ကိုသန်းလွင် ရသဆောင်းပါးစုံ

ကိုသန်းလွင် ● ဒီဂျစ်တယ် သန်းခေါင်စာရင်း

ကိုသန်းလွင် ● ဒီဂျစ်တယ် သန်းခေါင်စာရင်း
(မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂ဝ၁၈

(၁)
၁၉၇၃ ခုနှစ်က ဖြစ်ပါသည်။  နိုင်ငံတော်ကဦးဆောင်မှုဖြင့် နိုင်ငံနှင့်အဝှမ်း သန်းခေါင်စာရင်းကောက်ယူခဲ့သည်။ ကျွန်တော်တို့ ကျောင်းသားအရွယ်က ကျရာနေရာမှာပါဝင်ရ၏  မုံလှဆိုသော ရွာကလေးတရွာမှာ တာဝန်ကျသည်။ ထိုရွာတွင် တပတ်ခန့် နေရသည်။ ရွာလူကြီးလုပ်သူ၏အိမ်မှာ အိပ်ရ စားရသည်။ သတ်မှတ်ထားသော ရက် ဧပြီလ ၁ ရက်နေ့ဟု ထင်ပါသည်။ ကျွန်တော်တို့ သင်တန်းပေးထားသော ကျောင်းသားလူငယ်များသည် တအိမ်တက်ဆင်း လူစာရင်းကောက်ကြရသည်။ သန်းခေါင်စာရင်းဆိုသည်မှာ ညဥ့်နက်သန်းခေါင် လူခြေတိတ်ချိန် အိမ်မှာလူစုံသောအချိန်မှာ ကောက်ရသည်ဟုလည်း ကြားဖူးသည်။

လုပ်အားပေးတွေ ကောက်လာသမျှ စာရင်းတွေမှာ တစ်အိမ်ထောင်စုတွင် A 4 စာရွက် ၄ ရွက်စာ ဆိုဒ်ကြီးနှင့် တစ်ရွက်ဖြစ် သည်။ ထိုအရာမှာ အိမ်ထောင်ဦးစီး မှီခိုတွေ အိမ်ရှိလူကုန် တစ်ဦးမျှ မကျန်ရလေအောင် မွေးနေ့၊ နေရပ်လိပ်စာ၊ အလုပ် အကိုင် စသည်ဖြင့် အချက်အလက်တွေကို ကောက်ယူရသည်။ ကျွန်တော်တို့တာဝန်မှာ ကလေးတွေထည့်လာတာ မှန်မမှန် စစ်ဆေးရန်ဖြစ်သည်။

ကျွန်တော်တာဝန်ယူရသော စာရင်းတွင် အမှားတွေ အများကြီးပါလာသည်။ ကျား၊ မ ခွဲတာကအစ နေရာမကျ၊ အလုပ်အကိုင်၊ မွေးနေ့ထည့်ရမည့်နေရာမထည့်၊ ကျွန်တော်တို့က မစစ်ဘဲ မှတ်ပုံတင်အရာရှိထံ အထုပ်အပ် သောအခါ အခက်အခဲတွေ အများကြီးတွေ့ကြရသည်။ မှန်မမှန်ကိုမသိ၊ ပြန်၍ အိမ်ပေါက်စေ့ပြင်ရန်မှာလဲ မဖြစ်နိုင်တော့ပြီ၊ နောက်ဆုံးမှတ်ပုံတင်အရာရှိက ဒိုင်ခံ ပြင်ဆင်ရတော့သည်။

ကျွန်တော်တို့က ငယ်သေးသည်။ သန်းခေါင်စာရင်း အဘယ့်ကြောင့် ကောက်ရသည်ဆိုခြင်းကို ကျေကျေညက်ညက်မရှိ၊ နိုင်ငံတော်က ငွေကုန်ကြေးကျ အများကြီးခံ၍ စာရင်းကောက်ယူရခြင်းဖြစ်ကြောင်းကိုကား ရိပ်စားမိသည်။

စာရင်းချုပ်ရသည်ဆိုသည်မှာလည်း လွယ်စရာအကြောင်းမရှိ၊ အားလုံးလက်နှင့် လုပ်ရခြင်းဖြစ်သည်။ သန်းခေါင် စာရင်း ကောက်ရခြင်းကြောင့် စာရွက်အထုပ်တွေ အထုပ်ပေါင်းများစွာ ရရှိသည်။ ထိုစာရွက်များကို တစ်ရွက်စီလှန်ကာ လယ်ဂျာ သွင်းကြရသည်။ ထိုမှတဆင့် မြို့နယ်စာရင်းပေါင်းချုပ်၊ ခရိုင်ပေါင်းချုပ် စသည်ဖြင့် တပြည်လုံးပေါင်းရသည်။ တစ်ခုခုသိချင် တာရှိလျှင် အထုပ်ကိုဖြေ၍ လိုအပ်သလို ကြည့်ကြရသည်။

ယခု ဒီဂျစ်တယ်ခေတ်မှာ ဒီလိုမဟုတ်တော့ပြီ၊ စာရင်းမှန်သမျှကို ကွန်ပျူတာမှာ ရိုက်သွင်းထားပါလျှင် လိုချင် သောအချက် အတွက် ကွန်ပျူတာနှိပ်လိုက်ရုံသာ၊ ကျား၊ မ အလုပ်အကိုင် ရှိ/မရှိ၊ အသက် ၃ဝ နှစ်အောက်အရွယ် အသက် ၆ဝ အထက်၊ တိုင်းရင်းသား၊ မြန်မာ၊ ကုလား၊ တရုတ် စသည်ဖြင့် (Category)  ခွဲချင်လျှင် ကွန်ပျူတာ ခလုပ်နှိပ်လိုက်ရုံသာ၊ အရေအတွက် အတိအကျရသည်။

မြန်မာနိုင်ငံတွင် နယ်ချဲ့အင်္ဂလိပ်အစိုးရလက်ထက် ၁၈၇၂ ခုနှစ်တွင် အောက်မြန်မာနိုင်ငံမှာ စာရင်းကောက်ဖူးသည်။ မြန်မာ စစ်တမ်းဟုခေါ်၏၊ ၁၈၉၁ ခုနှစ်တွင်မှ တပြည်လုံးစာရင်းကောက်ရသည်။  ၁ဝ နှစ်လျှင် တကြိမ် သန်းခေါင်စာရင်းကောက် သည်ဟု မှတ်သားရဘူးသည်။ လွတ်လပ်ရေးရပြီး ၁၉၅၃ နှင့် ၁၉၅၄ တွင် စတင်ကောက်ရသည်။ မြန်မာနိုင်ငံတွင် မွေးဖွား နှုန်းက သေနှုန်းထက် အများကြီးကွာခြားမှုကြောင့် လူဦးရေများပြားလာပုံ၊ တရုတ်နှင့် ကုလားလူမျိုးတို့၏ အချိုးအစား၊ နှုန်းထား ပြောင်းလဲလာပုံ၊ သန်းခေါင်စာရင်းကို ဆန်းစစ်ကြည့်ရုံဖြင့် သိသာသည်။

နိုင်ငံကြီးငယ်မရွေး နိုင်ငံခြားသားတို့၏ တိုးဝင်မှုနှုန်းထားများကို စောင့်ကြည့်ရန်မှာ အစိုးရများတွင် တာဝန်ရှိသည်။ ၎င်းမှာ ထိန်းချုပ်မှု (Control) တစ်ခု၏အောက်တွင် ရှိနေရမည်၊ အမြဲတစေ စောင့်ကြည့်နေရမည်၊ ကိုးကွယ်သည့်ဘာသာ မတူညီ သည်မှာလည်း လူဦးရေကိုစောင့်ကြည့်ရာတွင် ပါဝင်ရမည့်အချက်အလက်တခုဖြစ်သည်။
(၂)
နိုင်ငံလူဦးရေကို အချိန်မရွေးသိရှိနိုင်စေရန် နိုင်ငံသားတိုင်း Control Card (သို့) Identification Card တစ်ခုကို ထုတ်ပေး ရန်ဖြစ်သည်။ ဤနည်းဖြင့် ထိုလူကို နိုင်ငံသားအဖြစ် အသိအမှတ်ဖြစ်စေရန်လည်းဖြစ်သည်။ လက်ရှိစနစ်မှာ တိုင်းအလိုက်၊ မြို့နယ်အလိုက် အစီအစဉ်ဖြစ်သည်။ ဥပမာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်မှာ နေသူတစ်ယောက်အတွက် ၁/မကန (နိုင်) ၁၂၃၄၅၆ ဟူသော ဂဏန်းခြောက်လုံးပါ မှတ်ပုံတင်ကဒ် ထုတ်ပေးလိုက်ခြင်းပင်ဖြစ်သည်။ ဤနည်းဖြင့် စစ်ကိုင်းတိုင်း ၅/ရဥန (နိုင်) မှာ ရေဦးမြို့သားတယောက်အတွက် ဖြစ်လာသည်။

အိန္ဒိယပြည်၏စနစ်မှာ နိုင်ငံသားတဦးကို ဒီဂျစ်တယ်နံပါတ် တခုစီပေးခြင်းဖြင့် ၁၂ လုံးပါ ဂဏန်းတွဲတစ်ခုကို တပြည်လုံးခွဲဝေပေးလိုက်ခြင်းပင်ဖြစ်သည်။ လူဦးရေ ၁.၆ဝ ဘီလီယံတွင် ၁.၁၈ မျှသောလူတို့မှာ ဤဂဏန်းကို ရရှိပြီးဖြစ်သည်။ လူတဦး လျှင် ကိုယ်ပိုင်နံပါတ်တစ်ခုနှင့် ကိုယ်ပိုင်ကဒ်တစ်ခုရရှိသည်ဟု ဆိုလိုသည်။ ထိုသူက မိမိနံပါတ်ကိုအသုံးပြု၍ မြို့နယ်၊ ရုံး တွေမှာ ဝင်ပြီးပုံနှိပ်ပါလျှင် မိမိနာမည်၊ နေရပ်၊ မွေးနေ့သက္ကရာဇ်၊ အလုပ်အကိုင် စသည်ဖြင့် အချက် ၁၁ ချက်တို့ပါဝင်သော မှတ်တမ်းတခုကို ရရှိနိုင်သည်။

အိန္ဒိယလိုစနစ်မျိုးဖြစ်ရန်အတွက် မြန်မာနိုင်ငံ တိုင်းနှင့်ပြည်နယ်အနှံ့ နက်ဝပ်ကြီး (Net works) တခု ချိတ်ဆွဲ ထားရန်လိုအပ် သည်။ လက်မှတ်တခု ထုတ်ပေးတော့မည်ဆိုလျှင် လိုအပ်သောစည်းမျဉ်း၊ စည်းကမ်းနှင့်အညီ ခွင့်ပြုမိန့်ကို ချပေးနိုင်မည့် လူရှိရန် လိုအပ်သည်။ နက်ဝပ်ကို ထိန်းသိမ်းပြုပြင်ဖို့ ကွန်ပျူတာ ကျွမ်းကျင်သောဝန်ထမ်းရှိရမည်၊ ကွန်ပျူတာထိန်း သိမ်း နည်းတို့ကို တတ်ကျွမ်းထားရန်လိုအပ်သည်။

အိန္ဒိယတစ်ပြည်လုံး ကိုလိုနီအင်္ဂလိပ်တို့က မီးရထားလမ်းများ ဖောက်လုပ်လိုက်သောအခါ အိန္ဒိယနိုင်ငံမှ သယံဇာတပစ္စည်း များကို ဆထက်ထမ်းပိုး တိုးတက်ထုတ်ယူနိုင်ကြသည်ဟု အဆိုရှိသည်။ ယခု နီရန်ဒါမိုဒီ (Narendra Modi) က ဒီဂျစ်တယ် စနစ် ပြောင်းပေးခြင်းဖြင့် ပြည်သူပြည်သားများ၏အင်အားကို များစွာထိန်းချုပ်သွားနိုင် ပြီဖြစ်သည်။

လူတစ်ဦးချင်းစီ၏ နေရှင်နယ်အိုင်ဒီနှင့်ကဒ်ကို ထိုသူ၏ ဘဏ်အကောင့်နှင့် တွဲစပ်ပေးထားသည်။ အစိုးရ၏ ထောက်ပံ့ငွေ အမတော်ကြေး စသည်တို့ကို ထိုအိုင်ဒီအတိုင်း ထုတ်ပေးနိုင်ခြင်းဖြင့် ဘဏ်ဝန်ထမ်း၊ စာတိုက်ဝန်ထမ်း၊ ဆယ်အိမ်မှုး စ သည်ဖြင့် ကြားထဲမှ ဝင်ရှုပ်၍မရတော့ပေ။ ဤသည်မှာ ငွေပေးဝေမှုတွင် အနည်းဆုံး ၃ဝ ရာခိုင်နှုန်း တိုးတက်သွား ခြင်းဖြစ် သည်။ ယခုအခါ ဘဏ်အကောင့်ကို မိုဘိုင်းဖုန်းနှင့် တွဲချိတ်ပေးလိုက်သောအခါ မိုဘိုင်းဖုန်းကို ဝှေ့ရမ်းရုံဖြင့် ငွေပေးချေပြီးဖြစ် သွားတော့သည်။ အမျိုးသားအိုင်ဒီပေါ်လာခြင်းဖြင့် အစိုးရနှင့် ပြည်သူဆက်ဆံရေးမှာ များစွာပြောင်းလဲသွားပြီဖြစ်သည်။

လူတစ်ဦးတစ်ယောက်စီသည် ဘဏ်အကောင့် ဘယ်နှစ်ခုဘဲဖွင့်ဖွင့် အိုင်ဒီရှိနေသဖြင့် လွယ်ကူသည်။ ထိုဘဏ်အကောင့် တစ်ခုစီမျှ ငွေထုတ်ကဒ်ကို လိုအပ်သလို ခွဲဝေပေးသဖြင့်လည်း လိုသည့်နေရာမှာ သုံးစွဲနိုင်သွားတော့သည်။

အစိုးရချေးငွေများကိုလည်း ဘဏ်ဝန်ထမ်းကဲ့သို့သော ကြားခံလူမရှိတော့ဘဲ တိုက်ရိုက်ထုတ်ပေးနိုင်သည်။ လစာပေးခြင်း၊ လစာတိုးခြင်း၊ ရာထူးအပြောင်းအလဲ အားလုံးမှာ ထိုနေရှင်နယ်အိုင်ဒီကပင် ချုပ်ကိုင်ထားသဖြင့် ဝန်ထမ်းအားလုံးကို ချုပ် ကိုင်ထားပြီး ဖြစ်သွားတော့သည်။

မြန်မာနိုင်ငံအနေဖြင့် ကဒ်စီမံကိန်းကို စတင်အကောင်အထည် ဖော်တော့မည်ဆိုလျှင် နိုင်ငံတော်စီမံကိန်းဖြစ်ဖို့ လိုသည်။ တစုံတဦး၊ အဖွဲ့အစည်းတမျိုးတည်းမဟုတ်ဘဲ တိုင်းပြည်ရှိ လုပ်သားတိုင်း ပါဝင်ဖို့လိုပါသည်။ မြို့နယ်တိုင်းသို့ နက်ဝပ် များချိတ်ဆွဲထားပြီး မှတ်ပုံတင်ရုံးမှတဆင့် နေရှင်နယ်အိုင်ဒီများကို ထုတ်ပေးရမည် ဖြစ်သည်။ ကွန်ပျူတာကျွမ်းကျင်သူပေါများလာသော ကျွန်တော်တို့နိုင်ငံတွင် အတတ်ပညာပိုင်းမှာ ဘာမှပြောစရာမရှိပေ၊ လူငယ်အများအပြား အလုပ်အကိုင် ရရှိ ကြမည်ဖြစ်သည်။

ဤနက်ဝပ်သာရှိလျှင် ဘယ်မြို့ဘယ်ရွာမှာ ဘယ်နှစ်ယောက်ရှိသည်ကိုလည်း ခလုပ်တစ်ချက်နှိပ်ရုံဖြင့် သိနိုင်ပြီဖြစ်သည်။ ကျား၊ မ ဦးရေ လူအမျိုးအစား၊ ဦးရေကို အလွယ်တကူသိနိုင်သည်။
လူအမျိုးအနွယ်၊ နိုင်ငံခြားသား စသည်ဖြင့် ခွဲခြားရန်အတွက်လည်း ခလုပ်တစ်ချက်နှိပ်ရုံသာ၊ လူဝင်လူထွက် Control ကို အလွယ်တကူ လုပ်နိုင်ပေလိမ့်မည်၊ တိုင်းပြည်တစ်ပြည်တွင် အရေးကြီးသည်မှာ နိုင်ငံတော်အစိုးရ အနေဖြင့် မိမိတိုင်းပြည် တွင် လူဘယ်နှစ်ယောက်ရှိသည်ကို အချိန်မရွေးသိနိုင်ရန် အရေးကြီးသည်။

အိန္ဒိယပြည်တွင် ကွန်ဂရက်ပါတီအစိုးရက စခဲ့သည့်စီမံကိန်းမှာ ဝန်ကြီးချုပ် နီရန်ဒါမိုဒီလက်ထက်မှ အဆုံးသတ် နိုင်ခဲ့သည်။ နောက်ပိုင်းတွင် မြေပိုင်ဆိုင်မှု (Land Record) များကိုပါ ဤနက်ဝပ်နှင့် ချိတ်ဆက်သွားနိုင်ရန် ရည်ရွယ်ထားရာ နက်ဝပ်၏ သဘာဝမှာ ပိုမိုကြီးထွားလာရန်သာရှိသည်။ နက်ဝပ်ကြီး များကို ကိုင်တွယ်ရန် (Block Chain) ခေါ် ကွန်ပျူတာစနစ် ရှိပြီးဖြစ် သည်။

ထိုမှတဆင့် စာချုပ်စာတမ်းများကိုပါ မှတ်တမ်းတင်နိုင်ပြီဆိုလျှင် တိုင်းသူပြည်သားများအတွက် အလုပ်အကိုင် အတော်ပင် လွယ်ကူသွားမည်ဖြစ်သည်။ စာချုပ်စာတမ်းများမှာ တရားဝင် မှတ်ပုံတင်ထားခြင်းဖြစ်သဖြင့် စီးပွားရေးလုပ်ကိုင်ရာတွင် များ စွာ အဆင်ပြေသွားမည်ဖြစ်၏၊ ဤနက်ဝပ်တွင် တရားဝင် တင်ခွင့်ရရှိရေး၊ မသမာမှု ကင်းစင်ရေးကိုသာ ကြီးကြပ်ပေးရ မည်ဖြစ်သည်။

(၃)
ယခုအခါ ကျွန်တော်တို့ မုံလှမှာ ကောက်ခဲ့သော သန်းခေါင်းစာရင်းမျိုးကို ဆယ်နှစ်တကြိမ်စသည်ဖြင့် အကြိမ်ကြိမ်အထပ် ထပ် ကောက်နေစရာမလိုတော့ပေ။ တကြိမ်ကောက်ရုံဖြင့် ပြည့်စုံသော ဒေတာ (data base) တခုကိုရရှိမည် ဖြစ်သည်။ ၎င်းကို မွေးဖွားခြင်း၊ သေခြင်း စသည်ဖြင့် ထပ်ဆင့် မှတ်တမ်းတင်ရုံ (Update) သာ ဖြစ်သည်။ တနည်းအားဖြင့်ဆိုသော် တ ကြိမ်ကောက်ရုံဖြင့် ပြည့်စုံသောရီကော့ကို ရရှိမည်ဖြစ်သည်။

ကိုသန်းလွင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts