ကဗျာ

မှိုင်းဝေ ● ဇာတ်ကောင်

မှိုင်းဝေ ● ဇာတ်ကောင်
(မိုးမခ) ဇန်နဝါရီ ၁၇၊ ၂၀၁၈

ဇာတ်ကောင် (၁)
သွားတိုက်ဆေးဗူးထဲကလိုလို
အများပိုင် အိမ်သာထဲကလိုလို
နယ်စပ်မြို့လေးလိုလိုနဲ့ ထွက်လာခဲ့
ဘယ်သူမှသတိမထားမိတဲ့အချိန်
လက်လွတ်စပယ်ချလိုက်တဲ့ သက်ပြင်းတွေ
လန့်နိုးတော့ စောင့်ကြည့်နေတဲ့
မျက်နှာကျက်ပန်ကာ ပြတင်းပေါက်တွေ
မျက်စောင်းချွတ်ပစ်ခဲ့တယ် ငါ သူ သူမ ကျွန်တော်။

ဇာတ်ကောင် (၂)
ဘဝဆင်ဆာတွေကို ဘုန်းတော်ကြီးရဲ့
သင်တုံးဓားက သတ်ဖြတ်လိမ့်မယ်လို့ ခြိမ်းခြောက်မှုတွေဟာ
ဘုန်းတော်ကြီးအပေါ် လက်ထောက်ချ
ဘုန်းတော်ကြီးမှာ အူပွင့်ထွက်လို့
မြို့တမြို့လူသတ်မှုက လိုင်းပေါ်ခုန်နေတုန်း
ရဲတိုက်ကြီးတွေဟာ သတင်းစာပြောင်းပြန်ဖတ်နေတယ်
ကျောင်းသားတွေစာငတ်ပြီး ရေသောက်နေကြရဲ့။

ဇာတ်ကောင် (၃)
ဆေးရုံထဲပြေးဝင်လာတဲ့ရောဂါကို
ဆရာဝန်တယောက် မျက်နှာလွဲ ခဲပစ်လိုက်တယ်
လွဲပစ်ခဲ့တဲ့ခဲဟာ နားအူပြီး သေသွားရော
ပန်းသေနေတဲ့ အရာရှိတယောက်ကိုတော့
ဆေးရုံကြီးဟာ ပါးစပ်နဲ့ ဝိုင်းမှုတ်မန်း
ရောဂါမှာရှက်ကြောက်ပြီး သုံးနှစ်တကြိမ်မှ ပြန်ပေါ်လာ။

ဇာတ်ကောင် (၄)
အနောက်ဖေးက
ရုတ်တရက်ခုန်ဝင်လာတဲ့ ဝမ်းနည်းစရာတွေ
မကြာခဏ ဖန်သားပြင်ပေါ်တွေ့ရ
မိခင်တွေဟာ သားသတ်ရုံတွေကို နို့တိုက်နေပြီး
နောက်တထောင့်မှာတော့ ကလေးတွေက
ကလေးတွေ ပြန်မြှူနေကြတယ်။

ဇာတ်ကောင် (၅)
အရက်မူးကွဲတုန်းက
လမ်းတွေဟာ သူတို့ကိုယ် သူတို့ ခရီးသည်တွေလို့ပြောပြီး
ရှည်လမျောဆန့်ထွက်သွားတယ်
မယုံကြည်သူရဲ့မျက်လုံးပာာ
အစိမ်းရောင်တောက်နေမလား
ဘုရားရှိခိုးကျောင်းမှာ သားဖွားပြီး
အဂုင်္လီမာလသုတ်ကို ရွတ်နေ
မွေးလာတော့ သားပာာ လက်ညှိုးပါမလာ။

ဇာတ်ကောင် (၆)
ဘုရားဖြစ်မယ့် အုတ်နီခဲမှာ ပြာပုံထဲကထွက်အလာ
စနိုက်ပါဟာ မောင်းခလုတ်ဖြုတ်လိုက်တယ်
အား
သွေးအေးအေးပဲ ဘုရားကြွသွားပြီ
နောက်ဘုရားထပ်ရောက်လာတယ်
ငတေဟာ စင်ပေါ်မှာ ပြုံးပြုံးကြီးနဲ့ ကတုံးကြီး။

ဇာတ်ကောင် (၇)
အဆင်မပြေမှုဟာ သူ့လည်ပင်းသူ ကြိုးကွင်းစွပ်လို့
လူသတ်ကောင်ဟာ မျက်မြင်သက်သေကို နှုတ်ပိတ်လိုက်တယ်
မျက်မမြင်တွေကျတော့ ကြိုးကွင်ထဲ လည်ပင်းစွတ်ပြီးသေနေတယ်
ဇာတ်ကြောင်းပြန်ပြောတော့
ကြမ်းခင်းဈေးမတူညီကြဘူး
ဒရုန်းတွေဟာ ခေါင်းပေါ်မှာ မျက်လုံးများဝိုင်းစက်
ယုတ္တိဗေဒအရ အဲဒီညဟာ ရန်သူမျိုးငါးပါး
အဖေကို ခေါ်သွားတာ။

ဇာတ်ကောင် (၈)
အဲဒါတွေဖြစ်ပြီး
မြို့ဟာ သူ့အညစ်ကြေးတွေကို မြစ်ထဲထွေးချလိုက်တာ
ငါးတွေဖြစ်သွားတယ်
ရာသီစာဈေးရဲ့ ငါးတွေပေါ့ တဖျပ်ဖျပ်လူးလို့
ဇာတ်ရှိန်မှာ ကြည့်နေတုန်း မပြောသေးဘူး
ဒုစရိုက်သမားဟာ အဟောင်းဆိုင်ထဲကထွက်လာတယ်
ပါးစပ်တဖက်က စီးကရက်ခဲပြီး။

ဇာတ်ကောင် (၉)
သက်တောင့်သက်သာရှိဖို့ အဆိုအမိန့်တွေကို ချွတ်ချလိုက်တော့
ပန်းထိုးအိုးထဲက
ကြောင်တွေ လက်ခမောင်းထခပ်တယ်
လက်သည်းတွေဟာ ဝှက်ထားတုန်းပဲ
ဒုတိယလူဟာ ကောင်းကင်ဘုံကို အကြိမ်ကြိမ် သေနတ်နဲ့ပစ်သတ်လိုက်တယ်
နောက်ရုပ်ရှင်ဖြစ်မှုပေါ် အိပ်ပျော်သွားခဲ့။

ဇာတ်ကောင် (၁၀)
အသံကြောင့် ဖားသေသွားတာပြောတော့
ဘုရားရှေ့က ခြင်္သေ့ကြီးမှာ
လူသိရှင်ကြား အသံမထွက်ပဲ ရယ်တယ်
ပြီးတော့
ပြည်သူ့ကိုယ်ဝန်ကို လက်မည်းကြီးဟာ လက်သည်မပေါ်အောင်ညှစ်သတ်ပြီး ပြန်ဝင်သွားတယ်
ရုပ်ရှင်ရုံထဲလိုလို အိပ်မက်ထဲလိုလို
ကလေးတစ်ယောက်ဟာ ဘာလို့ငိုနေရတုန်းလဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts