ရသဆောင်းပါးစုံ မောင်စွမ်းရည်

မောင်စွမ်းရည် ● ရာပြည့်ပွဲများ

မောင်စွမ်းရည် ● ရာပြည့်ပွဲများ
(မိုးမခ) မတ်လ ၁၆၊ ၂၀၁၈

ကျွန်တော်ကြားသိ၊ ကြုံတွေ့လိုက်ရတဲ့ ရာပြည့်ပွဲတွေကို စာရင်းလုပ်ကြည့်တာပါ။ ကျွန်တော့်အသက်ကာ ၈၀ ကျော်ပါ။ သက်တမ်း ၈၀ အတွင်း ”ရာပြည့်” သွားတဲ့ပုဂ္ဂိုလ်တွေ၊ ဖြစ်ရပ်တွေ အများကြီးရှိမှာပါ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းလို ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီး အသက် ၁၀၀ ပြည့်သွားတာမျိုး။ မန္တလေးမြို့ကြီး အသက် ၁၀၀ ပြည့်သွားတာမျိုး စသဖြင့် ကြီး ကျယ်တဲ့ ဖြစ်ရပ်ဖြစ်စဉ်တွေဟာ နှစ်ပေါင်း ၁၀၀ အတွင်း၊ အမှု ၁၀၀ မက ရှိမှာပါ။ တချို့လည်း ပြည်လုံးကျွတ်ပွဲကြီးတွေ ကျင်းပဖြစ်ကြပြီး တချို့လည်း ဒေသအလိုက် ကျင်းပဖြစ်ကြတာတွေလည်းရှိပါတယ်။ ကျွန်တော့်အဖို့ ကြုံလိုက်ရတာလည်းရှိ၊ မကြုံလိုက်လိုက် မသိလိုက်ရတာတွေလည်း ရှိပါတယ်။ ဒီလိုပဲ လူတိုင်းအဖို့လည်း ကြုံလိုက်ရတာလည်းရှိ၊ မကြုံလိုက်ရတာလည်းရှိမှာဖြစ်ပါတယ်။

လူ့သက်တမ်းဟာ ၁၀၀ လောက်ပဲရှိတာပါ။ သက်တမ်း ၁၀၀ အတွင်းမှာ ကြုံလိုက်ရတာ၊ သိလိုက်ရတာ၊ မကြုံမသိလိုက်ရတာ အများကြီးပေါ့။ သိသင့်လျက်နဲ့ မသိလိုက်ရတာတွေလည်း အများအပြားပေါ့။ ကျွန်တော်အဖို့ ”ရာပြည့်” လို သိသိသာသာ မှတ်သားမိလိုက်တာ မန်းရာပြည်ပါ။ မန္တလေးမြို့တည်တာကို အောင်ကျော်ချမ်းအေး မန္တလေး။ အုတ်ကျော်အေး-မန္တလေး စသဖြင့် နံသင့် သင်္ချာနဲ့ မှတ်သားခဲ့ကြပါတယ်။

အောင် = အ = ၁
ကျော် = က = ၂
ချမ်း = ခ = တနင်္လာနံ = ၂
အေး = အ = တနင်္ဂနွေနံ = ၁


ရတနာပုံဘွဲ့ခံ မန္တလေးမြို့ကြီးဟာ မြန်မာကောဇာသက္ကရာဇ် ၁၂၂၁ ခုနှစ်မှာ တည်ခဲ့တယ်လို့ အဓိပ္ပါယ်ရပါတယ်။ တည်သူက မင်းတုန်းမင်းကြီးတဲ့။ နေ့တွေ နာမ်တွေ၊ အရပ်မျက်နှာ၊ မြေမျက်နှာပြင်၊ အချိန်နာရီစတာတွေကို ဗေဒင်ကိန်းဏန်းနဲ့ ညှိပြီး တည် ထောင်ခဲ့တာဖြစ်ပါတယ်။ ”မန္တလေးရတနာပုံမြို့တည် နန်းတည် စာတမ်း” ဆိုတာမျိုးတွေ ပုံနှိပ်ထုတ်ထားတာရှိပါတယ်။ မန်းရာပြည့် အထိမ်းအမှတ်ပွဲတုန်းက ရတနာပုံဖိုးမှတ်စုခေါ် ရွှေကိုင်းသား ကလောင်ဘွဲ့ခံ ဆရာတော်ဦးသောဘိတပြုစုခဲ့တဲ့ မန်းရာပြည့်စာအုပ်ကြီးတစ်အုပ်ရှိပါတယ်။ မန်းရာပြည့်ပွဲကြီးကို မန်းသူမန်းသားတွေက ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့ကြပါ တယ်။ မန်းရာပြည့်တွင်ဆိုပြီး ကွင်းကျယ်ကြီးတစ်ခု ကျန်ခဲ့ပါတယ်။ လူထုဆန္ဒဒပြပွဲကြီးတွေမလုပ်ရအောင် ဗိုလ်နေဝင်း အစိုးရက ကွင်းကျယ်ကြီးကို ခွဲစိတ်ဖျက်ဆီးခဲ့ပါတယ်။ တကယ်တော့ အစိုးရက ပြည်သူလူထုရဲ့ဆန္ဒဒကို ပြေလည်အောင်ဖြေ ရှင်းပေးဖို့ပဲ လိုတာမဟုတ်လား။ မြေကြီးကို ဖျောက်ဖျက်ဖြိုခွဲစရာမလိုပါဘူး။ ထားပါတော့။

မန်းရာပြည့်ပြီးတော့ ထင်ရှားတဲ့ရာပြည့်က ”မှိုင်းရာပြည့်” ပါ။ မြန်မာပြည် သူ့ကျွန်ဘဝက လွတ်မြောက်ရေးအတွက် ကဗျာ ဆရာကြီးတစ်ဦးအနေနဲ့ရော၊ နိုင်ငံရေးသမားကြီးတစ်ဦးအနေနဲ့ရော တသက်လုံးဦးဆောင်တိုက်ပွဲဝင်သွားတဲ့ ကမ္ဘာကျော် မြန်မာကဗျာဆရာကြီးရဲ့ ”ရာပြည့်” ပွဲပါ။ နိုင်ငံတဝန်းလုံး အကြီးအကျယ်ကျင်းပဖို့ တို့ဗမာအစည်းအရုံးဝင် သခင်ကြီးများနဲ့ ကျောင်းသားလူငယ်တွေက ဦးဆောင်စီစဉ်နေတာကို ဗိုလ်နေ၀င်းစစ်အစိုးရက ဟန့်တားဖျက်ဆီးခဲ့လို့ ”မိုင်းရာပြည့်အရေး တော်ပုံ” ဆိုပြီး မြန်မာ့သမိုင်းမှာ ပေါ်ပေါက်ခဲ့ရပါတယ်။ ဆရာကြီးမွေးဖွားတာက ၁၈၇၆ ခုနှစ်ဖြစ်ပါတယ်။ သီပေါဘုရင် ဗြိတိသျှကဖမ်းသွားတာကို မြကောင်တိုက်ဘုန်းကြီးကျောင်းလှေကားပေါ်ကမြင်လိုက်ရလို့ တသက်လုံး အခဲမကျေဖြစ်ခဲ့ရ သတဲ့။ ဆရာကြီးမှိုင်းအလောင်းအလျာ ကျောင်းသားလေးအမည်က ‘မောင်လွန်း’ တဲ့။ သူ့အသက် ၁၀ နှစ်အရွယ်က မြင်လိုက်ရတဲ့ ‘ပါတော်မူ’ မြင်ကွင်းကို တစ်သက်လုံး နာကျည်းစွဲလန်းရင်း လွတ်လပ်ရေးအတွက် ဦးဆောင်မှုပေးခဲ့ပြီး လွတ် လပ်ရေးရတော့လည်း ပြည်တွင်းစစ်ကြီးဆက်ဖြစ်နေလို့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆက်လက်ကြိုးပမ်းရပြန်ပါတယ်။ တဆက်တည်း ကမ္ဘာ့ငြိမ်းချမ်းရေး ဆောင်ရွက်ရာမှာလည်း စွမ်းစွမ်း တမန်ပါဝင်ခဲ့တာကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးဆုကြီးကို အခုချီးမြှင့်တာကိုပါ ခံယူရရှိခဲ့ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးကို မြင်မသွားရရှာပဲ အသက် ၉၀ ခန့်အရွယ်မှာ ကွယ်လွန်သွား ခဲ့ရရှာပါတယ်။

နောက်ထပ်ထင်ရှားတဲ့ ရာပြည့်ပွဲကတော့ ”ဆန်းရာပြည့်” ပွဲ ပါပဲ။ ”တစ်ထောင့်ကိုးစရာဆယ့်ငါးမှာ၊ ဗိုလ်ချုပ်မွေးနေ့ပါ” ဆိုပြီး ကလေးတွေ အော်ဟစ်ကျက်မှတ်လေ့ရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ မွေးနှစ်တူသူတွေကလည်း အများကြီးပါ။ လူထုဒေါ်အမာ၊ ဒေါ်ခင်မျိုးချစ်စတဲ့ ပုဂ္ဂိုလ်ကျော်တွေလည်း ၁၉၁၅ မှာ မွေးဖွားကြသူတွေပါ။ ဗိုလ်ချုပ်အောင်ဆန်းဟာ တက္ကသိုလ်ကျောင်းသားဘ၀မှာပဲ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဦးဆောင်တဲ့ တို့ဗမာအစည်းအရုံးကို ခြေစုံပစ်ဝင်ပြီး သခင် အောင်ဆန်းဘွဲ့ကို ခံယူခဲ့ပါတယ်။ သခင်နု၊ သခင်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်စိုး၊ သခင်ဗဟိန်းစတဲ့ လူငယ် သခင်ခေါင်းဆောင်အားလုံးဟာ ဆရာကြီးမှိုင်းရဲ့ သားတပည့်တွေပါ။ သူတို့ရာပြည့်ပွဲတွေလည်း သူတို့ရဲ့တပည့်သားမြေး တွေက သူ့နေရာရာသူ ကျင်းပကြမှာ မလွဲပါဘူး။

စစ်အစိုးရခေတ်တစ်လျှောက်မှာ ဘယ်သူ့မွေးနေ့လုပ်လည်း ချောချောမောမော မရှိပါဘူး။ စစ်အစိုးရခေတ်လွန်မှ မွေးနေ့ ပွဲတွေ ချောချောမောမော ရှိလာပါတယ်။ အမေလူထုဒေါ်အမာမွေးနေ့ ၁၀၂ နှစ်မြောက်ကို ရန်ကုန်ဘွတ်ပလာဇာစာအုပ် ဈေးတန်းမှာ ကျင်းပပါတယ်။ ကျွန်တော်လည် ကြုံလို့ တက်ရောက်ခွင့်ရခဲ့ပါတယ်။ ပန်းချီဝင်းဖေ၊ ဂုဏ်ထူးသိန်းနိုင်၊ မောင်မိုး သူ၊ မိချမ်းဝေ စတဲ့ ဒေါ်အမာတပည့်သားမြေးတွေလည်း အစုံအလင်တက် ရောက်လာကြတာတွေ့ရပါတယ်။

သခင်အုန်းမြင့်ရာပြည့်ပွဲနဲ့ ကာနယ်ချစ်ကောင်းရာပြည်ပွဲတို့ကိုလည်း ကြုံကြိုက်လို့ ဆောင်းပါးတွေ၊ ကဗျာတွေရေးပေးခဲ့ရ ပါတယ်။ ကာနယ်ချစ်ကောင်းက မြင်းခြံသားဆိုတော့ မြင်းခြံမှာဦးဆောင်သူတို့က ဦးစီးကျင်းပပါတယ်။ သခင်အုန်းမြင့်က တော့ သူ့သားသမီးတွေအားလုံး ရန်ကုန်မှာဆိုတော့ ရန်ကုန်မှာပဲ ကျင်းပပါတယ်။ သူ့ဇာတိညောင်လေးပင်ဘက်ကပါ။ လူထုဦးလှတို့နဲ့ မွေး ရပ်နယ်မြေတူကြပြီး ရန်ကုန်မှာလည်း အတူနေအတူစားနေခဲ့သူတွေပါ။ သခင်အုန်းမြင့်ရာပြည့်ပွဲကိုတော့ သူ့သားသမီးတွေက မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပနိုင်ခဲ့ပါတယ်။ ၁၀၀ ပြည့်အထိမ်းအမှတ် စာအုပ်ထူကြီးတအုပ်ကိုလည်း ဘယ်သူနဲ့မှမတူအောင် ထူးထူးခြားခြား ထုတ်ဝေနိုင်ခဲ့ပါတယ်။ ရာပြည့်ပွဲအဖြစ် ဘုန်းကြီးကျောင်းကြီးတကျောင်းမှာ ဘုန်း ကြီးဆွမ်းကပ်ရင်း ဆွေမျိုးမိတ်သင်္ဂတွေကိုလည်း စုံစုံလင်လင်ဖိတ်ကြားပြီး ထမင်းကျွေးနိုင်ခဲ့ပါတယ်။ လူအများဆုံး မွေးနေ့ ပွဲပေါ့။ အဲဒီပွဲမှာ အသက်အကြီးဆုံးဧည့်သည်အဖြစ် ကျွန်တော်တွေ့ခဲ့ရတာကတော့ အသက် ၈၃ နှစ်အရွယ် ပန်းချီဝင်းဖေ၊ အသက် ၈၂ နှစ်အရွယ် ကဗျာဝင်းဖေ (မောင်စွမ်းရည်) နဲ့ သတင်းစာဆရာ ဦးမောင်မောင်ခင်တို့ပဲဖြစ်ပါတယ်။ (သခင်အုန်းမြင့် က သူ့သားအတွက် မောင်စွမ်းရည်ကို သူငယ်ချင်းလို့ခေါ်ခဲ့တာကို မမေ့ပါ။)

ကာနယ်ချစ်ကောင်းရာပြည့်ပွဲဆိုတာကလည်း ကိုယ့်မြင်းခြံဆိုတော့ သွားသင့်ပေမဲ့ တခြားခရီးတွေများနေခဲ့လို့ မသွားဖြစ်ခဲ့ ပါ။ ချစ်ကောင်းရာပြည့်မှာ သူရဲ့ ”နှစ်ပေါင်း ၂၀” စာအုပ်ကို ပြန်ထုတ်ဖြစ်သလားမသိ။ ထုတ်ဖို့ကောင်းတာပေါ့။ ကာနယ်ချစ် ကောင်းဟာ သမ္မတကြီးမန်းဝင်းမောင်နဲ့ နယ်ချဲ့ဖက်ဆစ်တို့ကို လက်တွဲတိုက်ခဲ့သူ၊ ရဲဘော်ရဲဘက်ပေါ့။ ဒါပေမဲ့ မန်းဝင်းမောင် က သမ္မတအိမ်တော်ကို ပြောင်းရွှေ့စံနေတော်ယူရတဲ့နေ့မှာ ကာနယ်ချစ်ကောင်းက ကြိုးဒဏ်ချမှတ်ခံရလို့ ကြိုးတိုက်ကို ပြောင်းခဲ့ရတဲ့နေ့တဲ့။ ကြုံမှကြုံရပလေတယ်။ မန်းဝင်းမောင်က သမ္မတအခွင့်အရေးကို အသုံးပြုပြီး ရဲဘော်သူငယ်ချင်း ကာနယ်ချစ်ကောင်းကို ကြိုးဒဏ်က လွှတ်ပစ်လိုက်တယ်လေ။ ရဲဘော်စိတ်ကို ကမ္ဘာတုန်အောင်ပြလိုက်တာပါ။ ပြီးတော့ သမ္မတကြီးက မေမြို့ကလည်း မြင်းစီးအေးအေးဆေးဆေး လေ့ကျင့်နေသတဲ့။ ကိုယ်ရံတော်တွေ ဘာတွေမပါဘဲ ထွက်သွား ခဲ့တာလေ။ အဲဒီအခန်းလေးဖော်ထုတ် ချင်တာနဲ့ ချစ်ကောင်းရာပြည့်ဆောင်းပါးကို ရေးဖြစ်ခဲ့တာပါ။ ”ရဲဘော်စိတ်” လေ။ စာအုပ် တွင်တွင်ကျယ်ကျယ်ထုတ်ဝေနေတဲ့ ”စိတ်ကူးချိုချို” တို့၊ ”ငါတို့စာပေ” တို့၊ မန္တလေးက လူထုကြီးများရေးစာ အုပ် တိုက်တို့က အဲဒါမျိုးတွေပေါင်းပြီး ရာပြည့်ပေါင်းချုပ်ထုတ်ဖို့ ကောင်းတယ်။ လူထုစာကြည့်တိုက်မှူး အောင်မြင့်ဦး အမျိုးသား စာကြည့်တိုက်မှူးလုပ်ခဲ့တဲ့ ဦးမြင့်ကြိုင်၊ မန္တာလာတက္ကသိုလ်စာကြည့်တိုက်မှူး ဝင်းတင့်တို့ လုပ်နိုင်တာပေါ့။ မေ့လို့ စာကြည့် တိုက်မှူး မောင်ဇေယျာလည်းလုပ်နိုင်တာပါ။ ဒါမျိုး သူလုပ်ဖူးတယ်။ လုပ်နေကျပါ။ စာကြည့်တိုက်မှူးတွေလုပ်ဖို့ကောင်းတဲ့အလုပ်။ ”ရာပြည့်ပုဂ္ဂိုလ်ကျော်များ” စာအုပ် မကြာခင်ထွက်မည် မျှော်။

မောင်စွမ်းရည်
၂၀၁၈၊ ဖေဖော်ဝါရီ ၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts