ကဗျာ မြန်မာပြည်တွင်း

မင်းဘုန်းနိုင် – အရေးပေါ် အခြေအနေအရ အခုလို ငါရေးမိ

KT#
အရေးပေါ် အခြေအနေအရ အခုလို ငါရေးမိ
မင်းဘုန်းနိုင်
(မိုးမခ) မတ် ၅၊ ၂၀၁၈

လွတ်ကျတော့မယ့် မျက်စောင်းကအစ

နစ်ဝင်တော့မယ့်ဓားချက်တွေအထိ ငါရရှိခဲ့တယ်
ငါနဲ့ခေတ်က တပြိုင်တည်းဖြစ်ရ
ငါနဲ့ခေတ်ဟာ တပြိုင်တည်း ပျက်ရ။
စင်္ကြန်လမ်းတွေပေါ် ဗုံးစဗုံးနတွေပြန့်ကျနေ
ဟောပြောပွဲ စင်မြင်တွေပေါ် စစ်ပွဲ ရေးရာတွေ ဖြာနေ
ငါတို့ဟာ တခေတ်ထဲမှာ စစ်ဖြစ်နေ
‘စစ်ပွဲကြီးပြီးသွားတဲ့အခါ 
ကျွန်တော့်မှာ အိပ်မက်တခု ရှိတယ်’လို့ ငါတို့ပြောကြတယ်
ငါတို့ဟာ မာတင်လူသာကင်းရဲ့နောက်ဆုံးသော မျိုးဆက်ဖြစ်ချင်ဖြစ်မယ်
ကြေးနန်းပို့လိုက်ပါတယ် ဘုရားသခင်
မျက်မှောက် အရေးကြီးကိစ္စတွေအကြောင်း
ကိုယ်တော်ဖတ်ရှုတော်မူပါ လေထုကိုရှင်းသန့်တော်မူပါ။
ငါတို့ရဲ့ မနက်စာက ကားမှောက်တဲ့သတင်းမဟုတ်ရင်
Rape လုပ်တဲ့သတင်းပဲ
တနေကုန် ငါတို့မှောက်လိုက် Rape လုပ်ခံလိုက် လောင်ကျွမ်းပြာကျလိုက်
အခါခါထပ်ဖြစ်နေတဲ့သတင်းအချက်အလက်တွေထဲ ငါတို့ဆံဖျားကနေ ခြေဖဝါးထိ အခါခါသေဆုံး
သိပ္ပံနည်းအရ မသေဆေးကို ငါတို့စားဖို့ကြိုးစားတယ်
ငါတို့သေဆုံးကြောင်း နေ့ခင်း ၁၂ နာရီသတင်းမှာ ထပ်ပါတယ်
ငါဟာ သေလူ ငါတို့ဟာ 
ထပ်ပြန်တလဲလဲ သေလူတွေ
လောင်စာတွေ သေမှုသေခင်းကို
 နှိုးဆွပေးနေဆဲ ရုပ်ပုံတွေ
သေခြင်းဆိုင်ရာ ဂီတတွေဆီကနေပြေးရင်း
မသေမဖြစ်သေနေရသူတွေ။
တစ်ရက်သေပြီး နောက်တစ်ရက်မိုးလင်းမှာ
ငါ ထပ်သေဖို့မျက်နှာထသစ်ရတယ်
ငါတို့ထပ်သေဖို့ ရှင်ပြန်ထမြောက်လာကြတယ်။                
မင်းဘုန်းနိုင်
၂၆ ရက်ဖေဖော်ဝါရီ ၂၀၁၈
* Rape-မုဒိမ်းကျင့်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts