ထွန်းဝင်းငြိမ်း လူများ၊ ရုပ်ပုံလွှာများ သမိုင်းနဲ့ အစဉ်အလာ မြန်မာပြည်တွင်း

ထွန်းဝင်းငြိမ်း- သခင်ဇင် (၁၉၁၂ – ၁၉၇၅) အပိုင်း (၂)

သခင်ဇင် (၁၉၁၂ – ၁၉၇၅)
အပိုင်း (၂) 

ထွန်းဝင်းငြိမ်းပြုစုသည်
(မိုးမခ) မတ် ၁၄၊ ၂၀၁၈

ဖက်ဆစ်တော်လှန်ရေးခေါင်းဆောင်

၁၉၄၄ ခုနှစ် ဂျပန်ခေတ်မှာ သခင်ဇင်နှင့်ဆုံတွေ့ရပုံကို ကလောင်ပျံဦးဘကိုးက ရေးသားဖော်ပြ ရာမှာ”ဂျပန်ခေတ်ရောက်သောအခါ ဂိုးလ်ဒင်းဘယ်လီGolden Velly(ယခု-ရွှေတောင်ကြား) ရှိ သခင်သန်းထွန်းအိမ်တွင် ကိုဇင့်အား သခင်သန်းဖေ(ဖြူး)နှင့်အတူ တွေ့ရပါသည်။ ၁၉၄၄ ခု နှစ် ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (နောင် ဖဆပလ)ဖွဲ့စည်းပြီးစအချိန် နှင့်တိုက်ဆိုင်နေသောကြောင့် ဖက်ဆစ်ဂျပန်တော်လှန်ရေးနှင့် ဆက်စပ်မည်ဟုတွေးမိသဖြင့် ဘာကြောင့်လာသည်ကိုမမေးဘဲ ကိုယ်ရေးကိစ္စကိုသာ သူနဲ့ပြောပါသည်” ဆိုပြီးရေးခဲ့တာကို တွေ့ရပါတယ်။

၁၉၄၄ ခုနှစ်ဖက်ဆစ်တော်လှန်ရေးမတိုင်ခင်မှာတော့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ပါတီကလာပ် စည်းများဖွဲ့စည်းရေးတာဝန်ယူခဲ့ကာ ပါတီဝင်များဖြစ်ရေးအတွက် လျှို့ဝှက်သင်တန်းများ ဖွင့်လှစ် ပြီး သခင်ဇင်ကိုယ်တိုင် မာ့က်စ်လီနင်သဘောတရားရေးနှင့် အနုပဋိလောမရုပ်ဝါဒကိုပို့ချ သင် ကြားပေးခဲ့ကြောင်း၊ ထို့နောက် ပါတီကလာပ်စည်းများဖွဲ့စည်းကာ ဂျပန်ဆန့်ကျင်ရေးအတွက် လုပ်ငန်းတာဝန်များချမှတ် တာဝန်ပေးခဲ့ကြောင်း၊ လုပ်ငန်းစဉ်များအဖြစ် ရိက္ခာစုဆောင်းခြင်း၊ လက်နက်ပုန်းများ စုဆောင်းသိမ်းဆည်းခြင်းဖြင့် လျှို့ဝှက်တပ်မတော်သားများကိုလျှို့ဝှက်ထိန်း သိမ်းခြင်း စသည့်အလုပ်တာဝန်များချမှတ်ပေးခဲ့ကြောင်း၊ ဂျပန်တော်လှန်ရေးအတွက် ပြင်ဆင် သည့်လုပ်ငန်းစဉ်များချမှတ်ပေးခြင်းတို့ဖြစ်ကြောင်း ဗကပတပ်မှူးဟောင်း ဦးစောရင်က ရေးသား ခဲ့ပါတယ်။

ဖက်ဆစ်တော်လှန်ရေးစတဲ့အခါမှာ သခင်သန်းထွန်းရဲ့တာဝန်ပေးမှုအရ တိုင်း ၄ စစ်ရေးတာဝန် ခံဗိုလ်မှူး ချုပ်ကျော်ဇောနဲ့သွားတွေ့ချိန်မှာ သခင်ဇင်နဲ့လည်းတွေ့ရပုံကိုကလောင်ပျံ ဦးဘကိုးက အခုလို မှတ်တမ်းတင်ခဲ့ပါတယ်။

”၁၉၄၅၊ မတ်လ ၂၇ ရက်တွင် ဂျပန်တော်လှန်ရေးစသောအခါ ကျွန်တော်သည်ဖြူးအနောက် ဘက်၊ ပဲခူးရိုးမပေါ်တွင်ဖွင့်လှစ်ထားသော သခင်သန်းထွန်း၏နိုင်ငံခြားဆက်သွယ်ရေးစခန်း၌ တာဝန်ကျသောကြောင့် တိုင်း (၄) စစ်ရေးတာဝန်ခံ ဗိုလ်ကျော်ဇောမှတဆင့် ဆက်သွယ်သွား ရမည်ဖြစ်သဖြင့် ဗိုလ်ကျော်ဇောရှိလေရာ ညောင်လေးပင်အနောက်ဘက် သုံးမိုင်ခန့်ဝေးသော ဒိုးတန်းကျေးရွာသို့သွားပြီး ဗိုလ်ကျော်ဇောနှင့် တွေ့ရပါသည်။ အခန့်သင့်ပင် ကိုဇင်နှင့်ပါ တွေ့ရသဖြင့် ဝမ်းသာရပါသည်။
ကျွန်တော်ရှေ့ဆက်ရမည့်အရေးတို့ကို ကိုဇင်ကပင် စီစဉ်ပေးပါသည်။”
ဖက်ဆစ်တော်လှန်ရေးမှာ သခင်ဇင်နဲ့အတူ နိုင်ငံရေးမှူးတာဝန်ယူခဲ့ဖူးတဲ့ ဗကပ-တပ်မှူးဟောင်း ဦးစောရင်က သူ့ရဲ့တော်လှန်ရေးအတွေ့ အကြုံကို အခုလို ရေးသားခဲ့ပါတယ်။

”၁၉၄၅၊ မတ်လ ၂၇ ရက်ည တော်လှန်ရေးမစခင် ညနေပိုင်းတွင် ဒိုက်ဦးမြို့၊ဖောင်ဝဲရွာသို့ သွားခဲ့ရပြီး ည ဘက်ချီတက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ရပါသည်။ ညပိုင်းတွင် တပ်ခွဲတခွဲကို ဗိုလ်ကြီးဘသိန်းဦးဆောင်ပြီးချီတက်လာသောတပ်အား တော်ဝိမှကြို ဆိုပြီး ကောင်းမယ်သူ၊ အင်ကုန်း၊ ကရင်ရွာမဘက်သို့ချီတက်နေရာယူခဲ့ရပါသည်။ မိမိမှာ တပ် ခွဲနိုင်ငံရေးမှူးတာဝန်ဖြင့် တပ်ခွဲမှူးနှင့်အတူ တပ်ခွဲကိုခေါင်းဆောင်ရန် ဖြစ်ပါသည်။ သခင်ဇင်မှာ
တပ်ရင်းမှူးဗိုလ်မှူးအုန်းကျော်တို့နှင့်အတူတွဲပြီး တပ်ရင်းနိုင်ငံရေးမှူးအဖြစ် တာဝန်ယူခဲ့ရပါသည်။ ”

”တိုက်ခိုက်ရေးအတွက် တပ်မှူးများမှာတာဝန်ရှိသော်လည်း နိုင်ငံရေးမှူးများ၏သဘောတူညီမှု ဖြင့်သာ တိုက်ပွဲများတိုက်ခိုက်ကြရပါသည်။ သခင်ဇင်ဦးဆောင်ရသည့်တပ်ရင်းမှာ တိုင်း ၄၊ တပ်ရင်း ၁ဝ၁ ဖြစ်ပါသည်။ မိမိက ယင်း ၁ဝ၁ မှ တပ်ခွဲတခွဲ၊ ခွဲ(၁)ကို တာဝန်ယူခဲ့ရပါသည်။ မြို့နယ်အတွင်း အစုကွဲဂျပန်များအား လိုက်လံချေမှုန်းခြင်း၊ ဌာန(ရဲ) စခန်းများကိုဝင်ရောက် စီး နင်းခြင်းများ လုပ်ကြရပါသည်။ သခင်ဇင်နှင့်တပ်ရင်းမှူးတို့သည် မိမိတို့မရောက်ခင်ဖဒိုဌာနသို့ စီးနင်းဝင်ရောက်ကာ လက်နက်များရယူသိမ်းဆည်းထားပြီးဖြစ်သဖြင့် ရဲနွယ်ချောင်းမှ စုန်ဆင်း လာသော ဂျပန်အစုကွဲများကို မိမိတပ်ခွဲက လိုက်လံတိုက်ခိုက်ခဲ့ကြရပါသည်။”

ဆက်လက်ပြီး ”စစ်ပွဲပြီးဆုံးသည်နှင့်တပြိုင်နက် မိမိနှင့်သခင်ဇင်တို့မှာ မူလအတိုင်းအဖွဲ့အစည်း တာဝန်များကို ဆက်လက်တာဝန်ယူခဲ့ကြရသဖြင့် သခင်ဇင်က မြို့နယ်ဖဆပလအတွင်းရေးမှူး တာဝန်ယူပြီး မိမိမှာ မြို့နယ်တောင်သူလယ်သမားဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ရပါသည်။ သခင်ဇင်မှာ တကြိမ်တည်း၊ တချိန်တည်း ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖြစ်တာဝန် ယူခဲ့သည်ဟု သိရပါသည်”

တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ

ဗကပတပ်မှူးဟောင်းဦးရဲလင်းရဲ့မှတ်တမ်းတခုမှာတော့ ”ဖက်ဆစ်တော်လှန်ရေးအပြီး ကွန်မြူ နစ်ပါတီက တောင်သူလယ်သမားသမဂ္ဂကို ဖွဲ့စည်းလိုက်၏။ ဥက္ကဋ္ဌသခင်သန်းထွန်း၊ အထွေထွေ အတွင်းရေးမှူးသခင် သန်းမြိုင်(ဖြူး)ဖြစ်၏။ သခင်ဇင်သည် ဗဟိုသမဂ္ဂအမှုဆောင်၊ ပဲခူးခရိုင်၊
တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဖြစ်၏။”ဆိုပြီး တွေ့ရပါတယ်။

ဆက်လက်ပြီးတော့ သခင်ဇင့်ကိုပုဂ္ဂိုလ်ရေးအကဲဖြတ်ချက်များ ရေးသားရာမှာ…
”သခင်ဇင်သည် ရိုးသည်။ အေးသည်။ ဖြောင့်မတ်သည်။ လုံ့လဝီရိယ ရှိသည်။ ဇွဲကြီးသည်။ စိတ်ရှည်သည်။ ပြဿနာတရပ်ကိုပြေလည်သွားသည်အထိ ရှင်းလင်းနိုင်စွမ်းရှိသည်။ တနည်း စည်းရုံးရေးစွမ်းရည် ရှိ၏။
စည်းကမ်းကြီး၏။ ငွေရေးကြေးရေး လက်မဖွာ၊ စိစစ်သည်။ စာရင်းအင်းတိတိကျကျထားသုံးစွဲ တတ်သည်။ နာမည်ပျက်တစက်မျှမရှိ။ ထူးခြားမှုတခုမှာ ဘာပစ္စည်းသုံးသုံး အကောင်းစားကို သုံး၏။ အကောင်းစားသည် ဈေးကြီးသော်လည်း တာရှည်ခံသည်။
ဈေးပေါတာက ခဏခဏ ပျက်၊ပြင်ရ။ ပြင်ခနဲ့ပင် ၂ ဆခန့်ဈေး ဖြစ်သွားတတ်သည်ဟု
တွက်ပြသည်။ သူ့အတွက် ပစ္စည်းဝယ်ရာမှာသာ သုံးခြင်းမဟုတ်။ အများအတွက်တာဝန်ယူရာ မှာပင် သူ့မူအတိုင်း ကျင့်သုံး၏။

စာကြမ်းရေးသည့်အခါတိုင်း လက်ရေးသော့မရေး။ စာချောရေးသလိုပင် သပ်သပ်ရပ်ရပ်ရေး၏။ အမှားပြင်စာဖြည့်လုပ်သည့်အခါ သေသေသပ်သပ်ရေးပြီး ပြင်တတ်၊ ဖြည့်တတ်၏။ အားကစား လိုက်စား၏။ ဘောလုံးသမားဖြစ်ခဲ့သူဖြစ်၍ရောက်ရာတွင် ဘောလုံးကန်နိုင်အောင် စုစည်း၏။ ဘောလုံးကန်သင်ပြ၏။ အအိပ်အနေနည်း၏။ မအိပ်ဘဲလည်း အလုပ်လုပ်နိုင်၏။ အစားအသောက် ချေးမများ။ အများစားသလို စား၏။” ဆိုပြီး တွေ့ရပါတယ်။

စစ်နိုင်ကွန်ဂရက်နှင့်

၁၉၄၅ ခု၊
ဇူလိုင်လ ၂ဝ ရက်နေ့မှာ စမ်းချောင်း၊ ဗားကရာလမ်းက ဗမာပြည်ကွန်မြူနစ်ပါတီဌာနချုပ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ ဒုတိယအကြိမ်မြောက် ပါတီကွန်ဂရက်ကျင်းပခဲ့ပါတယ်။ ဖက်ဆစ်တော်လှန်ရေးအောင်ပွဲခံချိန်မှာ ကျင်းပတဲ့ကွန်ဂရက်မို့ ကွန်ဂရက်သဘာပတိဖြစ်တဲ့ သခင်သန်းထွန်းက ”စစ်နိုင်ကွန်ဂရက်”လို့ သုံးနှုန်းခဲ့ပါတယ်။ အဲဒီကွန်ဂရက်ကို သခင်ဇင် တို့ ပဲခူးမြောက်ပိုင်းစည်းရုံးရေးအဖွဲ့ဝင်တွေတက်ရောက်ခဲ့ပုံကို သခင်တင်မြရဲ့ ”ဘုံဘဝမှာဖြင့် စာအုပ်” (ပထမအကြိမ်၊ ၁၉၇၄၊ သြဂုတ်လ) စာ-၈၁၂ မှာတော့ အခုလို တွေ့ရပါတယ်။

”ကိုကြီးမြင့်တို့အား ပါတီတရားဝင်ရပ်တည်ခွင့်ရရေးအတွက် ပါတီဆိုင်းဘုတ်များအမြန်တင်ရန် ညွှန်ကြားချက်ကို မလိုက်နာဘဲပျက်ကွက်ခြင်း၊ လက်နက်များဝှက်ထားခြင်းတို့အတွက် ပါတီ ညီလာခံတက်ရာက်ခွင့်မပြုဘဲ ကိုယ်စားလှယ်စာရင်းမှပယ်ဖျက်လိုက်ပါသည်။
ကိုကြီးမြင့်ခေါင်းဆောင်သည့် ပဲခူးတောင်ပိုင်း စည်းရုံးရေးအဖွဲ့ဝင်များအနေဖြင့် ဤသို့ ကိုယ်စား လှယ်စာရင်းမှပယ်ဖျက်ခံရသော်လည်း သခင်ဇင်(ယခု-ဗကပဗဟိုကော်မတီဥက္ကဋ္ဌ)ခေါင်းဆောင် သော ပဲခူးမြောက်ပိုင်းစည်းရုံးရေးအဖွဲ့ဝင်များမှာမူ ပါတီကွန်ဂရက်သို့ တက်ခွင့်ရကြပါသည်။

သခင်ဇင်ခေါင်းဆောင်သည့် မြောက်ပိုင်းစည်းရုံးရေးအဖွဲ့ကလည်း ကိုကြီးမြင့်တို့အား ပါတီကွန် ဂရက်သို့ တက်ရောက်ခွင့်ပေးပါရန် တောင်းဆိုကြပါသည်။ တောင်းဆို၍မရသောအခါ ပါတီ ကွန်ဂရက်သို့ သူတို့မတက်တော့ဟုပြောလာသဖြင့် သခင်သန်းထွန်းနှင့် ကျွန်တော်မှာ သခင်ဇင် တို့အား ပါတီကွန်ဂရက်သို့တက်ရန် အတော်ပင်ပြောဆိုဆွေးနွေးကြရပါသည်။”

ဖူးစာဖက်

၁၉၄၆ ခုနှစ်က ရန်ကုန်မြို့၊ ရွှေတိဂုံဘုရား အလယ်ပစ္စယံမှာ ဖဆပလညီလာခံကျင်းပခဲ့ပါ တယ်။ အဲဒီညီလာခံမှာ ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကွန်ဂရက်ကို ဖွဲ့စည်းခဲ့ပြီး ဗိုလ်ချုပ် အောင်ဆန်းဇနီးဒေါ်ခင်ကြည်က ဥက္ကဋ္ဌ၊ သခင်ဗဟိန်းဇနီး ဒေါ်ခင်ကြီးက ဒု-ဥက္ကဋ္ဌဖြစ်ပြီး ညောင်လေးပင်သူဒေါ်ကြည်ကြည်က အလုပ်အမှုဆောင်အဖြစ် တာဝန်ယူခဲ့ရပါတယ်။

၁၉၄၇ ခုနှစ်၊ မေလမှာတော့ သခင်ဇင်ဟာ ညောင်လေးပင်မြို့က ဦးဘဦး၊ ဒေါ်လွင်တို့၏သမီး ဒေါ်ကြည်ကြည်နဲ့ လက်ထပ်ခဲ့ကြပါတယ်။ အဲဒီအချိန်ကစပြီး မမကြည်(ဒေါ်ကြည်ကြည်)ကို
ကြည်ကြည်ဇင်လို့ခေါ်ကြတဲ့အပြင် အများက ကြည်ကြည်ဇင်လို့အသိအမှတ်ပြုကြောင်း ဒေါ်ခင် လက်ျာရဲ့ ဒေါ်ကြည်ကြည် (၁၉၂ဝ-၂ဝဝ၁) ဆောင်းပါးမှာ ရေးသားထားပါတယ်။

သခင်ဇင် ဒေါ်ကြည်ကြည်နဲ့အိမ်ထောင်ကျတာကို ကလောင်ပျံဦးဘကိုးက အခုလိုမှတ်တမ်း တင်ပါတယ်။

”တော်လှန်ရေးပြီးဆုံးပြီးနောက် ကာလအတန်ကြာသောအခါ ကိုဇင်နှင့် မကြည်ကြည်တို့ လက်ထပ်လိုက်ကြပြီဆိုသောသတင်း ရန်ကုန်သို့ရောက်လာသောအခါ ရဲဘော်များက အမျိုး မျိုးထင်မြင်ချက်ပေးကြပါသည်။

‘ကိုဇင်ဟာမိန်းမပိုးတတ်တဲ့သူမဟုတ်ဘူး။ ဘယ်လိုလုပ် မိန်းမရတာလဲ’ဟူ၍လည်းကောင်း၊ ‘လူ မတတ်ပေမယ့်၊ လက်ဖက်ထုပ်တတ်တာဖြစ်မှာပေါ့’ ဟူ၍လည်းကောင်း၊ ‘တုတ်နဲ့ပစ်လို့ ရရ၊ ခွေးကိုက်လို့ရရ၊ ယုန်ရဖို့ပဲ အရေးကြီးတယ်’ဟုဆိုသူကဆို။ နောက်ဆုံးရဲဘော်တယောက် က ညောင်လေးပင် အလှဘုရင်မကို ကိုဇင်ရတာ ကော်တာပေါ့’ဟုပြောချလိုက်ရာ အားလုံး သောရဲဘော်များက ‘ဟုတ်တယ်၊ မှန်တယ်’ဟု သြဘာပေးထောက်ခံလိုက်ကြပါသည်။”

တိုင်းပြုပြည်ပြုလွှတ်တော်အမတ်

ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံမခံရမီပြုလုပ်တဲ့ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲမှာ ပဲခူးမြေက်ပိုင်းကနေ သခင်ဇင်နဲ့ ဗကပတပ်မှူးဟောင်း သခင်စောရင်တို့ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြပုံနဲ့ ၁၉၄၇ ဖြူးလယ်သမားသမဂ္ဂကွန်ဂရက်အကြောင်းတို့ကို သခင်စောရင်က အခု လို ရေးသားဖော်ပြခဲ့ပါတယ်။

”၁၉၄၇ တိုင်းပြုပြည်ပြုဥပဒေရေးဆွဲရေး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပဲခူးမြောက်ပိုင်းမှ သခင်ဇင်နှင့် မိမိတို့ယှဉ်ပြိုင်အရွေးခံခဲ့ကြသော်လည်း ဖဆပလ၏မသမာသည့်လုပ်ရပ်ကြောင့် မိမိတို့အရွေးမခံရပါ။ ၁၉၄၇ ဖြူးကွန်ကရက်တွင် သခင်သန်းထွန်း ဥက္ကဋ္ဌ၊ သခင်ဇင် ဒု-ဥက္ကဋ္ဌ၊
သခင်သန်းဖေအထွေထွေအတွင်းရေးမှူး၊ သခင်တင်ဖေ တွဲဖက်-အထွေထွေအတွင်းရေးမှူးနှင့် မိမိအပါအဝင် သခင်စောရင်တို့ ဗဟိုအလုပ် အမှုဆောင် ၁၅ ဦးအဖြစ် ရွေးချယ်တင်မြှောက်ခံ ကြရပါသည်။”

၁၅၊ ၃၊ ၁၉၄၇ နေ့စွဲထုတ်သူရိယသတင်းစာမှာ

”သိန်းသန်းပါတီအမတ်လောင်းများ၊ ပေါ်လစ်ဗြူရိုက ရွေးကောက်ပွဲမဝင်”ခေါင်းစီးနဲ့ ဧပြီလ ၉ ရက်နေ့တွင်ကျင်းပမည်ဖြစ်သော ရွေးကောက်ပွဲတွင် ဗမာပြည်ကွန်မြူနစ်ပါတီက အောက်ပါ အတိုင်း ကိုယ်စားလှယ်များတင်သွင်းအရွေးခံလိမ့်မည်ဖြစ်ကြောင်း။

၁။ တောင်ငူတောင်ပိုင်း (၁) သခင် သန်းဖေ။ (၂)ဗိုလ်သိန်းတန်။ ၂။ တောင်ငူမြောက် ပိုင်း။ (၁) ဗိုလ်မောင်မောင်သန်း။ (၂)ဦးထွန်းဖေ။ ၄။ ပျဉ်းမနားခရိုင်တောင်ပိုင်း (၁)သခင် တင်ထွန်း၊ (၂)ကိုမောင်မောင်။ ပျဉ်းမနားခရိုင်မြောက်ပိုင်း (၁) ကိုလှ။ (၂) သခင်တင်ရှိန် (ပျဉ်းမနား)။ ပဲခူးမြောက်(၁)သခင်ဇင်။ (၂)သခင်စောရင်။ သရက်အနောက်(၁) ဗိုလ်ရန် အောင်။ (၂)ကိုဘအောင်။ သရက်အရှေ့ပိုင်း(၁)သခင်ဘအေး။ (၂) သခင်သွင်။ ဟင်္သာတ မြို့မ (၁) ဗိုလ်အောင်မင်း။ ရန်ကုန် သိမ်ဖြူ(၁)သခင်ချစ်။ ဗိုလ်တထောင်(၁) ဗိုလ်ဘတင်၊ (၂)ကိုစံကျော်(ဒလ)။ မြောင်းမြအနောက် (၁)သခင်ဗိုလ်ဦး။(၂)ကိုမြမောင်(အိမ်မဲ)။မြောင်းမြ အရှေ့သခင်သိန်းမောင်နှင့်ခရိုင်ပါတီမှ သူသဘောတူသူတဦး။ ပုသိမ် တောင်ပိုင်း(၁) ကိုတင် ကွန့်။ (၂) ကိုဝင်းမောင်။ ထားဝယ်၊ သံတွဲ၊ ကျောက်ဖြူတို့တွင် ကိုယ်စားလှယ်များတင်ရန် ဆိုင်ရာပါတီခွဲများသို့ ဗဟိုကော်မတီက ညွှန်ကြားထားကြောင်း။

ပေါ်လစ်ဗြူရိုက အရွေးမခံ

ပေါ်လစ်ဗြူရိုအဖွဲ့ဝင်များသည် ရွေးကောက်ပွဲလုပ်ငန်းအရပ်ရပ်ကိုဦးစီးနိုင်ရန်အတွက် ကိုယ်စား လှယ်အဖြစ်အရွေးမခံရန် ဗဟိုကော်မတီကဆုံးဖြတ်လိုက်ကြောင်း၊ အရွေးခံရသောကွန်မြူနစ် ကိုယ်စားလှယ်များကို တိုင်းပြုပြည်ပြုလွှတ်တော်တွင်ဗဟိုကော်မတီလူကြီးများဖြစ်သော သခင် သန်းဖေ၊ သခင်တင်ထွန်း၊ သခင်ဇင်၊ ဗိုလ်သိန်းတန်တို့က ရှေ့ဆောင်လိမ့်မည်ဖြစ်ကြောင်း။
စသည်ဖြင့်ဖော်ပြခဲ့ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)
ထွန်းဝင်းငြိမ်း
(သခင်ဇင် စာအုပ်၊ ယဉ်မျိုးစာအုပ်တိုက်၊ ၂၀၁၆ မှ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts