ရသဆောင်းပါးစုံ လူများ၊ ရုပ်ပုံလွှာများ မောင်တူး

မောင်တူး ● သက်ရှိပန်းချီ – အပိုင်း (၂၁)


မောင်တူး ● သက်ရှိပန်းချီ – အပိုင်း (၂၁)
ကျောင်းသားတော်လှန်ရေးသမား ရဲဘော်ထွန်းဦး (ခ)  ဇူးလူး မော်ကွန်း
(မိုးမခ) မေ ၁၊ ၂၀၁၆

ထောင်တွေက ဗကသ၊ တကသ ကျောင်းသားတွေ၊ ၀န်းရံပြည်သူတွေကို လွတ်ပေးနေတာတွေ တီဗွီမှာကြည့်ရင်း အိပ်ပျော် သွားချိန် အိပ်မက်မက်တယ်။ ခွပ်ဒေါင်းအလံတွေ တလူလူနဲ့ ထောင်ကထွက်လာတဲ့ ကျောင်းသားတွေကို ပန်းကုံးစွပ် ကြိုဆို ကြပုံတွေ အိပ်မက်အထိ ပါသွားတယ်။ ဒါပေမဲ့ အိပ်မက်ထဲကျတော့ ထောင်ထွက် ကျောင်းသားတွေ မဟုတ်တော့ပြန်ဘူး။ လက်နက်ကိုင် ကျောင်းသားတပ်မတော် ဋ္ဌာနချုပ် ဖြစ်သွားပြန်ရော။ အေးလေ။ ဘာမှ မထူးခြားပါဘူး။ ငါတို့ ၈၈ တုံးကလည်း ဒီမိုကရေစီအရေး ဆန္ဒပြခဲ့လို့ အသတ်ခံရ၊ အဖမ်းခံခဲ့ရပြီး တောခိုကျောင်းသားတွေ ဖြစ်သွားခဲ့တာပဲ။ (ဒီလိုဖြစ်ခဲ့တာ စစ် အစိုးရကြောင့်ပဲ။ အခုလို အရပ်သား ဒီမိုကရေစီ အစိုးရနဲ့ဆို ကျောင်းသားတပ်မတော် ဖွဲ့ဖြစ်ခဲ့မှာတောင် မဟုတ်ဘူးလို့လဲ အိပ်မက်ထဲမှာ ဖြတ်ကနဲ တွေးလိုက်သေးတယ်။)

အခု လက်ပံတန်းမှာ အရိုက်ခံခဲ့ရ၊ ထောင်ထဲဝင်ခဲ့ရတဲ့ ကျောင်းသားတွေဟာ အခြေအနေတွေ ပြောင်းလာလို့ ပြန်လွတ်တာ ပေါ့လို့တွေးရင်း နိုးတ၀က်အိပ်မက်ဆီ ကျနော်ပြန်ရောက်သွားတယ်။ ဒါနဲ့ပဲ သံလွင်မြစ်ဘေး ကျောင်းသား တပ်မတော် ဋ္ဌာန ချုပ်မှာ ကျနော် ဟင်းချက်နေပြန်ပြီ။

ဝက်သားဟင်းဗျ။ အသေအခြာ ပြောရရင် တောဝက်သားပေါ့။ တောဝက်သားက အဆီ မများပါ။  အသားကို အနေတော် အတုံးကလေးတွေ တုံးပြီး၊ ချင်း၊ စပါးလင်၊ ကြက်သွန်တွေနဲ့ ချက်တယ်။ ဟင်းက ငရုတ်နံ့မွှေးမွှေးနဲ့ ထမင်းစုစားကြတာပေါ့။ အချိန်ကတော့ ၁၉၉၄ ခုနှစ်ကုန်ပိုင်းလောက်ပေါ့။ တဝေါဝေါ ရေစီးနေတဲ့ သံလွင်မြစ်ထဲမှာ လှေတစင်းက ခွပ်ဒေါင်းအလံ တလူလူနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ကျောင်းသားတပ်မတော် (ဒေါင်းဂွင် ဋ္ဌာနချုပ်) ကို ဆိုက်ကပ်လာတယ်။ ကျောင်းသားတပ်မတော် တပ်မှူးတဦးဖြစ်တဲ့ ရဲဘော်ထွန်းဦး လှေပေါ်က ဘုတ်ကနဲ ခုန်ဆင်းလာတာကို ထမင်းစားရင်း မြင်ရတယ်။

ဟော၊ အိပ်မက်ကနိုးလာပြန်တယ်။ အော် ကိုထွန်းဦး၊ ရဲဘော်ထွန်းဦးနဲ့ လွန်ခဲ့တဲ့ ၂၂ နှစ်က ကျောင်းသား တပ်မတော် အ ကြောင်းတွေ ဘာလို့ ပြန်သတိရ အိပ်မက်မှာ ပေါ်လာနေရပြန်တာလဲ။ တွေးရင်းက ကျနော့စိတ်အလျဉ်ဟာ ဟိုရောက် သည်ရောက်နဲ့ အိပ်မပျော်နိုင် ဖြစ်ရပြီ။  နေပါဦးဟ။ ဒေါင်းခွင်၊ ကျောင်းသားတပ်မတော် ဋ္ဌာနချုပ်မှာ အဲ့ဒီတုန်းက ထမင်းစား တဲ့ တောဝက်သားဟင်း ဘယ်လိုနဲ့ ရလာခဲ့တာလဲ။ အော်၊ ဟုတ်ပြီိ။ စောစောက လှေပေါ်က ခုန်ဆင်းလာတဲ ကိုထွန်းဦးကပဲ တောဝက်ကို သေနတ်နဲ့ပစ်ခဲ့တာပဲ။ အဲ့ဒီနေ့ မနက်စောစော အိပ်ယာကစမှာပဲ ကျနော်တို့ သေနတ်သံ ၃ ချက်လောက် ကြား ပြီး နိုးလာရတာ မဟုတ်လား။ အဲ့သည်နေ့ဟာ ကျောင်းသားတပ်မတော် မွေးနေ့ ၆ နှစ်မြောက်ကျင်းပဖို့ ပြင်ဆင်နေချိန်လဲ ဖြစ်တယ်။ သေနတ်သံက ကျောင်းသားဋ္ဌာနချုပ်ရဲ့ စက်လှေဆိပ်နားမှာ တောဝက်တကောင် ရေကူးလာတာတွေ့လို့ပစ်တယ်။ ပစ်သူက ကျောင်းသားတပ်မတော်ရဲ့ စစ်ဦးစီး အရာရှိချုပ် ရဲဘော်ထွန်းဦး။ ရဲဘော်ကလေးတွေက အမ် ၁၆ သေနတ်နဲ့ ပစ်ဖို့ လုပ်နေတုံး ကိုထွန်းဦးက သေနတ်လုပြီး ရေကူးလာတဲ့ ၀က်ကိုပစ်တာဗျ။ တချက်ပစ်တာ မထိ။ အသေအခြာချိန် ပြန်ပစ် တယ်။ မထိပြန်ဘူး။ စိတ်ကို သမာဓိထားပြီး (သူပြောတဲ့အတိုင်းပြန်ရေးတာနော်။) သုံးကြိမ်မြောက်ပစ်မှ သွားမှန်တာ။ အဲ့ဒီ တုံးက ….

“ဗိုလ်ချုပ်ကလဲဗျာ။ ကျနော်ပစ်ရင် ကျည်ဆံတတောင့်ပဲကုန်မှာ ဗိုလ်ချုပ်ပစ်တော့ နှစ်တောင့်ပိုကုန်သွားတာပေါ့” ဆိုပြီး (ဗ လတ) ဗဟိုလုံခြုံရေးတပ် ရဲဘော်ကလေးတယောက်က ပြောလိုက်တယ်။

ဗိုလ်ချုပ်လို့ ခေါ်တာက ကိုထွန်းဦးဟာ ရန်ကုန်စက်မှုတက္ကသိုလ် (RIT) ဒုတိယနှစ် ကျောင်းသားဘ၀ကနေ ၈၈၈၈ မှာ ပါ ၀င် တောခိုလာပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) မှာ စစ်ဦးစီး အရာရှိချုပ် တာဝန်ကိုထမ်းဆောင်နေချိန်မို့ ဗိုလ်ချုပ်ထွန်းဦး ဆိုပြီး ခေါ်နေကြချိန် ဖြစ်လို့ပါ။ ဗလတ ဆိုတာ ဗဟိုလုံခြုံရေးတပ်။ ကျောင်းသားတပ်မှာ ဗိုလ်မှုး၊ ဗိုလ်ချုပ် မခေါ်ကြပါဘူး။ အဆင့်တိုင်းကို ရဲဘော် – တပ်ခေါ်ကြတာပါ။ ပြောချင်တာက ကိုထွန်း ဦး (ဗိုလ်ချုပ်ထွန်းဦး၊ ရဲဘော်ထွန်းဦး)ဟာ ဟန်ကြီးပန်ကြီး မရှိပဲ ရဲဘော်တွေနဲ့ တသားထဲနေပါတယ်။ အခုလို သေနတ် လု ပစ်တာကအစ၊ စစ်ရေးစစ်ရာတွေ ငြင်းခုန်တာ အဆုံး၊ အဆင့် ရာထူး ကြီးငယ် မခွဲခြားပဲ နေထိုင် ပြောဆို ဆက်ဆံ ပြုမူတတ် သူပါ။ အဲ့ဒီတုံးကတောင် ကိုထွန်းဦးက “ငါ စိတ်ကို သမာဓိထားပြီး ပစ်လို့ သုံးချက်နဲ့ ထိပြီး မင်းတို့ ဝက်သား စားရတာ။ ငါက ပစ်တတ်လို့ကွ။ မင်းတို့ပစ်ရင် ၀က်က ရေငုပ်ပြီး ပြေးသွားမှာ၊ ၀က်သား စားလိုက်ရမှာတောင် မဟုတ်ဘူး” ခပ်တည်တည် ပြန်ပြောတယ်။ ကိုထွန်းဦးကို ဇူးလူးလို့လည်း တော်တော်များများက ခေါ်ကြတယ်။ သူ့ရဲ့ ဆက်သွယ်ရေး အမည်ဝှက်က ဇူး လူး ဖြစ်လို့ ပါ။ ရဲဘော်ထွန်းဦး (ခ) ဇူးလူး (ခ) ဗိုလ်ချုပ်ထွန်းဦးပေါ့။ (မှတ်ချက်။ ။ ကျောင်းသားတပ်မှာ တပ်မှူးတွေကို အဘ ခေါ်လေ့မရှိ။)

ဇူးလူး (ခ) ကိုထွန်းဦး (ခ) ဗိုလ်ချုပ်ထွန်းဦး၊ ရဲဘော်ထွန်းဦးအကြောင်း ပြောနေရတာက သူဟာ ကျောင်းသားဋ္ဌာနချုပ် ခံစစ် ဆင် စီမံချက် တာဝန်ထမ်းရင်း ကျဆုံးသွားခဲ့ရသူမို့ပါ။ ၁၉၉၅ ခု ဇန်န၀ါရီ ၁၀ ရက်က သောင်းရင်း မြစ် တနေရာမှာ သူကျဆုံးခဲ့ တယ်။ ဇူးလူး (Zulu )ရဲ့ ဆရာ ကျောင်းသားတပ်မတော် စစ်သင်တန်း ကျောင်း အုပ်ကြီး ဒုဗိုလ်မှူးကြီးအေးမြင့် (ငြိမ်း) က သူ့တပည့်ကလေးရဲ့ မော်ကွန်းကို အခုလို ရေးထိုးခဲ့တာပါ။

 ● ရဲဘော်ထွန်းဦး (ဇူးလူး) ကျဆုံး ၁၆ နှစ် ဒုဗိုလ်မှူးကြီး အေးမြင့်မှတ်တမ်း

ဇူးလူး (Zulu) ဆိုတာ တခြားလူမဟုတ်ပါ။ ABSDF တနည်း မကဒတဟုအမည်တွင်သော ကျောင်းသားတပ်မတော်ရဲ့ စစ် ရေးကျွမ်းကျင်နှံ့စပ်သူ၊ စစ်ဦးစီးအရာရှိချုပ် တာဝန်ထမ်းရွက်နေသော ရဲဘော်ထွန်းဦး (ခ) ဗိုလ်ထွန်းဦးပင်ဖြစ်ပါတယ်။ အ သား အလွန်မဲပြီး၊ ပိန်ပိန်ပါးပါး၊ ဖျတ်ဖျတ်လတ်လတ်၊ တက်တက်ကြွကြွ၊ ရဲရဲရင့်ရင့်၊ တွေးခေါ်၊ပြောဆိုလှုပ်ရှားတတ်သူဖြစ် ပြီး၊ တိုက်စိတ်ခိုက်စိတ် ပြင်းပြလွန်းသူမို့ ဇူးလူးလို့တင်စားပြီး ခေါ်ဝေါ်ကြတာပါ။ သူ့ ဆက်သွယ်ရေးစက် အမည်ဝှက်၊ သညာ ၀ှက်လည်း ဖြစ်ပါတယ်။ သူဇာတိက ခေသူမဟုတ်၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ် ကျော်ဇော၊ သူရဲကောင်း ဗိုလ်မှူးကြီး စိန်မှန်တို့နဲ့ တနယ်တည်း တမြို့တည်း၊ သာယာဝတီ သုံးဆယ်သားလေးပေါ့။ ကျောင်းသားတပ်မတော်ထဲမှာ စစ်ရေးကို စိတ်အ၀င်စားဆုံး၊ RIT တက္ကသိုလ်ကျောင်းသားလေးပါ။

၁၉၉၅ ခုနှစ်၊ ဇန်န၀ါရီလ ၁၀ ရက်နေ့က ဒေါင်းဂွင်အနီး မကဒတ ယာယီအခြေပြုရာ ကျောင်းသားတပ်မတော် သံလွင်စခန်း ကနေ KNU ဗဟို မာနယ်ပလောကို စက်လှေနဲ့အသွား မနက် ၁၀ နာရီဝန်းကျင် မာနယ်ပလော KNU ဆေးရုံအလွန် သောင် ရင်းမြစ်ထဲမှာ လှေမှောက်ပြီး ရေအောက်နစ်မြှုပ်ကျဆုံးသွားရှာသူဟာ Zulu ခေါ် ဗိုလ်ထွန်းဦးလေးပါ။ ထွန်းဦးက ရေမကူး တတ်ရှာဘူး။ ရေလမ်းခရီးသွားတိုင်း အသက်ကယ်အင်္ကျီကို အမြဲဝတ်တတ်သူဖြစ်ပြီး သေနေ့စေ့လို့ထင်ပါရဲ့၊ အဲဒီနေ့က အသက်ကယ်အင်္ကျီ မ၀တ်ခဲ့ပါ။ သူ့ရဲ့တောစီးဖိနတ်ကိုတော့ လှေပေါ်ကို ရောက်ရောက်ချင်း ချွတ်လိုက်တာ သတိပြုမိခဲ့ပါ တယ်။ တကယ်တော့ သူသေနေ့စေ့လို့သာ အတန်တန် လိုက်မလာဖို့တားနေတဲ့ကြားက ဇွတ်အတင်း လှေပေါ်ကို တက် လိုက်ခဲ့တာပါ။ အဲ့ဒီနေ့က ကျွန်တော်တို့ မာနယ်ပလောသွားတဲ့ကိစ္စဟာ ဒေါင်းဂွင်အနီး လယ်တိုး တောင်ကျောပေါ် ခြေကုတ် ယူ တပ်စွဲထားတဲ့ ခလရ-၁၉ စစ်ကြောင်းကို တောင်ကြောပေါ်က မောင်းချဖို့ လိုအပ်တဲ့ လက်နက်ကြီး  ၈၂ မမ (၂) လက် သွားငှားတာ ဖြစ်ပါတယ်။ မကဒတ ဥက္ကဋ္ဌ ဒေါက်တာ နိုင်အောင်၊ အတွင်းရေးမှူး (၁) ရဲဘော်အောင်ထူး၊ (EC) ရဲဘော်မောင်ဒီ၊ ရုံးအုပ် ရဲဘော်ဝင်းမြင့်သိန်း ၊ ရဲဘော်ထွန်းဦးနဲ့ ကျွန်တော် (ဒုဗိုလ်မှူးကြီး အေးမြင့်) တို့လိုက်ပါခဲ့ကြပါတယ်။ စက်လှေကိုတော့ အမြဲတမ်းမောင်းတတ်သူ တရုတ်ကလေးက မောင်းပါတယ်။ သောင်ရင်းချောင်း KNU ဆေးရုံအလွန် ရေပေါ်ကျွန်းကလေးအနီး သစ်ပင်လဲပြီး ကန့်လန့်ခံနေတာမို့ ရေစီးလမ်းကြောင်းကြမ်းကို ဖြတ်မောင်းချိန် စက်လှေသောင်တင်သွားပါတယ်။ အမြဲသတိ ရှိသူ ကျွန်တော်က သောင်ပေါ် ခုန်ဆင်းလိုက်မိပါတယ်။ အခြေအနေကိုသုံးသပ်ပြီး လူအားလုံးဆင်းကြပြီး သောင်အတိုင်း လမ်းလျှောက်ကြမယ်။ စက်လှေချည်း ၀န်ပေါ့ပေါ့နဲ့ ရေ၀ဲကို ဖြတ်မောင်းဖို့ ကျနော်ကပြောပါတယ်။ ရေ၀ဲကိုကျော်ပြီးမှ လူ တွေက စက်လှေပေါ်ကိုပြန်တက်မယ်ပေါ့။  ကျနော်ပြောခဲ့တာကို မောင်ကျောင်းသားများက နားမထောင်ခဲ့ကြပါ။ စက်လှေ မောင်းသူ တရုတ်ကလေးက “အဘ လှေပေါ်ပြန်တက်ပါ၊ ကျနော် ရေ၀ဲကို ကျော်ဖြတ်မောင်းလို့ရပါတယ်” ပြောလို့ စိတ်လေး လေးနဲ့ လှေပေါ်ပြန်တက်ခဲ့ရတယ်။ စက်လှေဖြတ်မောင်းတော့ သစ်ကိုင်းနဲ့ငြိ မှောက်သွားတော့တယ်။ လှေမှောက်ရင်ပဲ ထွန်းဦးဟာ ရေအောက်ရောက်သွားပါတော့တယ်။ ထွန်းဦးအလောင်း ပြန်မရခဲ့ပါ။ ကျနော်နဲ့ကျန်လူတွေ ရေစီးကို မျှော လိုက်ပြီး ချောင်းကမ်းပါးပေါ် ရောက်ခဲ့ကြတယ်။ ကျနော်က မြစ်ဝကျွန်းပေါ် ဖျာပုံသားပဲ၊ ရေကူး ကျွမ်းခဲ့သူပါ၊ စီးလာတဲ့ ဘိနတ်တရံပဲ ဆုံးတယ်။ လက်ထဲက ရေဒီယိုရော၊ လက်စွဲအိပ်ပါ ကမ်းပေါ်ရောက်ခဲ့ပါတယ်။ တချို့ သေနတ်တို့ ငွေတို့ဆုံးကြ သလို အတိုင်းမသိ နှမြောဖို့ကောင်းတဲ့ ဇူးလူး ရေနစ်ကျဆုံးခဲ့ရှာတယ်။
ABSDF မှာ ကျနော်ရောက်စကတည်းက ဇူးလူးကို ကျွမ်းဝင်ခဲ့တယ်။ စစ်ရေးကို အင်မတန်စိတ်ဝင်စားပြီး လေ့လာမှတ် သားအားကောင်းတဲ့ သူရဲကောင်း ကျောင်းသားလေးပါ။ ကျနော့်ကို ဖခင်တယောက်လို ခင်တွယ်လေးစားပြီး ကျနော့်ရဲ့ သွန် သင်ညွန်ပြ၊ ဆုံးမသမျှ လိုက်နာကျင့်ကြံအားထုတ်သူလေးဖြစ်ပါတယ်။ ကျောင်းသားတွေထဲမှာတော့ စစ်ရေးကို အထူးစိတ် ၀င်စား၊ လေ့လာမှတ်သား၊ ကျွမ်းကျင်ထက်မြက်သူပါ။ စစ်ရေးနဲ့ပတ်သက်လို့ တွေးခေါ်မျှော်မြင်ပုံ၊ တွေးဆသုံးသပ်၊ ပြော ဆိုလှုပ်ရှားပုံတွေဟာ စစ်ဗိုလ်တဦးလို ထက်မြက်တက်ကြွ ရဲရင့်ပြတ်သားလှတယ်။ ဘာလိုလိုနဲ့ Zulu လေး ရေနစ်ကျဆုံး ခဲ့ရရှာတဲ့ နောက်ဆုံးနေ့ လေးဟာ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ (၁၀) ရက်ကဆိုရင် (၁၆) နှစ် ကြီးများတောင် ရှိခဲ့ပြီပဲနော်။ Zulu လေး ကောင်းရာသုဂတိသို့လားပါစေ။ ကြည်း ၈၅၆၃ ဒုတိယဗိုလ်မှူးကြီး အေးမြင့် (ငြိမ်း)

ဒါကတော့ ၂၀၁၁ ခုနှစ်မှာ ဒုဗိုလ်မှူးကြီးအေးမြင့်က သူ့ တပည့်ကလေး ဇူးလူး အတွက် ၁၆ နှစ်မြောက် သတိတရ လွမ်းစာ (နေ့သစ်ဘလော့မှာ) ရေးခဲ့တာပါ။ ဇူးလူး ကျဆုံးခဲ့တာ ၁၉၉၅ ခုနှစ်၊ ဇန်န၀ါရီ ၁၀ ရက်ပါ။ ပြီးခဲ့တဲ့၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၁၀ ရက်ကဆိုရင် ၂၁ နှစ် ရှိခဲ့ပါပြီ။ ဇူးလူး (ခ) ရဲဘော်ထွန်းဦးအကြောင်း မှတ်တမ်းတင်ထားတာ များများစားစား မတွေ့ပါ။ (ကျနော် ရှာမရတာလည်း ဖြစ်နိုင်ပါတယ်။) ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းများ ဘလော့မှာတော့ “ ကိုထွန်းဦးသည် ရန်ကုန်စက်မှုတက္ကသိုလ် (RIT) ဒုတိယနှစ်ကျောင်းသားတယောက်ဖြစ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက် တစ်တပ်ဦး၏ စစ်ဦးစီးအရာရှိချုပ် တာဝန်ကိုထမ်းဆောင်နေချိန်တွင် ၁၉၉၅ ခု ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် သောင်ရင်းမြစ် တနေရာတွင် လှေမှောက်၍ ကျဆုံးခဲ့သည်”  လို့ ဖေါ်ပြထားပါတယ်။

ကျနော်ကတော့ ကိုထွန်းဦးနဲ့ စကားတွေ အများကြီးထိုင်ပြောခဲ့ဖူးပါတယ်။ ကျောင်းသားတပ်မတော် ကေဒါသင်တန်းမှာ ကျနော်တက်စဉ်က ကိုထွန်းဦးဟာ စစ်ရေးနဲ့ စည်းရုံးရေးအကြောင်းပို့ချသူ ဆရာ ဖြစ်ခဲ့ပါတယ်။ သူဟာ ဗမာစကားကို တခြားသူတွေနဲ့မတူ ပီသအောင် ပြောတယ်။ ကိုထွန်းဦးနဲ့ အနီးကပ် စစ်ရေးတာဝန်ထမ်းခဲ့တဲ့ ကိုကျော်ထင်ကတော့ “၁၉ ၈၈ ပထမအကြိမ်ညီလာခံမှာ ရဲဘော်ထွန်းဦးဟာ မကဒတရဲ့ ဗဟိုဦးဆောင်ကော်မတီဝင်အဖြစ် အရွေးခံရပြီး  စည်းရုံးရေးဌာန တာဝန်ခံဖြစ်လာတဲ့အကြောင်း” ပြောပြပါတယ်။ ၁၉၈၉ ဖေဖေါ်ဝါရီမှာကျင်းပတဲ့ အရေးပေါ်ညီလာခံမှာလဲ စည်းရုံးရေးဌာန တာဝန်ခံ ဆက်တာဝန်ယူခဲ့သလို ၁၉၈၉ နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာ ကျင်းပတဲ့ ဒုတိယအကြိမ်ညီလာခံမှာ စစ်ရေးဌာန တာဝန်ခံ ဖြစ်လာတယ်လို့ ပြောပြပါတယ်။

ကိုထွန်းဦးဟာ ၁၉၉၀ နှစ်ကုန်ပိုင်းလောက် ယူဂျီသတင်းပေါက်ကြားစေမှုနဲ့ အစစ်ဆေးခံဖို့ စစ်ရေးဌာန တပ်ရေးတာဝန်ယူနေ တဲ့ ကိုညိုမှိုင်းနဲ့အတူ ၂ လလောက်ထင်ပါတယ် မာနယ်ပလောမှာ အချုပ်ခံခဲ့ရ ပါသေးတယ်။ “ကိုယ်က မှားတာ ဘာမှမ လုပ်ဘူး။ ဒါကြောင့် အချုပ်ထဲကို ကျောင်းသားတပ်မတော် ယူနီဖေါင်းအပြည့်နဲ့ အကျအန၀တ်ပြီး ၀င်သွားခဲ့တာပဲ” လို့ ကျနော့်ကို ပြန်ပြောပြဘူးပါတယ်။  နောက်ပိုင်း ကျောင်းသားတပ်မတော် တတိယအကြိမ်ညီလာခံမှာ သူပြန်တက်ပြီး  စစ် ရေးဌာန အတွင်းရေးမှူးနဲ့ ဗဟိုဦးဆောင်ကော်မတီ အီးစီ ပြန်ဖြစ်လာပါတယ်။ သူကျဆုံးတဲ့နေ့တိုင် ဒီတာဝန်ကို တစိုက်မတ် မတ် ထမ်းဆောင်သွားခဲ့တာပါ။

“ရင်သွေးတွေဟာ
တချိန်မှာ မိသားစုထဲက
ထွက်ခွာသွားမှာပါ။
ဒါဟာ ဘ၀ရဲ့
နိယာမတရား ဖြစ်တယ်”

ဒီစာသားက ကျောင်းသား တော်လှန်ရေးသမားတွေနဲ့ပတ်သက်နေမလားပဲ။ ကျနော်ဆိုရင် ၁၉၈၈ ခုနှစ်ကနေ အခုအထိ နှစ် ၃၀ နီးပါး မေမေနဲ့ ပြန်မတွေ့နိုင်သေးပါ။ ဖေဖေနဲ့ကတော့ ၂၀၀၀ ခုနှစ်လောက်က တကြိမ် တွေ့လိုက်ရသေးတယ်။ “ နှစ် ပေါင်းများစွာ သတင်းစုံစမ်းမရလို့ သားကို သေပြီလို့ထင်နေတာ အခုတွေ့ရတာ ၀မ်းသာတယ်” လို့ ပြောသွားတဲ့ ဖေဖေက တော့ ဆုံးသွားပါပြီ။ မေမေက ရှိနေဆဲ။ မကြာခင် ပြန်တွေ့ရမယ်လို့ မှန်းထားပါတယ်။ ဒါပေမယ့် ….

ဒါပေမယ့် …. လို့ ပြောတာက ရဲဘော်ထွန်းဦး (ဇူးလူး) အတွက်ပါ။ သူကတော့ သူ့ မိဘ ညီအကို မောင်နှမတွေနဲ့ ဘယ်တော့မှ မတွေ့နိုင်တော့ပါ။ သူ ကျဆုံးစဉ်က အခြေအနေမပေး ဆက်သွယ်ရေး လမ်းကြောင်းတွေခက်ခဲတာမို့ သူ့မိဘတွေကို အသိ မပေးနိုင်ခဲ့ဘူးလို့ ကျနော်သိထားခဲ့ပါတယ်။ သမိုင်းဝင် ၈၈၈၈ က စတင်ခဲ့တဲ့ သွေးလမ်းမကြီးပေါ်တသက်တာ လျောက်လှမ်း နေရင်း အခုလိုပြောင်းလဲလာတဲ့အချိန်မှာတော့ အဝေးရောက် သားတွေ သမီးတွေ အိမ်ပြန်နေကြပါတယ်။ ဒါပေမဲ့ ရဲဘော် ထွန်းဦး (ဇူးလူး) လို အချိန်တန်ပေမဲ့ အိမ်မပြန်နိုင်သူတွေကလည်း ဘယ်လောက်များ ရှိနေမလဲ။ တွေးနေမိပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts