ကဗျာ မြန်မာပြည်တွင်း

သျှင်မျိုးငယ် – နောက်ဆုံးခရီး

နောက်ဆုံးခရီး
သျှင်မျိုးငယ်
(မိုးမခ) မတ် ၁၄၊ ၂၀၁၈

အရေးပေါ်သတင်းထုတ်ပြန်ချက်ကို ဖတ်ပြီး

ရှိုက်ကြီးတငင် ငိုကြွေးနေမိတယ်
ဒါဟာ ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှုတခုပဲလို့
ကောက်ချက်ချအပြီး
ညဟာ ပိုပြီးမှောင်လာတာ သတိထားမိတယ်
ကိုယ့်အရိပ်ကို ပြန်မမြင်နိုင်တော့တဲ့အခါ
ကိုယ့်အသံကို ပြန်မကြားနိုင်တော့တဲ့အခါ
ကိုယ့်ခန္ဓာကို ကိုယ်တိုင်ပြန်ငေးနေမိတဲ့အရသာဟာ
ငြီးငွေ့တုန်လှုပ်ဖွယ်ကောင်းလွန်းတယ်
ငြိမ်သက်မှုနဲ့လွင့်မျောနေတဲ့ခဏ
စိတ်ဟာ အနှောင်အတွယ်ကင်းမဲ့သွားသလို
ဘယ်အထိလဲ ဘယ်လိုခရီးလဲ ဘာကြောင့်လဲ
မေးခွန်းအထပ်ထပ်ကို မေးခွန်းအတိုင်းထားခဲ့တယ်
ပြီးတော့မှ
ကိုယ့်အသွေးအသားထဲက ထုတ်ယူထားတဲ့ကဗျာကို
အပူအပင်မဲ့ရွတ်ဆိုနေမိလိုက်တယ်
ဒီကဗျာပဲ
ဟုတ်တယ် ဒီကဗျာပါပဲ
ငွေနဲ့ကဗျာကို အလဲအထပ်မလုပ်ချင်တဲ့မာနဟာ
လူသတ်လက်နက်အဖြစ် 
တရားခွင်မှာ မှတ်တမ်းတင်လိုက်တယ်
ဒီကဗျာနဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်လို့
အမိန့်ချမှတ်လိုက်တဲ့နောက်
လွတ်လွတ်လပ်လပ်ကဗျာရေးတယ်
လွတ်လွတ်လပ်လပ်ကဗျာရွတ်တယ်
ဒါဟာ တရားသေလွတ်မြောက်မှုတခုမဟုတ်လား
ဒီလိုနဲ့
အမျှအတန်းပေးဝေသံဟာ 
နားရွတ်တွေကို ရိုက်ခတ်လာတယ်
အို…ကဗျာဆရာ
ကောင်းရာသုဂတိလားပါစေ။             ။
                                   

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts