ဗိုလ်ထက်မင်း မှတ်စုမှတ်တမ်း

ဗိုလ်ထက်မင်း – ဗိုလ်ချုပ်မှူးကြီးနဲ့ အမှတ်မထင် ဆုံခဲ့ရ၊ ကြားခဲ့ရစဉ်က – အပိုင်း ၁

Photo – Irrawaddy News

ဗိုလ်ထက်မင်း –  ဗိုလ်ချုပ်မှူးကြီးနဲ့ အမှတ်မထင် ဆုံခဲ့ရ၊ ကြားခဲ့ရစဉ်က – အပိုင်း ၁
(မိုးမခ) မတ် ၂၇၊ ၂၀၁၈

စာရေးသူရဲ့ ရင်ထဲက ဝေဒနာ
၁။ စာရေးသူအား မိတ်ဆွေတချို့က လူအများ မသိကြသေးတဲ့ စိတ်ဝင်စားတဲ့ လူမှုမီဒီယာမှာ ရေပန်းစားနေတဲ့ အတွင်းရေး ဇာတ်လမ်းများ၊ ကိုယ်တွေ့ဖြစ်စဉ်တွေရေးဖို့ တိုက်တွန်းလာပါတယ်။ ယခင် ဆောင်းပါးတွေပါ နိုင်ငံရေး၊စစ်ရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြား မကွဲအက်ရေး ဝေဖန် ရေးသားချက်တွေကိုတောင် လုပ်ဖေါ်ကိုင်ဖက်များတချို့က အမြင်ကွဲလွဲမှုမှသည် အမြင်မကြည်လင်မှူ ဆီသို့ ဦးတည်သွားကာ ဖေ့ဘုတ်ကိုပင် ဘလော့လိုက်ရသည်အထိ ပြုလုပ်ခဲ့ရပါတယ်။ အလားတူ ယခုရေးတော့မည့် ကိုယ်တွေ့ဖြစ်စဉ်တွေမှာလည်း တပ်မတော်အတွင်း သဘောထားတင်းမာသူ  အစွန်းရောက်အမြင်ရှိသူများကြောင့် စာရေးသူနဲ့ပတ်သက်ခဲ့တဲ့ တပ်နဲ့ လူပုဂ္ဂိုလ်အရာရှိ၊ အဖွဲ့အစည်း၊ ရပ်ရွာအမည်များ အရပ်သားတွေရဲ့ ဂုဏ်သိက္ခာနဲ့ လုံခြုံရေး ထိခိုက်နိင်တာမို့ တချို့နေရာတွေမှာ ချန်လှပ်ထားမည်ဖြစ်ရာ စာဖတ်သူတို့ နားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ တချို့ဖြစ်စဉ်စိန်ခေါ်မှုတွေဟာ ကျောင်းတော်ကြီးက ပို့ချပေးလိုက်တဲ့ နည်းဗျူဟာ၊ သင်ခန်းစာအတိုင်း မဟုတ်ဘဲ အခြေအနေပေးလာတဲ့ အပေါ်မူတည်ပြီး မီးစင်ကြည့်ကရတာမို့ သည်းထိတ်ရင်ဖို ကြုံသလိုဖြေရှင်းကျော်ဖြတ်ရတာလည်းရှိပါတယ်။

ဆုံခဲ့ရ၊ကြားခဲ့ရ၊ကြုံတွေ့ခဲ့ရ အဓိပ္ပါယ်ဖွင့်ဆိုချက်

၂။ စာရေးသူ တပ်မတော်သားဘ၀ တာဝန်ထမ်းဆောင်ခဲ့စဉ်က အမှတ်တရ ကြုံတွေ့ခဲ့ရတဲ့  စစ်ဖက် နယ်ဘက် အကြီးအကဲများ၊ စစ်အာဏာရှင်များ၊ တိုင်းရင်းသားများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ ထိတွေ့ဆက်ဆံမှု ဖြစ်စဉ်များ၊ တိုက်ပွဲများ၊ ကန့်လန့်ကာ ဇာခန်းဆီးနောက်ကွယ်မှ ဇာတ်လမ်းများ၊ မထင်မှတ်တဲ့ စိန်ခေါ်မှုများကို အလျဉ်းသင့်သလို တင်ပြပေးသွားပါ့မယ်။ ဒီလိုရေးသားတင်ပြရမှာ ထိပ်သီးစစ်အာဏာရှင်များနဲ့ထိတွေ့ဆက်ဆံရတဲ့ စစ်ဦးစီးပိုင်း Staff ဖြစ်စဉ်နဲ့Field  Ground စစ်မြေပြင်မှာ ကြုံတွေ့ရတဲ့ ဖြစ်စဉ်တွေကို မငြီးငွေ့ရလေအောင် တလှည့်စီတင်ပြပေးပါမယ်။

တဖန် တချို့စာဖတ်သူများက နားလည်မှုလွဲမှားနိုင်တာမို့ ဖြစ်စဉ်တွေကို အုပ်စု (၃) အုပ်စု ခွဲပြီးဖေါ်ပြပါမယ်။ “ကြားခဲ့ရ” အုပ်စုဟာ ပတ်သက်တဲ့ တပ်ပိုင်းလူကြီးအချို့ကို နဖူးတွေ့ဒူးတွေ့ မကြုံတွေ့ရလို့ မသေချာဖူးလို့ထင်ရပေမဲ့ ယုံကြည်စိတ်ချရလောက်သည်အထိ (သက်သေ) ကိုယ်ရေးအရာရှိ၊ PA/PSO Staffs နဲ့ လူကြီးအသိုင်းအ၀ိုင်းအမျိုးတွေဆီက ခိုင်လုံဖွယ် ဖြစ်နိုင်တယ်ဆိုတဲ့ လက်ခံပေးလို့ ရတာကြောင့် တချို့ဖြစ်စဉ်တွေကို “ကြားခဲ့ရ” ဆိုတဲ့ အုပ်စုထဲမှာ ထည့်ပြီး ရေးသားသွားပါမယ်။ အလားတူ စာရေးသူ မြင်တာက “ဆုံခဲ့ရ” ဆိုတဲ့ စကားလုံးဟာ လူကြီးတစ်ဦးဦးနဲ့ လမ်းခုလတ် တနေရာရာမှာ လုပ်ငန်းလိုအပ်ချက်အရ အမှတ်မထင် တွေ့ဆုံတာဖြစ်ပြီး “ကြုံတွေ့ရ”စကားလုံးကတော့ လူကြီးရဲ့ကွပ်ကဲမှုအောက်မှာ ထဲထဲဝင်ဝင် လုပ်ဆောင်ပေးရလို့ သုံးနှုံးတယ်လို့ မြင်ပါတယ်။

၃။ ဒါကြောင့် တာထွက်ကောင်းကောင်း စိတ်ဝင်စားဖွယ်ရာဖြစ်စဉ်အနေနဲ့ လူတချို့က ရူးသွားတယ်လို့သံသယ ရှိကြတဲ့ ဗိုလ်ချုပ်မှူးကြီး စောမောင်ဟာ တကယ်ဘဲ ရူးသွားပြီလား ဆိုတဲ့ ဖြစ်စဉ်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အမှတ်မထင်ဆုံခဲ့ရတဲ့ ဖြစ်စဉ်၊ သမ္မတဟောင်း ဗိုလ်ချုပ်ကြီး ဦးသိန်းစိန်(ငြိမ်း) စစ်ရုံးရှိစဉ်က အမှတ်မထင်ဆုံခဲ့ရတဲ့ ဖြစ်စဉ်တွေကို တင်ဆက်သွားပါမယ်။

နတလ ဘယ်က စ

၎။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တပ်မတော်က နိုင်ငံတော်အာဏာသိမ်းပိုက်ပြီးတဲ့နောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲများနဲ့ အပစ်ရပ်စဲရေးလုပ်လိုက်ပြီး နယ်စပ်ဒေသ တိုင်းရင်းသားများလူနေမူဘ၀ တိုးတက်ဖွံဖြိုးရေးအတွက် ဥက္ကဌ – ဒုတပ်ချုပ် နဲ့ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ ၀န်ကြီးများပါဝင်တဲ့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဖွဲ့စည်းခဲ့ပါတယ်။ ဗဟိုကော်မတီက ချမှတ်ပေးလိုက်တဲ့ မူဝါဒများကို အကောင်အထည်ဖေါ်နိုင်ဖို့ တိုင်းရင်းသားလူမျိုးများဖွံဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ( နတလ)ကို ဥက္ကဌ -အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ခင်ညွှန့်နဲ့ ဒုဥက္ကဌ- အတွင်းရေးမှူး (၂) ဗိုလ်ချုပ်တင်ဦးတို့ ဦးစီးတဲ့ နယ်မြေခံ တိုင်းမှူးများနဲ့ ပါဝင် ဖွဲ့စည်းကာ အတွင်းရေးမှူးအဖြစ် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန်တာမို့ အစိုးရရုံးတွေရဲ့ ဆရာ့ဆရာကြီး (ယခင် နိုင်ငံတော်ကောင်စီရုံး) န၀တ ရုံး ညွှန်ကြားရေးမှူးချုပ်က ကိုင်တွယ်ပါတယ်။

နောက်ပိုင်း အလုပ်တွေ မနိုင်တာမို့ အတွင်းရေးမှူး (၂) ဗိုလ်ချုပ်တင်ဦး ခရီးစဉ်ကိစ္စတွေမှာ ဖိဖိစီးစီးကိုင်နိုင်ဖို့ အထူးအရာရှိ ဒုဗိုလ်မှူးကြီးသန်းတင် ရုံးအဖွဲ့သီးခြားထပ်ဖွဲ့ပြီးတွဲပေးလိုက်သလို နတလ စစ်ဦးစီးမှူး (ပထမတန်း) ရာထူး ကို ကကကြည်းမှ ဒုဗိုလ်မှူးကြီးသိန်းဟန်က သီးခြားကိုင်လာပါတယ်။

၎။ အတွင်းရေးမှူး(၁) (၂) နယ်စပ်ခရီးစဉ်တွေမှာ လုပ်ငန်းလိုအပ်ချက်အရဖြစ်ဖြစ်၊ စည်းရုံးရေးအရ ဖြစ်ဖြစ်၊ နယ်ခံတွေကတောင်းဆိုလို့ဘဲ ဖြစ်ဖြစ်၊ နယ်စပ်ဒေသက တိုင်းရင်းသားများကို န၀တက ဖိတ်ကြားပြီး ရန်ကုန်ကို လေ့လာရေးလာပါတယ်။ န၀တညွှန်ချုပ်တွေဆိုရင် ၀န်ကြီးဌာနတွေရဲ့ ဦးဆောင်ညွှန်ကြားရေးမှူးနဲ့ ညွှန်ကြားရေးမှူးချုပ်တွေကို တိုင်းရင်းသားဒေသကိစ္စ လုပ်ပေးခိုင်းရာ သူတို့ဝန်ကြီးဆီက အတည်ပြုချက်ရယူချင်သေးလို့ စောင့်ဆိုင်းစေချင်ပေမဲ့ အချိန်ကြာတယ်ဆိုပြီး ကလေးလေးလို ငေါက်ငမ်း မာန်မဲနေတယ်လို့ ယုံကြည်စိတ်ချရတဲ့ သတင်းရပ်ကွက်က ကြားခဲ့ရ ပါတယ်။

စတန့်မင်းသား ဆက်ဆံရေးအရာရှိ (Liaison officer) ဘဝ

၅။ စာရေးသူက ဆက်ဆံရေးအရာရှိအဖြစ် တာဝန်ယူရလို့ န၀တရုံးညွှန်ချုပ်များ (ဦးကျော်အေးနဲ့ ဒုဗိုလ်မှူးကြီး ဖေငြိမ်း)၊ ညွှန်ကြားရေးမှူး ဦးမြသိန်း၊ အထူးအရာရှိ ဒုဗိုလ်မှူးကြီးသန်းတင်၊ နတလရုံး
နဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်စစ်ဦးစီးမှူး (ပထမတန်း)တို့နဲ့တိုက်ရိုက်သတင်းပို့ဆောင်ရွက်ရပါတယ်။

တကယ်တော့ ဆက်ဆံရေးအရာရှိဆိုတာက ခိုင်းနွားတစ်ကောင်သာဖြစ်ကာ ဌာနပေါင်းစုံ၊ အရာရှိများနဲ့ နပမ်းလုံးရတဲ့ ဘ၀၊ မချိတင်ကဲအပြုံး၊ မချိုမချင်အပြုံး၊ မဲ့အပြုံး၊ မျက်နှာတခုလုံး ပြုံးပန်းမျိုးစုံတွေ ဝေအောင် မျက်နှာကို စပရိန်မျက်နှာနဲ့ သွားတွေ အအေးပတ်ရုံတမယ် ဖြဲပြနေရသလို လူတကာက  မိမိရုံးကိစ္စ အလိုလိုက်လာအောင် သနားခံလိုတမျိုး၊ ညည်းပြငိုကြွေးရုံ တမယ်၊ စိန်ခေါ်မှု ဖြစ်လာပါကpower weight လူကြီးအမည်ယူသုံး ဟိန်းဟောက် ဘီးလူးလိုပုံဖမ်း၊ သံစဉ်မျိုးစုံနဲ့ အသုးံတော်ခံနေရတာဖြင့် ကြိုးတန်းပေါ် လမ်းလျှောက်နေရတဲ့ အကယ်ဒမီမရတဲ့ အစားထိုးစတန့်မင်းသား ဖြစ်နေကာ  ပခုံးပေါ်က ကြယ်ပွင့်တွေ အချိန်မရွေး ပြုတ်ကျနိုင်တဲ့ ရာထူးနေရာ (ယခင်ဆက်ဆံရေး အရာရှိ မြန်မာ့ရုပ်မြင်သံကြားက သတင်းလွှင့်ချက်တခုမှာ အနေထိုင်မတတ်တာ ပါလာလို့ ဖယ်ရှားခံရ) ဖြစ်ပါတယ်။

တိုင်းရင်းသားများအား ကြိုဆိုနေရာချထားရေး အစီအစဉ်

၆။ တိုင်းရင်းသားများအား မင်္ဂလာဒုံ ခရေပင်လမ်းခွဲ ရန်ကုန်တိုင်းစစ်ဌာနချုပ် စုပေါင်းရိပ်သာမှာ နေရာချထားပြီး ဧည့်ခံကျွေးမွေးရေးကို ရန်ပုံငွေတောင့်တင်းတဲ့ သူဌေးတပ်များဖြစ်တဲ့ ပထပ၊ ထပရ (၁၂၁)၊ CAD တို့က အလှည့်ကျ ကျွေးမွေးကာ အားလုံးပြီးပါက ပြေစာနဲ့တကွ စိုက်ထားတာတွေကို န၀တကိုတင်ရင် ဖြတ်ငွေမရှိဘဲ ချပေးပါတယ်။ လေ့လာရေးမှာ ပြင်ပကကျွေးရင် ညှိပေးရတယ်။ လုံခြုံရေးကို မင်္ဂလာဒုံရဲက တာဝန်ယူရပြီး လူကြီးတွေလာရင်တော့ တပ်က ၀ိုင်းရံပေးပါတယ်။ တိုင်းရင်းသားတွေ ရန်ကုန်မြို့တွင်း ခရီးစဉ်အတွက် မတယ(၁) က ကားများ စီစဉ်ပေးရပြီး ရန်ကုန်တိုင်းရဲရုံးက ရှေပြေးမော်တော်ဆိုင်ကယ် ပွိုင့်လမ်းရှင်းတစီးနဲ့ အနီးကပ် လုံခြုံရေးရဲ ၀ါယာလက်ကား ထိပ်နီတစီး ပါပါတယ်။ သူတို့အိပ်ဆောင်တွေ အိပ်ရာအခင်းအကျင်းကို စနရ (၂) က စောင်၊ မွှေ့ယာ၊ ခြင်ထောင် လာခင်းပေးကာ ဆက်သွယ်ရေးက pc တလုံးမှ ၃လုံးထိ လာတပ်ပေးပါတယ်။ ကျန်မားရေးအတွက် မင်္ဂလာဒုံ စစ်ဆေးရုံကြီးက ကားတစီးသူနာပြုအဖွဲ့နဲ့ လိုအပ်ရင် ဆရာဝန် ပါလာပါတယ်။ ရေ၊ မီး၊ စားပွဲ၊ ထိုင်ခုံ၊ မီးချောင်းစတဲ့ အုပ်ချုပ်မှူ အ၀၀ အသေးစိတ်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ် (စစ်ထောက်) ဌာနတွေက သူဌေးတပ် G.E ကို ညှစ်ပြီးလုပ်ခိုင်းပါတယ်။

တိုင်းရင်းသားတွေ ဘယ်နေရာတွေကို သွားကြတာလဲ

၇။ တိုင်းရင်းသားအဖွဲ့တွေကို အများအားဖြင့် မြန်မာ့ရုပ်မြင်သံကြား တီဗီရီုက်နေပုံ၊ သုဝဏ္ဏအားကစားကွင်း (အား/ကာ) မှ သိုင်းသရုပ်ပြကွက်၊ ပြည်သူဥယျာဉ်၊ နက္ခက်တာရာပြခန်း၊ (ငါးနဲ့အမျိုးသား) ပြတိုက်၊စစ်သမိုင်းပြတိုက်၊ သိမ်ကြီးဈေးကုန်တိုက်၊ ဗိုလ်ချုပ်ဈေး၊ ကန်တော်ကြီး မြေပဒေသာကျွန်း၊တိရစ္ဆာန်ရုံ၊ သံလျှက်စွန်း ရေတပ်စခန်း ဌာနချုပ်၊ ရွှေတိဂုံဘုရား၊ ဗိုလ်တထောင်ဘုရား၊ ဒဂုံမြို့သစ်စီမံကိန်း၊ သတင်းစာတိုက်များ စတာတွေ ပါပါတယ်။ ဒါဟာလည်း အကုန်လုံးမဟုတ်ဘဲ လူကြီးလိုလားချက်နဲ့ သူတို့တည်းခိုမည့်ရက်ပေါ် မူတည်ပြီး လမ်းကြောင်းဆွဲရသလို သူတို့ အခြားသွားချင်တဲ့ နေရာတွေကိုလည်း ခရီးစဉ်ထည့်ဆွဲကာ ပို့ပေးရတာမျိုးလည်း ရှိပါတယ်။ ခရီးစဉ်ကို န၀တက အတည်ပြုလိုက်ရင် သတင်းထုတ်ဖို့ ရုပ်မြင်သံကြားအဖွဲ့အတွက် ပြန်ကြားရေးဝန်ကြီးဌာန အပါအ၀င် သွားရောက် လည်ပတ်မည့် နေရာတွေမှာ သက်ဆိုင်တဲ့ ၀န်ကြီးဌာန၊ လုပ်ငန်းတွေနဲ့ လုံခြုံရေးအတွက် စစ်ဒေသတွေကို အကြောင်းကြားစာ ထုတ်ရပါတယ်။

စာရေးသူ တိုင်ပတ်သမျှ

၈။ အဲဒီစာမှာ စာရေးသူ ဖုံးနဲ့အမြှပ်ထွက်မတတ် ဘယ်သူက ကြိုမှာလဲ၊ ဘာတွေပြပြီး ဘယ်လောက် ကြာမှာလဲ၊ နောက်ခရီးစဉ်အရ ချိတ်တာ မှီပါ့မလား။ သူတို့က ဧည့်ခံကျွေးမွေးရင် ဘယ်လို အနေအထားနဲ့လုပ်မှာလဲ၊ အထိမ်းအမှတ်အလံ ပေးမှာလား၊ ဌာနအကြီးအကဲက မိန့်ခွန်းချွေဦးမှာလား၊ အိမ်သာကော ဘယ်မှာလဲ၊ ကားတွေရပ်ဖို့နေရာ သီးခြားလုပ်ပေးနိုင်မလား စသဖြင့် စိန်ခေါ်မှု
နဲ့ ပြသနာပေါင်း သောင်းခြောက်ထောင်ကို ကမ္ဘာကုန်ကျယ်သရွေ့ တိုင်ပတ်နေရပါတော့တယ်။

တိုင်းရင်းသားတွေဟာ မျိုးစုံဖြစ်ကာ မိမိမရောက်ဖူးတဲ့ဒေသကလာရင် သူတို့ရဲ့အထာကို အနီးကပ် လေ့လာရပြီး ရေမြေဒေသအဝေးကလာလို့ ဖျားနာတာရှိရင် ပူပန်ရသလို သူတို့ရဲ့ဆွေမျိုးများ လာရင်လည်း အကန့်အသတ်နဲ့ ချိတ်ဆက်ပေးရပါတယ်။ စိန်ခေါ်မှုတွေ အများကြီးထဲက မိုးကြိုးပစ်ခံရတဲ့ ဖြစ်စဉ် နမူနာတခုကို ထုတ်နှုတ်တင်ပြရရင် တိုင်းရင်သားတဖွဲ့က သမီးပျိုတွေဟာ သူတို့
ထမီတွေ လှမ်းခဲ့ပြီး လေ့လာရေးခရီးစဉ် ပြန်ရောက်ချိန်မှာတော့ ဘုမသိဘမသိ ငတက်ဖြားသူခိုးက အဆောင်ထဲဝင်ခိုးခဲ့ရုံအားမရဘဲ ထမီပါ အဆစ်ဆွဲသွားလို့ ငိုယိုကာ မိုးကြိုးပစ်ပါတော့တယ်။

စာရေးသူလည်းခေါင်းနပမ်းကြီးပြီး လူကြီးစစ်ဦးစီးမှူး (ပထမတန်း)ထံ မဖြစ်မနေ သတင်းပို့လိုက်ရာ ဒေါသူပုန်ထကာ သူက “ အေး … မင်း အခုချက်ခြင်း မင်္ဂလာဒုံရဲမြိုနယ်မှူး၊ စခန်းမှူးကို ဆက်စမ်း၊ ၂၄ နာရီ အတွင်း ခိုးသွားတဲ့ပစ္စည်းကို ပြန်လိုချင်တယ်။ မရရင် သူတို့ကို ရဲသင်ချိုင်း ဖါးပွန်၊ ပူတာအိုကို ပို့ပစ်မယ်၊ ကျောပိုးအိတ် ပြင်ထားခိုင်း၊ ရဲချု့ပ်ကို စာကြမ်းရေးထားမယ်။ ဖုံးလည်း ဆက်မယ်၊ ပစ္စည်းပြန်ရတာနဲ့ ငါအိပ်နေပါစေ၊ ဖုံးဆက်ပါ။ သတင်းပို့။ အမိန့်တော်”လေသံပြင်းပြင်းနဲ့ ဆိုပြီး ဖုံးချသွားပါတယ်။

စာရေးသူလည်း သူတို့ဆီဖုံးဆက်ရာမှာ ပျာယာခပ် တုန်လှုပ်သွားပါတယ်။ သူတို့က ဈေးဆစ်ပါတယ်။ “ရဲချုပ်ကပို့ရင် ရာထူးတဆင့်လျှော့ သမပြီးမှ လွှတ်ထည့်မှာလေ၊ ကယ်ပါဦးဗျာ။ အမှုထဲမှာ သူခိုးအမှု
က အခက်ဆုံးပါ။ တကယ်လို့ သူခိုးဖမ်းမမိရင် ဒီပစ္စည်းတွေ ၀ယ်ထည့်ပေးလိုက်ရင် မရဖူးလား၊ ဒီသူခိုးကို နောက်မှ စိမ်ပြေနပြေ လည်လှီးသတ်မယ်။ ဒုက္ခတော့ ရောက်ကုန်ပြီ”

“ ခက်တာက ကျနော့်ပစ္စည်းမဟုတ်ဖူး၊ ကလေးမတွေက တော်ကြာ သူတို့အမွေရပစ္စည်းဆိုမှ ခက်ကုန်မယ်၊ ကျနော် အတတ်နိုင်ဆုံး စည်းရုံးကြည့်ပါမယ်။ အာမတော့မခံဖူး၊ သူခိုးဖမ်းတာ မလုပ်ရင် အားလုံး သိက္ခာကျကုန်မယ်။ ခိုးသွားတာက သိပ်တော့ မကြာလောက်သေးဖူး။ ကွမ်းယာဆိုင်က တွေ့လိုက်တယ်လို့ပြောတယ်။”

ဒီလိုဖြင့် မင်္ဂလာဒုံရဲတပ်ဖွဲ့ကြီးကို စိန်ခေါ်သွားတဲ့ သူခိုးကြောင့် ရဲတွေ ဘာအလုပ်မှ မလုပ်တော့ဘဲ သူခိုးဖမ်းပွဲကြီး ဘေးနံ အင်းစိန်ရဲတွေပါ မနေရဘဲ ညပါ ပိတ်ဆို့ ရှာဖွေကြရာ သူခိုးခမျာ ငွေပြတ်နေတာ ငွေပေါ်ချင်တာနဲ့ မအောင့်အီးနိုင်ဘဲ ဈေးကဆိုင်တဆိုင်မှာ ပစ္စည်းလာရောင်းတာနဲ့တိုးပြီး ဖမ်းမိသွားပါတယ်။ ထမီထုပ်ပိုက်ထားတဲ့ ပစ္စည်းတွေကို ရဲမှူးနဲ့ စခန်းမှူးဟာ ဇောချွေးတွေပြန်ပြီး ၀မ်းသာအားရ လာပေးရှာတယ်။ စာရေးသူတစ်ယောက် တညလုံးမအိပ်ရဘဲ ဖယောင်းတိုင်ထွန်း (သူခိုးကို မိအောင် ဖေါ်တဲ့ ရုက္ခစိုးမှော်နည်း) ဆရာပင့် ဆုတောင်းပေးတာကြတော့ ဘယ်သူ့မှ မသိလိုက်ရတာမို့ သောကတောင်တန်း နေကြယ်တွေသန်းလို့ဘဲ ဆိုလိုက်ချင် ပါတော့တယ်။

တခါတုံးကလည်း တဖွဲ့လာခါနီးချိန်မှာ ရိပ်သာရောက်ချိန် စာထုတ်ထားတာတောင် ဘာမှပြင်ဆင်မှူ  မလုပ်ရသေးလို့ မျက်လုံးပြူးကာ စစ်ဦးစီးမှူး (ပထမတန်း) G 1 ကြီးထံ ငိုပြ တိုင်တန်းလိုက်တာကြောင့် သူက စိတ်ဆိုးပြီး သက်ဆိုင်တဲ့ အရာရှိတွေကို ကြိမ်းမောင်းလွှတ်လိုက်ရာ အဲဒီအရာရှိတွေက  နောင်တော် စီနီယာဖြစ်နေတာမို့ သွား ၃၂ ချောင်းလုံး အဧပတ်အောင် ပြုံးပြရပါသေးတယ်။ တပ်မှူးအချို့က စာရေးသူကို တွေ့တိုင်း “ယောင်းမ”ပြေးကိုင် ရမလို၊ ခြေမကိုင်မိ လက်မကိုင်မိဖြစ်တယ်လို့ စကားနာ ထိုးလို့ မချိုမချင် မျက်နှာလေး နေပေးလိုက်ရပါတယ်။ ပြောတာများလာတော့ စာရေးသူက  မလုပ်ချင်ဖူးလို့ တိုင်လိုက်ရ မလား အတည်လိုလိုပြောလိုက်ရုံနဲ့ တပ်မှူးတွေက နောက်တာပါဆိုပြီး ကျောလာပွတ်ကာ လျှော့ချလိုက်ပါတယ်။ သူတို့ကို တိုင်းရင်သားတဖွဲ့က စားသောက်တာ အဆင်မပြေတာ တင်ပြလာလို့ချောက်ကျ မိုးမီးလောင်မည့်အရေး စာရေးသူကယ်ခဲ့ရတဲ့ဖြစ်စဉ် ဒီဆောင်းပါးနောက်ပိုင်းမှာ တင်ပြပေးသွားပါ့မယ်။
(ဆက်လက်ဖော်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts

One thought on “ဗိုလ်ထက်မင်း – ဗိုလ်ချုပ်မှူးကြီးနဲ့ အမှတ်မထင် ဆုံခဲ့ရ၊ ကြားခဲ့ရစဉ်က – အပိုင်း ၁
  1. အမှန်တွေကိုဖော်ပြပေးတဲ့ အတွက်အရန်းအကျိုးရှိပါတယ်။
    ပြည်သူများပိုသိဖို့ လိုအပ်ပါတယ်။ လူတစ်စုရဲ့ အတွက်ကြောင့်သာတိုင်းပြည် ဆုံးရှုံးနေတာပါ။ တိုင်းရင်းသားများလည်း အရမ်းငြိမ်းချမ်းစေချင်ပါပြီ။

Comments are closed.