ဇင်လင်း သူတို့အာဘော်

ဇင်လင်း – ငြိမ်းချမ်းရေး ညီလာခံ တတိယ အစည်းအဝေး၊ စစ်ရေးဖိအားများနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးပြဿနာ

 

ဇင်လင်း – ငြိမ်းချမ်းရေး ညီလာခံ တတိယ အစည်းအဝေး၊ စစ်ရေးဖိအားများနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးပြဿနာ
(မိုးမခ) ဇန်န၀ါရီ ၁၄၊ ၂၀၁၈

ဤ ၂၀၁၈ ခုနှစ်တွင် ငြိမ်းချမ်းရေး ဘယ်လဲ ဘာလဲဟု မေးရမည့် အခြေအနေများ တွေ့လာနေရသည်။ ၂၀၁၇ ခုနှစ်ကို အစိုးရက ငြိမ်းချမ်းရေးနှစ်ဟု သတ်မှတ်ဆောင်ရွက်ခဲ့သော်လည်း မြေပြင်အခြေအနေများအရ စစ်ဆင်ရေးများ ယာယီမျှပင် ရပ်ပေးနိုင်ခြင်း မရှိခဲ့သဖြင့် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများ ပြည့်ပြည့်၀၀ အကောင်အထည် ပေါ်မလာခဲ့ပေ။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ပါတီရုံးချုပ်တွင် ဇန်န၀ါရီ ၄ ရက်က လွတ်လပ်ရေးနေ့အခမ်းအနား ပြုလုပ်ခဲ့ပြီး NLD က နှစ်(၇၀) ပြည့်လွတ်လပ်ရေးနေ့ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ နှစ် ၇၀ ရှည်ကြာခဲ့သည့် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ အပြီးတိုင်ချုပ်ငြိမ်းစေ၍ ထာဝရငြိမ်းချမ်းရေးရရှိစေရန် NLD ပါတီက ရှေးရှုဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာချက်တွင်ဖေါ်ပြထားသည်။ ထို့ပြင် တိုင်းရင်းသား မျိုးနွယ်စုများနှင့် သွေးစည်းညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမို ကရေ စီဖက်ဒရယ် ပြည်ထောင်စုထူထောင်ရေး ကြိုးပမ်းမှုများနှင့်အတူ ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ပြည်သူနှင့် အတူ ချီတက်မည်ဟု အဆိုပါ ကြေညာချက်တွင် ဖေါ်ပြထားသည်။နိုင်ငံတော် သမ္မတ၏ ‘လွတ်လပ်ရေးနေ့ သဝဏ်လွှာ’ တွင်လည်း ‘အမျိုးသားပြန်လည် သင့်မြတ်ရေး’ နှင့် ‘ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ’ ကို အကောင် အထည်ဖော်ရာတွင် တိုင်းရင်းသားအားလုံး လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ သာတူညီမျှ အခွင့်အရေးရှိခြင်းနှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခြင်းဆိုသည့် မူများအပေါ် အခြေခံသည့် ဒီမိုကရေစီ နိုင်ငံတော် ပေါ်ထွန်းလာရေးတို့ကို မျှော်မှန်းချက်ထားဆောင်ရွက်နေကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။ ၎င်းအပြင် နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရာတွင် နိုင်ငံတော်နှင့် လျော်ကန်သင့်မြတ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာစေရေးကိုလည်း ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားကြရမည်ဖြစ်သည်ဟု နိုင်ငံတော် သမ္မတက ဆိုသည်။ နိုင်ငံရေးဆွေးနွေးပွဲများမှ တစ်ဆင့် ထာဝရငြိမ်းချမ်းရေး ပန်းတိုင်သို့ ရောက်ရှိရန် ပြည် ထောင်စုတိုင်းရင်းသားအားလုံးက နိုင်ငံတော်နှင့်အတူ ပူးပေါင်းပါဝင်ရေး နိုင်ငံတော်သမ္မတ ဦးထင်ကျော်က နှစ် (၇၀) ပြည့် လွတ်လပ်ရေးနေ့ သဝဏ်လွှာမှ တစ်ဆင့် တိုက်တွန်းပြောကြားထားသည်။

သို့ရာတွင် မြေပြင်အခြေအနေ တုန့်ပြန်မှုများကို လေ့လာကြည့်ပါက ငြိမ်းချမ်းရေးခရီးတွင် အထစ်အငေါ့များ ရှိနေသည် ကို မြင်နေရသည်။ ဘာကြောင့် ထိုသို့သော အထစ်အငေါ့များ ဖြစ်ပေါ်နေရသည်ကို အစိုးရနှင့်တကွ သက်ဆိုင်သူများ (Stakeholders) အနေဖြင့် စေ့စေ့စပ်စပ် လေ့လာဖို့လိုပေမည်။

 ‘ကချင်အမျိုးသားအစည်းအရုံး’ (KNO) က မြန်မာ့ တပ်မတော်သည် ကချင်ပြည်နယ်အပါအဝင် နိုင်ငံအနှံ့အပြားတွင် လူ့အခွင့်အရေး ချိုးဖေါက်မှုများ ပြုလုပ်နေသဖြင့် ရှုတ်ချ ကြောင်း၊ လက်ရှိအစိုးရကလည်း တပ်မတော်၏ လုပ်ရပ်များကို အကာအကွယ်ပေးနေကြောင်း ဇန္န၀ါရီ ၅ ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်၍ စွပ်စွဲပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရအနေဖြင့် မြန်မာ့တပ်မတော်ကို နိုင်နိုင်နင်းနင်းကိုင်တွယ်ရန် တာဝန်ရှိသည်ဟုလည်း ကချင်အမျိုးသားအစည်းအရုံး KNO ဥက္ကဌ ဒူးဝါး ဘောင်ဝမ် လာရော် (Duwa Bawmwang Laraw) က RFA သတင်းသို့ ပြောကြောင်း သိရသည်။ ကချင်အမျိုးသား အစည်းအရုံး၏ ကြေညာချက်၌ အစိုးရက မြန်မာ့တပ်မတော်ကို မထိန်းသိမ်းနိုင်လျှင် လူထုအုံကြွမှုဖြစ်လာနိုင်သည်ဟု လည်း သတိပေးထားသည်။ ၎င်းကြေညာချက်ကို အစိုးရနှင့် တပ်မတော်ခေါင်းဆောင်များထံသို့လည်း ပေးပို့ထားသည်ဟု KNO ဥက္ကဌက ဆိုသည်။ ထိုသို့ဖြစ်ပေါ်လာသော အခြေအနေများနှင့် စပ်လျဉ်း၍ အစိုးရနှင့် လွှတ်တော်အသီးသီး အနေဖြင့် လေ့လာဆန်းစစ်မှုများ လုပ်သင့်သည်ဟု ထင်ပါသည်။ ကချင်အမျိုးသားအစည်းအရုံးအနေဖြင့် အခြေအမြစ်မရှိ ဘဲ၊ ယခုကဲ့သို့သော ထုတ်ပြန်ချက်ကို တာဝန်မဲ့ ထုတ်ပြန်လိမ့်မည်မဟုတ်ပါ။ အမှိုက်ကစ ပြဿဒ်မီးလောင် မဖြစ်ရလေ အောင် အစိုးရနှင့် လွှတ်တော်အဆင့်ဆင့်က ပြည်သူအများ အမှန်အတိုင်း သိရှိနိုင်ရန် တာဝန်ယူ ဖြေရှင်းသင့်ပေသည်။ဤအတောအတွင်းမှာပင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ‘တတိယ အစည်းအဝေး’ ကို ဆိုင်းငံ့ထား စေလိုကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူများက အုပ်ချုပ်ရေးပိုင်းသို့ တင်ပြ မည်ဟု KNLA ဒုတိယဗိုလ်မှူးကြီး အဆင့် တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၆ ရက်တွင် 7Day Daily သတင်းစာအား ပြောသည်ဟု သိရှိရသည်။ ဇန်နဝါရီ ၅ ရက်က KNU/KNLA ဌာနချုပ်၌ ကျင်းပသော KNLA တပ်ပိုင်းဆိုင်ရာ အရာရှိများ အရေးပေါ်အစည်းအဝေးတွင် တပ်မှူးများက လက်ရှိ NCA အရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်မှု ထိရောက်မှုမရှိ၍ လာမည့် ၂၁ ရာစု ပင်လုံအစည်းအဝေးကို ဆိုင်းငံ့ထားစေလိုကြောင်း သဘောထားပေးခဲ့သည်ဟု ဆိုသည်။ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီနှင့် ဒု-ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ တို့အပါအဝင် KNLA တပ်မဟာ ၇ ခု စလုံးမှ တပ်မှူးများ၏ အရေးပေါ်အစည်းအဝေးတွင် လက်ရှိ NCA လမ်းကြောင်းအရ မြန်မာ့တပ်မတော်၏ ဦးတည်ချက်နှင့် လုပ်ငန်းများအပေါ် ပြန်လည်ဆန်းစစ်သုံးသပ်ဆွေးနွေးခဲ့ပြီးနောက် ယခုကဲ့သို့ သဘောထားချမှတ် ဆုံးဖြတ်ခဲ့ကြောင်း KIC သတင်းတွင် ဖော်ပြခဲ့သည်။ ပဒိုစောကွယ်ထူး ဝင်းအပါအဝင် NCA လက်မှတ် ထိုးထားသည့် ကရင်လက်နက်ကိုင် ၃ ဖွဲ့မှ ခေါင်းဆောင်ကိုယ်စားလှယ်များ၊ ကရင်နိုင်ငံရေးပါတီများ၊ ကရင်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ကရင်ပြည်နယ် ဘားအံမြို့၌ ဇန်န ဝါရီ ၅ ရက်နှင့် ၆ ရက်တွင် တွေ့ဆုံ၍ ကရင်တိုင်းရင်းသားများ၏ သဘောထားကို ၂၁ ရာစု ပင်လုံ ညီလာခံ၌ တင်ပြနိုင်ရေးဆွေးနွေးညှိနှိုင်းကြသည်ဟု ဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ‘တတိယ အစည်းအဝေး’ ကို ဇန်နဝါရီ နောက်ဆုံးပတ်တွင် ကျင်းပရန် စီစဉ်ထားသဖြင့် NCA အရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်မှု ထိရောက်မှုမရှိ၍ ၂၁ ရာစုပင်လုံတတိယ အစည်းအဝေး ကို ဆိုင်းငံ့ထားစေလိုသည့် သဘောထား ထွက်ပေါ်လာမှုသည် ငြိမ်းချမ်းရေးအတွက် သတင်းကောင်း မဟုတ်ပေ။ ၂၀၁၅ အောက်တိုဘာတွင် KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ NCA တွင် လက်မှတ်ရေးထိုးခဲ့သည်။ NCA လက်မှတ်ထိုးပြီးနောက်ပိုင်း တပ်မတော်နှင့် KNU တို့အကြား တိုက်ခိုက်မှုဖြစ်ပွားခြင်းမရှိသော်လည်း အောက်ခြေအဆင့်၌ ပဋိပက္ခအချို့ ဖြစ်ပွားခဲ့သဖြင့် ညှိနှိုင်းဖြေရှင်းမှုများ မကြာခဏ ပြုလုပ်ခဲ့ရကြောင်း သတင်းများအရ သိရသည်။

ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ပတ် သက်၍ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) က ညှိနှိုင်းခဲ့ရာတွင် တပ်မတော်ဘက် မှ တစ်ဖက်သတ်ဆုံးဖြတ်မှုများရှိခြင်း၊ KNU ထိန်းချုပ်နယ်မြေအတွင်း လမ်းဖောက်လုပ်ခြင်း၊ နယ်စပ်ဂိတ် အချို့ ပိတ်ခိုင်း ခြင်း၊ သဘာဝ သယံဇာတနှင့်ပတ်သက်သည့် စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဒေသခံများ ဆန္ဒမခံယူဘဲ ဆောင် ရွက်ခြင်း စသည်တို့မှာ NCA အကောင်အထည်ဖော်မှုများအပေါ် ယုံကြည်မှု ထိခိုက်စေကြောင်း KNU နှင့် ဒေသတွင်းအရပ်ဘက် အဖွဲ့အစည်းများက ဆိုသည်ဟု 7Day Daily သတင်းက ဖေါ်ပြသည်။ NCA စာချုပ်ပါအချက်များ ကို တပ်မတော်ဘက်က ချိုးဖောက်ခဲ့ကြောင်း KNU ဘက်က စွပ်စွဲ ပြောကြားမှုများရှိသည်ဟုလည်း ဆိုသည်။

ထိုသို့ မြေပြင်တွင် ဖြစ်ပေါ်လျှက်ရှိသည့် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အခြေအနေများကို ပြည်နယ်အစိုးရ၊ ဗဟိုအစိုးရ၊ ပြည်နယ်လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့မှ တာဝန်ရှိသူတို့အနေဖြင့် ပကတိ အချက်အလက်အမှန်များကို လေ့လာ မှတ်သား ညှိနှိုင်းကြရန် လိုပေမည်။ ရရှိထားပြီးဖြစ်သည့် ငြိမ်းချမ်းရေးရလဒ်ကောင်းများ မထင်မှတ်သော အကြောင်းအချို့ ကြောင့် ပျက်စီးသွားခြင်း မဖြစ်စေရန် အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဂရုပြု ထိန်းကွပ်ပေးသင့်ပေ သည်။

ထို့ပြင် မကြာသေးမီက ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သားတစ်ဦး အသတ်ခံရ သော ကိစ္စနှင့်ပတ်သက်၍ လွိုင်ကော်မြို့၌ ဦးဆောင်ဆန္ဒပြခဲ့သူ လူငယ် ၅ ယောက်ကို ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၉ အရ အမှုဖွင့်ခဲ့ခြင်းမှာလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ် ယုံကြည်မှု ကျဆင်းစေနိုင်သည်။ ဆန္ဒပြပွဲတွင် ဟောပြောမှုပြုလုပ်ခဲ့သည့် ကယားပြည်နယ် ကျောင်းသားသမဂ္ဂအဖွဲ့မှ ကိုရဲမင်းကျော်၊ ကိုမျိုးလှိုင်ဝင်း၊ ကိုဂျွန်ပေါလ် တို့နှင့် ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂမှ ကိုဒီးဒီ၊ ကရင်နီပြည် လူငယ်များသမဂ္ဂမှ ခွန်းဘိုဘိုတို့ကို လွိုင်ကော်မြို့နယ် ရဲစခန်းက အမှုဖွင့် ဖမ်းဆီးအရေးယူထားသည်ဟု RFA သတင်းအရ သိရသည်။ ၎င်းကိစ္စကို နိုင်ငံရေး တည်ငြိမ်မှုအကျိုးမျှော်၍ ပြည်နယ်အစိုးရအနေဖြင့် ညှိနှိုင်းဆောင်ရွက်နိုင်ပါလျှက် ဖမ်းဆီးအကျဉ်းချလိုက်ခြင်းမှာ မဖြစ်သင့် ဟု ထင်သည်။

 တိုင်းရင်းသား ကျောင်းသားလူငယ်များ၏ နေရာမှလည်း အာဏာပိုင်တို့က စဉ်းစားပေးသင့်သည်။ ၎င်း လူငယ်များ၏ အမျိုးသားရေးခံစားချက်ကို စာနာနားလည်မှု ပေးနိုင်လျှင် ပြေလည်နိုင်သည့် ကိစ္စဖြစ်သည်။ ယခုကဲ့သို့ ဖမ်းဆီးအကျဉ်းချလိုက်သဖြင့် အစိုးရအနေဖြင့် နိုင်ငံရေးအရ တိုင်းရင်းသားတို့၏ ထောက်ခံမှု ဆုံးရှုံးဖွယ်ရှိသည်။ ထို့ကြောင့် ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်နယ်အာဏာပိုင်တို့အနေဖြင့် ဥပဒေတစ်ကြောင်းတည်း မကြည့်ဘဲ၊ နိုင်ငံရေး အကျိုးအမြတ်နှင့်လည်း ချိန်ဆကြည့်သင့်ပေသည်။နောက်ထပ် ဂရုပြုရမည့် မြေပြင်အခြေအနေတစ်ခုမှာ ဇန္နဝါရီလ ၆ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသော UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီ တိုးချဲ့အရေးပေါ်အစည်းအဝေးဖြစ်သည်။ ယင်းအစည်းအဝေးတွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဌ နိုင်ဟံသာက အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်အရ NCA လက်မှတ်ရေးထိုးနိုင်ရန် DPN အဖွဲ့က ဆွေးနွေးလာခဲ့သည်မှာ တစ်နှစ်ခွဲကျော် ကြာမြင့် ခဲ့ပြီး အစိုးရနှင့် တပ်မတော်တို့က တိုင်းရင်းသားများအပေါ် စစ်ရေးနည်းဖြင့် အကြပ်ကိုင်မှုများ ရှိသကဲ့သို့၊ ရပ်တည်ချက် အပြောင်းအလဲများလည်း ရှိနေခြင်းကြောင့် UNFC ၏ ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းသည့် အဖြေတစ်ခု ရရှိအောင် ရှာသွား မည်ဟု နိုင်ဟံသာက ပြောကြားကြောင်း ‘သတင်းနှင့်မီဒီယာကွန်ယက်’ NMG သတင်း၌ ဖေါ်ပြထားသည်။

“မကြာခင်မှာ ၂၁ ပင်လုံ တတိယ အစည်းအဝေး ခေါ်ဖို့ရှိပါတယ်။ ကျနော်တို့ အနေနဲ့လည်း ဒီကနေ့ အနေအထားမှာ တစ်ဖက်က ပြောမယ်ဆိုရင်တော့ ဒါက ဗမာ့တပ်မတော်အနေနဲ့လည်း ကျနော်တို့ အဖွဲ့ဝင်တွေကို တော်တော်လေး အကြပ်ကိုင်မှုတွေ ရှိနေတယ်။ နောက်ပြီး မြောက်ပိုင်းမှာလည်း စစ်ရေးလှုပ်ရှားမှုနဲ့ ဖိအားတွေ ပေးနေတာလည်း ရှိပါ တယ်။ ဒါက အခြေအနေ ဘက်ပေါင်းစုံကို ကျနော်တို့ သုံးသပ်ပြီးတော့ အနာဂတ်မှာ ကျနော်တို့ UNFC တပ်ပေါင်းစု အဖွဲ့ဝင်များ အနေနဲ့ ဘယ်လိုလုပ်သွားကြမလဲ၊ ဘယ်လိုဆက်လက်ပြီးတော့မှ ညှိနှိုင်းဖြေရှင်းမလဲ စသည်ဖြင့်ပေါ့လေ ကျနော်တို့ဆွေးနွေးဆုံးဖြတ်ပေးဖို့ ဖြစ်ပါတယ်။” ဟု နိုင်ဟံသာက အစည်းအဝေး၌ ပြောကြားခဲ့သည်။

ထို့ပြင် NCA အပစ်ရပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် တင်ပြထားသည့် အချက် ၈ ချက်ထဲမှ တစ်ဆို့နေသည့် အချက် များ ဖြေရှင်းနိုင်ရန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ကို UNFC ထိပ်သီးခေါင်းဆောင်များက တွေ့ဆုံခွင့်ပြုရန် တင်ပြထားခြင်းကိုလည်း ယနေ့ အထိ အကြောင်းပြန်ကြားမှု မရှိသေးသည့်အတွက် ယခု အစည်းအဝေးတွင် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရာ၌ ထည့်သွင်း စဉ်းစားသွားမည်ဟု ဆိုသည်။ ၁၇ လကြာ အစိုးရနှင့် UNFC ၏ နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ (DPN)တို့ တွေ့ဆုံဆွေးနွေးခဲ့ရာတွင် DPN မှ အဆိုပြုထားသော အချက် ၈ ချက်ထဲမှ အချို့အချက်များ သဘောတူညီမှု မရသေးသဖြင့် NCA လက်မှတ် မထိုးနိုင်ဘဲ ဆွေးနွေးမှုများ ရပ်ဆိုင်းသွားခဲ့သည်။

ယခု လက်လှမ်းမှီသမျှ တင်ပြခဲ့သည့် မြေပြင်အခြေအနေများကို လေ့လာသုံးသပ်ပါက၊ ငြိမ်းချမ်းရေးဖြစ်စဉ်၌ အရေးအကြီး ဆုံးဖြစ်သည့် အပြန်အလှန် ယုံကြည်မှု ပျက်ပြားစပြုနေသည်ကို မြင်တွေ့နေရသည်။ လက်ငင်းဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေအနေ (Political Consequence) ကို လေ့လာကြည့်လျှင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ငြိမ်းချမ်းရေးရရန် ၀ါယမစိုက်ထုတ် ဆောင်ရွက်နေသည်ကို မြင်ရသည်။ အခြားတစ်ဖက်တွင် တပ်မတော်က စစ်ရှိန် မြှင့်တင်ကာ စစ်ရေးအရ ဖိအားပေးနေသည်ကို မြင်ရသည်။

လက်ငင်း စစ်ရေးပဋိပက္ခမြင့်တက်နေရသည့် အကြောင်းရင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ ကြောင့် ဖြစ်သည်ဟု နိုင်ငံရေးအကဲခတ်များက သုံးသပ်လျှက်ရှိသည်။ ၎င်းဖွဲ့စည်းပုံကို တပ်မတော်က တရားသေ ဖက်တွယ် ခုခံကာကွယ်နေသည်။ တိုင်းရင်းသားခေါင်းဆောင်အများစုက ထို ဖွဲ့စည်းပုံဖြင့် စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု မဖြစ်ပေါ်နိုင်ဟု ဆိုနေကြသည်။ NLD ကလည်း ၎င်း၏ ၂၀၁၅ ရွေးကောက်ပွဲကြေညာချက်တွင် ဖွဲ့စည်းပုံကို ပြင်မည်ဟု ဆုံးဖြတ်ထားသည်။
လက်ရှိဖွဲ့စည်းပုံကို အခွင့်သင့်၍ ပြင်ကြမည်ဆိုလျှင် တပ်မတော်ကို စစ်တန်းလျားသို့ ဂုဏ်သိက္ခာရှိစွာ ပြန်ပို့ရေးကို ဆွေးနွေးရမည်ဖြစ်သည်။ တပ်မတော်သည် ပြည်သူ့ဆန္ဒအရ နိုင်ငံရေး ကဏ္ဍမှ သိက္ခာရှိစွာ ဆုတ်ခွာပေးရမည်။ သို့ဆိုလျှင် တကယ့် အရပ်သားစစ်စစ် အစိုးရများ ပေါ်ထွက်လာမည် ဖြစ်သည်။ သို့မှသာ စစ်ပွဲများ အမှန်တကယ် ချုပ်ငြိမ်းမည်။ ငြိမ်းချမ်းရေးလည်း အမှန်အကန် ပေါ်ထွန်းနိုင်မည်ဟု ပြည်တွင်း ပြည်ပ နိုင်ငံရေးအကဲခတ်များက တညီတညွတ် သုံးသပ် ရှုမြင်နေကြကြောင်း နှိုးဆော်လိုက်ရပါသည်။။။။။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts