ကဗျာ မောင်စွမ်းရည်

မောင်စွမ်းရည် ● တံတားနီ မော်ကွန်း

မောင်စွမ်းရည် ● တံတားနီ မော်ကွန်း
(မိုးမခ) မတ်လ ၁၈၊ ၂၀၁၈

(၁)
ရန်ကုန်တက္ကသိုလ်
စိမ်းစိုလှပ၊ အာရှ ဥယျာဉ်
ကမ္ဘာတခွင်မှာ စာတင် ထင်ရှားခဲ့ပါတယ်။

ရေကန်အသင့်၊ ကြာအသင့်နဲ့
ပင်မြင့်ပင်စောက်၊ ပင်အောက်အခြေ
မောင်တွေ မယ်တွေ၊ ဖော်ရွေ ရယ်ရွှင်
ကြည်လင်သာယာ၊ မြန်မာအနာဂတ်
သားမြတ်သမီးမွန်၊ ကျွန်ခေတ်တော်လှန်
ခံယူခဲ့ကြ သခင်ဘဝဖြင့် လှပသမိုင်း ရှိခဲ့တယ်။

ပိတောက် ကံ့ကော်
အကြော်စကား၊ စိန်ပန်းများနဲ့
နံ့ရှားကြိုင်လွင့်၊ ခါတန်သင့်မှာ
ပွင့်မျိုးစုံဝေဆာ
ကန်ထဲမှာကြာ၊ ကန်ဘောင်မှာ ပိတောက်
လေသင့်ရာ ကြိုင်လှောက်လို့
မိုးသောက်နေဝင်၊ နွေဝင်မိုးကူး
အလှထူးတဲ့ ဒို့နယ်မြေ။

အင်းလျားရတနာ၊ ကန်တော်သာမှာ
ပြာပြာလဲ့လဲ့၊ လှိုင်းဘောင်ဘင် ဖွဲ့တော့ကို
လေအသွဲ့မှာ လှေနဲ့ရွက်လွှင့်
ငှက်သဘင် ငှက်ညီလာ
ဟင်္သာသောင်တင်း၊ ရွှေပိန်ညှင်းတို့
ဖော်ချင်းငယ်ရှာကြ
စာဆိုတွေ ကဗျာသလို့
သာစွငယ် စာမွှမ်း
စာမော်ကွန်းတင်ရတယ်။

(၂)
တနေ့သောအခါ
ကန်လမ်းမှာ ညံကြွက်၊ ချီတက်ကြွေးကြော်
အော်သံတွေ ကြားမိတော့ သွားကြည့်မိတယ်။
ဒီမိုကရေစီ ရရှိရေး …. ဒို့အရေး
စစ်အာဏာရှင် ပြုတ်ကျရေး …. ဒို့အရေး တဲ့။

ကျောင်းသားလေးတွေပါ
ဘာလက်နက်မှမပါ
နို့ဆာသလို ဟစ်ကြွေး
ဒီမိုကရေစီအရေး
ချက်ချင်းပေး ချက်ချင်းပေးလို့
တေးဆိုသလိုနဲ့ အရေးဆိုရင်း လာကြတယ်။

မိဘတွေကိုယ်စား
ပည်သူတွေကိုယ်စား
သားသမီးငယ်၊ လူရွယ်ကလေးများဟာ
ကမ္ဘာမကြေ၊ ဗမာပြေ ဗမာပြေနဲ့
ကမ္ဘာမကြေ သီချင်းကိုလည်း
ရင်းတွင်းလှိုက်ဖို သီဆိုလိုက်ကြတယ်။

သူတို့ရှေ့မှာ
ရင်ဆိုင်လာနေတာ၊ လုံထိန်းတွေပါလား
ဒိုင်းလွှားတွေကိုင်၊ တင်းဘုတ်တွေကိုင်
သေနတ်တွေကိုင်ကာ၊ ချီတက်လာ
ဘယ်ညာ ဘယ်ညာ
စစ်ခွာသံတဖြောင်းဖြောင်း
ကန်လမ်းကြောင်း တုန်ဟည်း
စစ်ဆင်ရေးကြီးလိုပါလား။

သူတို့နောက်မှာ
သံချပ်ကာကားတွေ၊ စစ်ကားတွေ
မီးသတ်ကားတွေ၊ အချုပ်ကားတွေ
တဂျိမ်းဂျိမ်းနဲ့ မြည်ဟိန်းလာတော့တယ်။

(၃)
သူပုန်သူကန်၊ မှုန်ဆန်ရမ်းကား
သောင်းကျန်းသူများ၊ နှိမ်နင်းဖို့ သွားမှာလား
ငါတို့အိုးအိမ်၊ စည်းစိမ်ဥစ္စာ၊ ကာကွယ်ဖို့ သွားမှာလား
ပြည်သူ့စစ်သား၊ ဒို့စစ်သားတဲ့
မြို့ကားလမ်းမှာ ရန်သူရှာတော့
ဘာတွေ သူတို့တွေ့မှာလဲ။

သူတို့တွေ့တာ
ကျောင်းသားတွေပါ။

ဒုတ်တွေ ဓားတွေမပါ
အပ်တို အပ်ကျိုးမပါ
ငြိမ်းချမ်းစွာ၊ စည်းကမ်းရှိစွာ၊ ယဉ်ကျေးစွာ
ဟစ်ကြွေးတေးဆို
လိုချင်သမျှ ဖွင့်ဟကြရုံပါ။

အို…. ဖြစ်ရလေ
ဝေသာလီပြည်၊ ဘီလူးဝင်တာ
ကြားဖူးမှာပေါ့၊
ရိုက်ဟာ နှက်ဟာ၊ ဖမ်းဟာ ဆီးဟာ
တီးဟာ ဆော်ဟာ၊ သတ်ဟာ ဖြတ်ဟာ
ဟစ်ကာ အော်ကာ၊ ဒုတ်စကြာရမ်း
ကြိမ်ဘမ်းနဲ့ ရိုက်
လိုက်ဟာ ပြေးဟာ၊ ကန်ဘောင်မှာက
ကန်ချရေထဲ၊ ဆွဲကြိုးကိုဖြုတ်
နာရီကိုဖြုတ်၊ ဆုပ်ကိုင်ဆံပင်
မြေပြင် ဒရွတ်၊ ကိုယ်ဝတ် စုတ်ပြဲ
သွေးသံရဲနဲ့၊ ကားထဲပစ်တင်
သေရှင်မသိ၊ ညှပ်ပိ မွန်းအိုက်
ငရဲသည်မြေ ဆိုက်ရောက်ပြီ။

(၄)
ကန်ဘောင်စိမ်းလည်း၊ မစိမ်းစွေးနီ
တံတားဖြူလည်း မဖြူသွေးနီ
ကားလမ်းဆီလည်း သွေးညှီရွှဲရွှဲ
အုတ်ခဲ ဒုတ်ကျိုး၊ သံဆူးကြိုးမှာ
ပုဆိုးတစ၊ ထမီစနဲ့
ဖိနပ်ကကျွတ်၊ ဒရွတ်ဆွဲကြောင်းတို့
ယင်လှောင်းစေးကပ်၊ မီးသတ်ပိုက်နဲ့
ပက်လိုက်ဆေးကြော၊ သွေးမျောရေစီး
နီပြီးနီကာ၊ မြန်းခဲ့ပြီ။

တံတားဖြူက၊ မဖြူနီစွေး
သွေးသမိုင်းကို
သမိုင်းပညာရှင်၊ မော်ကွန်းတင်လော့
ရေပြင်အားလျား၊ ငွေလှိုင်းကြားမှာ
သွေးများ ပျော်ဆင်းခဲ့ပါပြီ။

မိခင်လဲငို၊ ဖခင်ငိုခဲ့
ဆရာလဲငို၊ တပည့်ငိုခဲ့
မြေပြင်လဲငို၊ ရေပြင်ငိုခဲ့
ယိုစီးမျက်ရည်၊ တံတားနီက
တည်လော့သက်သေ
မကျေဥဒါန်း
အောင်ဆန်း အောင်ကျော် သိစေသတည်း။    ။

မောင်စွမ်းရည်
၁၂၊ ၃၊ ၂၀၀၃။
သစ္စာ တော်လှန်ရေး စာပေမဂ္ဂဇင်း
အမှတ် ၉၊ မေလ ၂၀၀၆ မှ ပြန်လည်ကူးယူဖော်ပြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts