ဆောင်းလူ

Saung Luu – Essay

နာရီများ …မျက်ရည်များနဲ့.. ကစုန်ပေါက် ကျော်လွှားခဲ့မိသော ..မြစ်
ဆောင်းလူ
စက်တင်ဘာ ၂၃၊ ၂၀၁၃


ချပ် ..ချပ် ..ချပ် …
နောက်ဆုံး သတိပေးချက် ..။ ထွက်သက် .. ၀င်သက် .. အို …မျက်ရည်တွေတောင် လည်လို့ …။ မြင်လေရာ မြင်ကွင်း ရိုင်းရိုင်းအောက်မှာ .. ဖြောင့်ဖြောင့်စင်းစင်းကြီး ရိုင်းပြနေတဲ့ နေကြာရိုင်းတွေ ..တပုံတထွေးကြီး ..။ 
ကျနော် ခု အလည်ရောက်နေတယ် … ။ ပုံရိုင်းရိုင်းတွေတင်တတ်တဲ့ ဖေ့ဘုတ်ခ်ပေါ်မှာ ..ကျနော့်မျက်လုံးတွေက ပုတ်ခတ် ပုတ်ခတ်နဲ့ .. ရိုင်းရိုင်း စင်းစင်းကြီး ..။ မနေ့က ကြည့်မိတဲ့ ဗဲန်ဂိုးရဲ့ နေကြာပန်းရိုင်းကြီးကို သူမသိအောင် ကျနော့်ချစ်သူ အပျိုမကို ပေးလိုက်တယ် ..။ ကျနော့်ချစ်သူ အပျိုမက တခိခိနဲ့.. နေကြာပန်းရိုင်းခင်းကြီးထဲမှာ ..လူးလား လိမ့်လား …။ 
မဟန်လိုက်ပုံများ …
မြင်မြင်ရာ ရိုင်းလာတယ် …
တွေ့နေကြ လတောင် အရိုင်းဆန်လာတယ် …
နောက်ဆုံးပေါ် ကျနော့်ရဲ့ ဆက်ခ်စီကျလှတဲ့ ဆမ်ဆောင်း ဂလက်ဆီဖိုးလ်မှာ ဗိုင်ဘာထည့်ပြီး မွန့်ခ်ျ ဆီခေါ်လိုက်တယ် …။ အကြောင်းပြ တာက သူ့ရီသံ ကျနော်ကြားချင်လို့ပေါ့ …။ ခက်တာက .ကျနော်ကိုယ်တိုင်က အော်ဖို့လောက်ပဲ သိတယ် ..။ ခက်ပြီ …။ ကျနော်အသံမှာ နုတ်ခ်တွေများလာပြီ …။ 
မြစ်တွေ ..လှစ်ကနဲ ..လှပ်ကနဲ့ .. ကျနော် ကစုန်ပေါက်ကျော်လာလိုက်တာ … ကျနော့်ထွက်သက်တောင် သက္ကရာဇ်တောင် စွန်းစွန်း ထွက်နေပြီ .. ခုတလော ကြည့်မိတဲ့ဇာတ်ကားတွေက သွေးစိမ်းရှင်ရှင် ပန်းထွက်နေတာတောင် ဟန်မပျက်ရီနေကြသေးတယ် …။ အချစ်သိပ်ဆန် လာတယ် ..။ အလွမ်းသိပ်ဆန်လာတယ် …။ နောက်ဆုံးတော့ …ကယ်ရီကေးရှားဆန်ဆန် သရုပ်ပြကွက်တွေနဲ့ …။ 
စိတ်တွေက တောဆန်လာတယ် …
အိပ်မက်တွေက အရိုင်းဆန်လာတယ် …
စိတ်ကူးတွေက သတ္တုဆန်လာတယ် …
အနီနဲ့ အနီ သိပ်ချစ်ကြသလောက် …
အဖြူနဲ့ အဖြူ ကွဲလွဲတယ် …
အပြာနဲ့ အပြာ ကွဲလွဲတယ် …
ဒါကြောင့် … ညညမက်တဲ့ ..အိပ်မက်တွေတောင် ….ဖက်ရှင်ကျတဲ့ လမ်းတလျှောက်မှာ … ရှင်တစ်ဝက် ..သေတစ်ဝက် …။
စိတ်အလိုကျ .. အတ္တအလိုကျ .. အလင်းနဲ့ ထုဆစ်ထားတဲ့ အရာတွေကို လိုက်ဖမ်းရင်း မောလိုက်တာမှ …
ခုတော့ ကျနော် မြရဲ့ လကို နားထောင်နေတယ် …။ မြက လကိုချစ်တယ် .. လက မြကို ချစ်ချင်မှ ချစ်ပေလိမ့်မယ် …။ ကျနော်ကတော့ ဖိုးလမင်း ကြီးတော့ မလိုချင်ဘူး …။ ရေသောက်မြစ် ပျောက်သွားမှာစိုးလို့ …။ ခုတော့ ကျနော် ကစုန်ပေါက် ကျော်လွှားခဲ့မိတဲ့ မြစ်တွေခမျာ ပါဖော့မင့် ဆန်လို့ …။ 

ပန်းချီ – ပီကာဆို

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts