင်ငံရေးကျောင်းတွင် နည်းပြချုပ်အဖြစ် ၁၉၆၃ ခုနှစ် ဇူလိုင်လမှ ၁၉၇၁ ခုနှစ် ဒီဇင်ဘာလအထိ ဆောင်ရွက်ခဲ့သည် မောင်ချစ်လှိုင်အမည်ဖြင့် ပုထုဇဉ်၏လောကအမြင် စာအုပ်၊ ကိုကိုမောင် အမည်ဖြင့် ပါရီတွင် သောင်တင်ခဲ့စဉ်က ( မဂ္ဂဇင်းအခန်းဆက်ဝတ္ထုရှည်) ၊ အာကာကို လွှာပုံပြုပါလို့ ၊မဟာအချစ်ခရီးသည်၊ မိုးပြာရောင်အိပ်မက်များ၊ လေးစားအပ်သော လစ်ဇီ ( ပြင်သစ်ဘာသာပြန်) တို့ကို ရေးသားထုတ်ဝေခဲ့ပြီး သတင်းစာတွင် အခန်းဆက်ဆောင်းပါးရှည်များအဖြစ် ပဒေသာခေတ်မှာ အသေအချာဖြစ်မှာ ၊ ဆိုရှယ်လစ်ဝါဒအခြေခံများ ၊ တွေဝေခေတ်မှ လွတ်မြောက်ခြင်း တို့ကို ရေးသားခဲ့သည်။ မောင်ချစ်ကြည် အမည်ဖြင့်လည်း မဂ္ဂဇင်း၊ ဆောင်းပါး ၊ ဝတ္ထုတို့ကို ရေးသားခဲ့သည့်အပြင် သူရဇ္ဇမဂ္ဂဇင်းတွင်လည်း မောင်ပျော့ပြောင်း အမည်ဖြင့် ဘာသာရေးဆောင်းပါးများစွာ ရေးသားခဲ့သည်။

ဆရာသည် နောင်တွင် ကိုကိုမောင်ကြီး အမည်ဖြင့် ကျနော်သိသော တရံရောအခါများ ( ၂၀၁၁ အမျိုးသားစာပေဆု) ၊ ပြောမဆုံးနိုင်သော နိုင်ငံရေးအကြောင်း ( ၂၀၁၂) ၊ ရှေ့ကိုလျှောက်ပါလို့ နောက်ကိုတဲ့ မျှော်လိုက်ရင် ၂၀၁၃ တို့ကို ရေးသားထုတ်ဝေခဲ့သည်။

ဆရာသည် ၂၀၁၈ ခုနှစ် မတ်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၅၀ တွင် ရန်ကုန်မြို့၌ ကွယ်လွန်အနိစ္စရောက်ခဲ့ပါသည်။

 

 

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts