Yan Naung (Bo Ta Htaung) စာအုပ်စင် ဓာတ်ပုံသတင်း

ထိုက် ၏ ပြန်မြင်မိသော ပုံရိပ်အပိုင်းအစများစာအုပ် မိတ်ဆက်

 

ထိုက် ၏ ပြန်မြင်မိသော ပုံရိပ်အပိုင်းအစများစာအုပ် မိတ်ဆက် 
ရန်နောင်(ဗိုလ်တထောင်)၊ မိုးမခ၊ မတ် ၂၆၊ ၂၀၁၈

ရန်ကုန် မတ် ၂၄။ မြန်မာ့သတင်းစာလောကနှင့် စာပေလောကတွင် အောင်မြင်ထင်ရှား ကျော်ကြားပြီး မြန်မာ့နိုင်ငံရေးလောကတွင်လည်း ထင်ရှားသည့် နိုင်ငံရေး ခေါင်းဆောင်တစ်ဦးဖြစ်သည့် သတင်းစာဆရာ၊စာရေးဆရာ မောင်ဝံသ ( ခ) ဦးစိုးသိမ်း နှင့် ဇနီးဒေါ်မြင့်မြင့် ( ဒေါင်းစာပေ) တို့၏ သမီးအကြီးဆုံးဖြစ်သည့် ထိုက် က သူ မှတ်မိသမျှ သူ့ဘဝ၊ သူ့ မိသားစုအကြောင်း ဘဝအတွေ့အကြုံတွေကို ပုံဖော်ရေးသားထားသည့် ပြန်မြင်မိသော ပုံရိပ်အပိုင်းအစများ စာအုပ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းရှိ Orchid Hotel တွင် ယနေ့ နေ့လယ် ၁ နာရီ က ကျင်းပပြုလုပ်ခဲ့သည်။

 

စာရေးသူ ထိုက် အနေနှင့် သူမ ငယ်စဉ်ဘဝ နွေးထွေး ကြည်နူးစရာ မိသားစုဘဝမှုမှစပြီး အရွယ်ရောက်လာချိန်တွင် သူအလွန်ချစ်ခင် ရိုသေလေးစားရသည့် ဖခင်ဆရာမောင်ဝံသ၏ သုံးကြိမ် သုံးခါတိုင်တိုင် ဆယ်စုနှစ် တစ်ခုနီးပါးကြာ နိုင်ငံရေး အကျဉ်းသားဖြစ်ခဲ့သည့် ကာလများမှာ ပြင်ပ လောကတွင် ကျန်ရစ်ခဲ့သည့် မိသားစု များအနေဖြင့် ဘဝရပ်တည်ဖို့ အလွန်ခက်ခဲစွာ ရုန်းကန်ဖြတ်သန်းခဲ့ကြရပုံ စိန်ခေါ်မှု လှိုင်းဂယက်များကြားမှာ ရှင်သန်ဖို့ ကြိုးစားရပုံတွေကို ရေးသားထားသော စစ်အာဏာရှင်စနစ် လက်အောက် နိုင်ငံရေး မိသားစုတစ်စု၏ သရုပ်မှန်မှတ်တမ်းလို့လည်း ဆိုနိုင်သည်။ အဖေချစ် သမီးတစ်ယောက်က သူမြင်မိသည့်အတိုင်း ဖခင် ဆရာမောင်ဝံသရဲ့ ဘဝအဖုံဖုံ ဖြတ်သန်းမှု ပုံရိပ်တွေအပေါ် အဓိက ပုံဖော်ထားသော်လည်း မိသားစုအကြောင်းချည်းပဲ မဟုတ်ကြောင်းကို ဆရာမင်းကိုနိုင်က သူ့အမှာစာတွင်”တကယ်ထတ်ကြည့်လျှင် မိသားစုအကြောင်းချည်းပဲ မဟုတ်ပြန်၊ ထိုင်းနိုင်ငံရှိမြန်မာသံရုံးကို ကျောင်းသားတွေ ဝင်စီးနင်းပြီး ဒေါင်းအလံလွှင့်ထူတာမျိုးလည်း ပါသည်။ သက္ကရာဇ်၂၀၀၀အကုန် Y2K ဝိုင်တူးကေပြသနာမျိုးလည်း မကျန်စေရဆိုတော့ ခေတ်အကြောင်းလည်း ပြောပြနိင်သည့်စာစုများဟုဆိုနိုင်သည်”ဟု သုံးသပ်ပြထားသည်။

ခေတ်ဆိုးတစ်ခတ်ကိုဖြတ်သန်းခဲ့ကြရတဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုတွေရဲ့ ဘဝ၊ မိသားစုတွေ ပြိုကွဲ အခက်အခဲ အတားအဆီး အနှောင့်အယှက် အမျိုးမျိုးကို ရုန်းကန်ရင်ဆိုင်ရပုံတွေကို အခြားသော နိုင်ငံရေးအကျဉ်းသား မိသားစု မြောက်မြားစွာအတွက် ကိုယ်စားပြု ရေးသားထားတာ ဖြစ်လို့ စနစ်ဆိုးတခုကို တိုက်ဖျက်ခဲ့တဲ့ ကာလအတွင်းက နိုင်ငံရေးသမားတစ်ယောက်ရဲ့ နောက်ကွယ်မှာရှိတဲ့ မိသားစုဘဝအပေါ် တန်ဖိုးထား နားလည်ပေးနိုင်စွမ်း ရရှိစေမယ့် စာအုပ်တအုပ်လဲ ဖြစ်ပါတယ် ဟု စာရေးသူ ထိုက် က ပြောပြခဲ့သည်။ ဒီစာအုပ်ပါ အကြောင်းအရာများကို ဖတ်ကြည့်လျှင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်ကို ဖြတ်သန်းနေသော မြန်မာနိုင်ငံအနေဖြင့် ယခုလို အခြေအနေမျိုး ရရှိ ရောက်ရှိစေဖို့အတွက် ဒီမိုကရေစီအရေး လှုပ်ရှားခဲ့ကြသူ ထောင်ပေါင်းများစွာနှင့် ကျောင်းသားကျောင်းသူများ ရဟန်ရှင်လူပြည်သူများ ရှေ့က မားမားမတ်မတ်ရပ်ပြီး ခေါင်းဆောင်မှုပေးခဲ့ကြသူများ စွန့်လွှတ်စွန့်စား အသက်ပေးသွားခဲ့ကြသူများ ရှိခဲ့သည်ဆိုတာ ယနေ့ခေတ်အများပြည်သူများ သိရှိစေနိုင်မှာလည်း ဖြစ်သည်။

နေ့စွဲများ သမိုင်း မှတ်တမ်းအတိအကျများနှင့် ဖော်ပြရေးသားထားသဖြင့် ယနေ့ ခေတ် မျိုးဆက်သစ်လူငယ်များအတွက် ၎င်းတို့ မသိမမီိလိုက်သော ခေတ်တစ်ခေတ်၏ လူမှုပုံရိပ်များကို လေ့လာနိုင်သလို သမိုင်းထဲက သင်ခန်းစာယူချင်သူများ အတွက်လည်း ကျမ်းကိုးသဖွယ် အသုံးဝင်စေမှာ ဖြစ်သည်။ အဆိုပါ စာအုပ်ကို ဒေါင်းစာပေ မှ တန်ဖိုး သုံးထောင်ကျပ်ဖြင့် မြန်မာတပြည်လုံးသို့ ဖြန့်ချိလိုက်ပြီ ဖြစ်သည် ။

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts