News Suu L Linn

concern over Irrawaddy river

ဧရာဝတီမြစ်အရေးအတွက် ထင်ရှားသူတို့က ထပ်မံ သတိပေးပြီ
ဆူးအယ်လ်လင်း
စက်တင်ဘာ ၃၀၊ ၂၀၁၃

ဧရာဝတီမြစ်၏ အခြေအနေယိုယွင်းလာမှုနှင့် ပတ်သက်ပြီး စနေနေ့က ရန်ကုန်မြို့တွင် ပြုလုပ်သည့် အစည်းအဝေးကြီးတခုတွင် သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်သူများက သတိပေးပြောကြားလိုက်သည်။

ဧရာဝတီမြစ်သည် အားပျက်နေသည့်မိခင်အိုတဦးနှင့် ဆင်တူလာသည်ဟု  မိုးလေဝသနှင့် ဇလဗေဒ ညွှန်ချုပ်ဟောင်း ဦးထွန်းလွင်က ဧရာဝတီမြစ်ဝှမ်းဒေသ ဖွံ့ဖြိုးမှု အဓွန့်ရှည်ရေးဆိုင်ရာ သုတေသနအဖွဲ့၏ ဒုတိယအကြိမ် လူထုအကြံပြုအစည်းအဝေးပွဲ၌  ပြောကြားလိုက်သည်။

“ကနေ့ အချိန်ခါက ဘယ်တုန်းကနဲ့မှ မတူအောင်အရေးကြီးပါတယ်။  မိခင်ကြီးဖြစ်တဲ့ ဧရာဝတီရဲ့ ကျန်းမာရေးက သိပ်မကောင်းဘူး။
 အဲဒီမှာမှ   မြစ်ဆုံက တာ ဆောက်ဦးမယ် ဆိုတော့  အသက်ခြောက်ဆယ်ခုနှစ်ဆယ်လောက်ရှိတဲ့ အားပျက်ပြီး  ဆေးရုံတက်နေတဲ့ မအေကြီးကို  ဘရိတ်ဒန့် ကခိုင်းသလိုဖြစ်နေတယ်” ဟု ဦးထွန်းလွင်က သုံးသပ်ပြသည်။
   
“ဧရာဝတီမှာ ကျနော်တို့ဌာနက မြစ်နဲ့ပတ်သက်တဲ့ တိုင်းတာချက်တွေ လုပ်တယ်။
 ၁၉၆၅ ထဲက မြန်မာနိုင်ငံမှာ  ဇလဗေဒလုပ်ငန်းများ လုပ်ခဲ့ပါတယ်။
အဲဒီ ဇလဗေဒပရောဂျက်နဲ့ ကျနော် မိုးလေဝသဌာနမှာ အလုပ်ရတာပါ။
ဒါပေမယ့် ဧရာဝတီနဲ့ပတ်သက်ပြီး ကျနော်တို့ လုပ်တဲ့အလုပ်တွေက မပြည့်စုံသေးဘူး။
 မြစ်ကြီးနားမြို့ရဲ့ အထက်ဘက်ကျတဲ့ မြစ်ဆုံမှာ ဘာဇလဗေဒ မှတ်တမ်းမှ မသုံးဘဲနဲ့ တာဆောက်မယ်ဆိုတာ သိပ္ပံနားလည်တဲ့သူတိုင်း  ဘယ်သူမှ လက်မခံပါဘူး။
ဇလဗေဒမှတ်တမ်း ရှိတယ်လို့ ပြောရင် ကျနော် မိုးလေဝသ ညွှန်ချုပ်ဟောင်းတယောက် အနေနဲ့ ငြင်းရမှာဖြစ်ပါတယ်” ဟု သူက ထောက်ပြပြောဆိုခဲ့သည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ သီရိခန်းမ၌ ကျင်းပခဲ့သော ထိုအစည်းအဝေးကို ပညာရှင်များလည်း တက်ရောက် ဆွေးနွေးခဲ့ကြသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုံ့ဆော်ရာတွင် ထင်ရှားသည့် ဦးအုန်း၊ ဒေါ်ဒေဝီသန့်စင်တို့ကလည်း အောက်ပါအတိုင်း ပြောဆိုခဲ့ကြသည်။

     “ဧရာဝတီမြစ်ကြီးစပြီးတော့ဖြစ်တဲ့ ရေခဲတောင်တွေရှိတဲ့ ဗမာပြည်နဲ့ထိစပ်တဲ့ ဗမာပြည်နဲ့ အိန္ဒိယ နဲ့ ဆက်တဲ့အဲဒီလိုနေရာက စတယ်။  research (သုတေသန) လုပ်တယ်ဆိုတာက အဲဒီလောက်ကစဖို့ ကျနော်အကြံပြုချင်ပါတယ်” ဟု ပြောသည်။

“ဧရာဝတီတင်မကဘူး အခြားမြစ်တွေ ဥပမာ  မြစ်သာမြစ် ကုလားတန်မြစ် ရွှေလီမြစ်တို့ သံလွင်မြစ်တို့ ဆိုတာ တခြားနိုင်ငံတွေနဲ့ ဆက်စပ်နေတာ တရုတ်ပြည်က သံလွင်မြစ်ဖျားမှာ dam ဆောက်တယ်။
 မွန်ပြည်နယ်တို့ ကရင်ပြည်နယ်တို့မှာ ရေကြီးတယ် ရေလျှံတယ်။ ရေတွေ quality (အရည်အသွေး) ကျတယ်”

ဦးအုန်း
နာယက၊ ဧရာဝတီမြစ်ဝှမ်းဒေသဆိုင်ရာ ဖွံ့ဖြိုးမှု အဓွန့်ရှည်ရေးဆိုင်ရာ သုတေသနအဖွဲ့

——————————————————————

“ပြုပြင်ပြောင်းလဲရေးကို အကုန်လုံး ဝိုင်းဝန်းပြီး  တော့လုပ်ဆောင်ခွင့်ရတဲ့အချိန်မှာ ကျမတို့ ပါဝင်ပြီးတော့ အမှန်ကို အမှန်အတိုင်း၊
 အမြင်ကို အမြင်အတိုင်း အရှိကို အရှိအတိုင်းပြောဖို့ အချိန်ကျနေပါပြီ။
 မြန်မာနိုင်ငံကို ကျမတို့ ရှေ့ဆက် ဒီ့ပြင် တိုင်းပြည်တွေနဲ့ ယှဉ်နိုင်အောင် ပြန်ပီးတော့ တွန်းတင်တဲ့နေရာမှာ အစိုးရက အခရာလို့ ထင်ပါလိမ့်မယ် မဟုတ်ပါဘူး။
 ပြည်သူလူထုရဲ့ အသံနဲ့ ပညာရှင်တွေရဲ့သတ္တိရှိရှိနဲ့  ထောက်ပြမှု အားဖြည့်မှုတွေဟာ ကျမတို့ အခုလို ပွင့်လင်းလာတဲ့အချိန်မှာ အင်မတန်မှ တန်ဖိုးရှိတဲ့  အရာဆိုတာ ကျမတို့ မေ့မထားသင့်ပါဘူး”

“ပညာရှင်ဆန်ဆန်တွေ့ရှိချက်တွေနဲ့ စာတမ်းပြုစုမှုတခု မဟုတ်ဘဲနဲ့
တကယ့်လူ့ဘဝတွေမှာ လိုအပ်တဲ့ ကွက်လပ်တွေကို နိုင်ငံတော်အစိုးရ အနေနဲ့ အဖွဲ့စည်းတွေအနေနဲ့ ဝန်ကြီးဌာနအသီးသီး ဘယ်လို အားဖြည့်ပေးရမယ်ဆိုတဲ့
ပညာရှင်ရဲ့ မြင်တဲ့ရှုထောင့်ကနေပြီးတော့ သုံးသပ်မှုတွေ အကြံပေးမှုတွေပါ   တင်ပြဖို့ ကျမ အကြံပြုချင်ပါတယ်”

 ဒေါ်ဒေဝီသန့်စင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts