Yan Lin Aung – Our Land Poem

မြေသန့် ကမ္မ၀ါ … … မြေသန့် ကဗျာ 
ရန်လင်းအောင်၊ အောက်တိုဘာ ၁၊ ၂၀၁၃

ငါတို့ … … … … …
ဒီမြေကို …  မလန့်လို့
ဒီမြေကို … သန့်ဖို့
ဒီမြေပေါ်အရောက်လာခဲ့ကြပေါ့  ။

ညီအစ်ကို မသိတသိနေ့တွေ
ထူထပ်ပေါက်ရောက်ရာ
ဒီမြေ …
ည ညဆိုခွေးအူသံတွေ ပွက်လောရိုက်နေတဲ့
ဒီမြေ … …
နေ့ခင်းကြောင်တောင်ကြီးထဲ
ယာဉ်တွေဟာစမ်းတ၀ါးဝါးနဲ့
ယင်ကောင်တွေလိုခြင်တွေလို
တ၀ီဝီ တစီစီအော်မြည်နေတဲ့
ဒီမြေ … …
အပုပ်နံ့တွေ တထောင်းထောင်းကြားမှာ
မသေ ခါးကျိုးမွန်းကျပ်နေတဲ့
ဒီမြေ  … …
အမှောင့်ပယောဂတွေနဲ့
အနှောင့်အသွားမလွတ်တဲ့
ဒီမြေ … …
ဒီမြေဟာ … …
လူ့အသက်ကိုတောင်းတယ်
ဒီမြေဟာ … …
ကြောက်သွေးကိုတောင်းတယ်
ဒီမြေဟာ … …
ရဲသွေးကိုတော့ မဲမပေးလိုတဲ့မြေ … …
ချောက်ချားဖွယ်အတိ … … …
သေလူတွေဟာရှင်ယောင်ဆောင်ထားပြီး
ရှင်သူတွေဟာ အသေကောင်ယောင်ဆောင်ပေးထားရတဲ့

ဒီမြေ ၊
ဒီမြေအောက်မှာမှ
ရွှေအိုးတွေ၊ ငွေအိုးတွေအများအပြား …..
ကျောက်သံပတ္တမြားတွေ အများအပြား ……
သိုက် ဆိုလားဘာဆိုလား ….
သိုက်တူးသမားတွေ  အရမ်းကာရောမျက်စိကျ
အင်းတိုက်၊ နတ်တိုက်
စုန်းတိုက်၊ မြွေတိုက်တွေနဲ့
မိုက်ရူးရဲဆန်လိုက်ကြပုံများ ….
တို့အတွက်တာ ….
တွင်းထွက်ကတော့ သက်ပြင်းငွေ့တို့သာ
တလူလူဆန်တက်ခဲ့ရပေါ့ ။

ဒီလိုနဲ့ပဲ …

 အားကောင်းမောင်းသန်
မြစ်ကြီး  မြစ်ငယ်အသွယ်သွယ်
ရေတိမ်နစ်ခဲ့ရပါသောဒီမြေ ………
သစ်တောစိမ်းစိမ်းတွေ
အစိမ်းသေသေခဲ့ရပါသောဒီမြေ ………
လမ်းအားလုံး
သွင်သွင်ကျိုးခဲ့ရပါသောဒီမြေ ………..
နေရောင်ခြည်အားလုံး
ရှော့ဖြစ်ခဲ့ရပါသောဒီမြေ …………
ကြယ်ရောင်လရောင်တွေ
ကြောင်တောင်ကန်းခဲ့ရပါသော
ဒီမြေ …………………..
သွေးစုပ်ဖုတ်ကောင်တွေရဲ့
စစ်တလင်းထဲ
အလင်းဆာသူများ
တောချောက်တိုင်းတောမှောက်ခဲ့ရအကြိမ်ကြိမ်
ဒင်းတို့ ……. မသဒ္ဓါရေစာ
သရေကျစရာပေါများလှတဲ့
ဒီမြေ ……………….

မြေမသန့်လို့ ….ရေသန့်ရှာခဲ့ပါရဲ့
ရေမသန့်လို့ …..လေသန့်ရှာခဲ့ပါရဲ့
ရှာဖွေလေအိပ်မက်ယာမက်
နာတာရှည် ချုချာခဲ့ရပေါ့ ။

အတိတ်တစ္ဆေတွေ အရိပ်လိုခြောက်လန့်ပြီး
ပစ္စုပ္ပန်များဘီးလူးစီးခံထားရ ၊
အနာဂတ်၏ပန်းခြင်းများ
တို့လက်ရောက်မှ  အပမှီခံလို့ ဖြစ်ပါ့မလား …
ရေကန်လည်းအဆင်မသင့်
ကြာပန်းလည်းမပွင့်နိုင်သေးတဲ့ ဒီမြေမှာ
တို့ ရေကန်  တို့တူး
တို့ ကြာတွေ  တို့အထာနဲ့ တို့
လာ …. ကိုယ်တိုင်ကိုယ်ကျ …. ဖူးပွင့်ကြရအောင်
တို့  သွေးစက်ဖြင့်
တို့  မျိုးဆက်အား
ဆေးကြောရဲရင့် တွင်ကျန်ရစ်စေအံ့ ၊
ဒီမြေကိုမလန့်လို့
ဒီမြေကိုသန့်ဖို့
ငါတို့ … …
ဒီမြေပေါ်အရောက်လာခဲ့ကြပေါ့ … … ။               ။
                                                

Photo credits – http://fionarobinson.wordpress.com/paintings/ballinglen-unstable-horizon-drawings/