ရသဆောင်းပါးစုံ

မြတ်လှိုင်း ● အာဏာဇော အနာဆူးတချောင်းအတွက် လုပ်ကြံမှုများ

မြတ်လှိုင်း ● အာဏာဇော အနာဆူးတချောင်းအတွက် လုပ်ကြံမှုများ
(မိုးမခ) ဒီဇင်ဘာ ၃၀၊ ၂၀၁၇

ကမ္ဘာကြီးမှာ အလုပ်ကြံခံခဲ့ရတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ ရှိခဲ့ဖူးပါတယ်။

အမေရိကန်သမ္မတတွေထဲမှာ အင်ဗရာဟင်လင်ကွန်း၊ ဂျွန်ဖ်ကနေဒီတို့၊ အိန္ဒိယနိုင်ငံမှာ မဟတ္တမဂန္ဒီ၊ အင်ဒီယာဂန္ဒီ၊ ရာဂျစ် ဂန္ဒီ၊ ကျွန်တော်တို့နိုင်ငံမှာဆို ဗိုလ်ချုပ်အောင်ဆန်းတို့ဟာ နိုင်ငံအတွင်းမှာလုပ်ကြံခံခဲ့ရတဲ့ နိုင်ငံ့ခေါင်းဆောင်တွေပါ။ စစ် ဘက်ခေါင်းဆောင်တွေထက် အရပ်သားခေါင်းဆောင်တွေ အလုပ်ကြံခံရတာ များပါတယ်။ ဒီနိုင်ငံတော်ခေါင်းဆောင်တွေလုပ်ကြံမှု တွေကို ပြန်ကြည့်လိုက်ရင် လုံခြုံရေးပေါ့လျော့ခြင်းနဲ့ မိမိကိုယ် မိမိယုံကြည်မှုလွန်ကဲခြင်းတွေကို အဓိကတွေ့ရပါတယ်။ လုပ်ကြံသူတွေမှာလည်း အာဏာနဲ့ပတ်သက်လာရင် ဇောတွေဝင်နေတတ်တာ တွေ့ရပါတယ်။ လောဘကြီးသူတွေ၊ မနာလို စိတ်ကြီးနေသူတွေ၊ အာဃာတ ရင့်မာရှင်သန်မှုတွေလည်း ပါဝင်နေပါလိမ့်မယ်။

အေဗရာဟင်လင်ကွန်းဆိုရင် အောက်ခြေကနေတက်လာတဲ့ သမ္မတတယောက်ပါ။ သူ့ကိုလုပ်ကြံသူက ဓနရှင်အုပ်စုထဲက ဖြစ်ပါတယ်။ လင်ကွန်းရှိနေတဲ့အစည်းအဝေးခန်းမထဲအထိဝင်ပြီး နောက်ကနေဦးခေါင်းကို သေနတ်နဲ့ပစ် လုပ်ကြံလိုက်တယ် လို့ ဆိုပါတယ်။ သမ္မတ ကနေဒီဆိုရင်လည်း ရိုင်ဖယ်သေနတ်တလက်နဲ့ အလုပ်ကြံခံလိုက်ရတယ်လို့ မှတ်သားမိခဲ့ဖူးပါတယ်။

အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီးမဟတ္တမဂန္ဒီဆိုရင်လည်း ဆုတောင်းပွဲတခုမှာ လုပ်ကြံခံလိုက်ရပါတယ်။ လူမျိုးရေး အဓိကရုဏ်းတွေနဲ့ ရှုပ်ထွေးနေတဲ့အချိန်မှာ လုပ်ကြံခံလိုက်ရတာပါ။ ဒါတွေဟာ လုံခြုံရေးပေါ့လျော့မှုနဲ့ မိမိကိုယ်မိမိယုံကြည်မှု လွန်ကဲတာတွေကြောင့် ဖြစ်ပါတယ်။

ပိုဆိုးတာက ကျွန်တော်တို့မြန်မာပြည်ရဲ့အမျိုးသားခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရမှုပါ။ ဗိုလ်ချုပ်အောင်ဆန်း ဟာ ဖက်ဆစ်ဂျပန် နဲ့တိုက်ပွဲတွေကို သက်စွန့်ဆံဖျားတိုက်ခိုက်လာခဲ့တာမသေပဲ၊ အခုအချိန်မှာ လုပ်ကြံမယ့်သူမရှိနိုင်ပါဘူးလို့ ထင်သွားခဲ့တာပါ။ နောက်တချက်က လုပ်ကြံမယ်ဆိုတဲ့သတင်းတွေထွက်လာလို့ အတွင်းဝန်ရုံးအတွင်းက လျှို့ဝှက်ပုန်းခိုခိုင်း ထားတဲ့လုံခြုံရေးတပ်ဖွဲ့တွေကို ဖယ်ရှားလိုက်တာလည်း ပါပါတယ်။ ပြည်သူတွေအပေါ်ယုံကြည်မှုနဲ့ မိမိကိုယ်ကိုယ်ယုံကြည်မှုအပြည့်ထားခဲ့တာရယ်၊ လုံခြုံရေးအစီအစဉ် ပေါ့လျော့တာရယ်ကြောင့် ကျွန်တော်တိုင်းပြည်အနေနဲ့ လူထုခေါင်းဆောင်ကို ဆုံးရှုံးခဲ့ရတာပါ။

အခုအချိန်မှာလည်း တိုင်းပြည်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် အရေးကြီးနေပါတယ်။

တိုင်းပြည်မှာ နိုင်ငံရေးတွေ ရှုပ်ထွေးနေတဲ့အချိန်ပါ။ တိုင်းပြည်အတွင်းက လူမျိုးရေးပြဿနာတွေနဲ့ စစ်အာဏာရှင်လက် ကျန်တွေကပါ အန္တရာယ်ပေးနိုင်ပါတယ်။ စစ်အာဏာရှင်ခေတ်မှာကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံမှုပထမဦး ဆုံး ကြုံခဲ့ရဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက် မြန်မာနိုင်ငံသမိုင်းမှာ ပထဦးဆုံးကြုံတွေ့ခဲ့ရတဲ့ လုပ်ကြံမှုတခုလို့ ပြောနိုင် ပါတယ်။

ပြောရမယ်ဆိုရင် အင်အယ်ဒီအထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ရဲ့ဧရာဝတီတိုင်း တတိယခရီးစဉ်မှာပါ။ အဲဒီခရီးစဉ်မှာ ကျွန်တော်က ခရီးစဉ်ရေးဆွဲရေးတာဝန်ခံအနေနဲ့ တာဝန်ယူခဲ့ရပါတယ်။ ညောင်တုန်း၊ ပန်းတနော်နဲ့ ဓနုဖြူမြို့ တွေကို စည်းရုံးရေးခရီးစဉ်ထွက်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဧည့်ခန်းစားပွဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းခက်၊ ဦးတင်ထွဋ်နဲ့ ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်။

ခရီးစဉ်ကိုရေးဆွဲဖို့ မြို့နယ်အင်အယ်ဒီခေါင်းဆောင်တွေနဲ့ အရင်ဆင်းညှိနှိုင်းဖို့ ကျွန်တော်တယောက်ထဲ ဆင်းခဲ့ရပါတယ်။ ညောင်တုန်းမြို့နယ်က အင်အယ်ဒီခေါင်းဆောင်တွေဖြစ်တဲ့ ဦးသာစိုး၊ ဒေါက်တာအုန်းကျော်၊ ဓနုဖြူမြို့နယ်က အင်အယ်ဒီ ခေါင်းဆောင်တွေဖြစ်တဲ့ ဦးကျော်မင်း (သွေးဆေးတိုက်ပိုင်ရှင်)၊ ဦးပါ၊ ကိုကျော်ဝင်း၊ ကိုသန့်ဇင်တို့နဲ့တွေ့ဆုံပြီး ဆွေးနွေးညှိ နှိုင်းခဲ့တာ အဆင်ပြေခဲ့ပါတယ်။

ဓနုဖြူမြို့နယ်ခေါင်းဆောင်တွေရဲ့တောင်းဆိုမှုအရ အဖျောက်မြို့(တိုက်နယ်မြို့) ကိုပါ သွားရောက်ဖို့သဘောတူခဲ့ပါတယ်။ ပန်းတနော်မြို့နယ် ခေါင်းဆောင်တွေဖြစ်တဲ့ ဦးမန်းညွန့်သိန်း (အခုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ ဒေါက်တာတင်မင်း ထွဋ် (အခု အင်အယ်ဒီတိုင်းအတွင်းရေးမှူး)၊ ကိုစန်းမောင် (အခု အင်အယ်ဒီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်)တို့နဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါ အဆင်မပြေဖြစ်ခဲ့ရပါတယ်။ အဲဒီအချိန်ကလည်း ပန်းတနော်ချောင်းက ရေတိမ်နေတဲ့အချိန်လည်း ဖြစ်နေပါတယ်။ ကားလမ်းနဲ့သွားဖို့အတွက်လည်း အခက်အခဲတွေအများကြီးပါ။ အဲဒါနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဧရာဝတီတိုင်းခရီးစဉ်မှ ပန်းတနော်မြို့နယ်ကို ဖယ်ထားခဲ့လိုက်ရပါတယ်။ ဧရာဝတီတိုင်းစည်းရုံးရေးကာလမှာ ဧရာဝတီတိုင်း ၂၅ မြို့နယ်ကိုရောက်ခဲ့ပြီး ပန်းတနော်တမြို့ထဲသာ မရောက်ဖြစ်ခဲ့တာပါ။

ကျွန်တော်ပြန်တင်ပြတဲ့ခရီးစဉ်အတိုင်း အင်အယ်ဒီအထွေထွေအတွင်းရေးမှူးရဲ့စည်းရုံးရေးခရီးကို ထွက်ခဲ့ပါတယ်။

ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဦးကြည်မောင်၊ ဦးတင်ထွဋ် (ဧရာဝတီတိုင်းစည်းရုံးရေးတာဝန်ခံ)၊ ဒေါ်အောင်ဆန်း စုကြည်ရဲ့လုံခြုံရေး သုံးရောင်ခြည်လူငယ်များ၊ လုံခြုံရေးတာဝန်ခံ ဦးဝင်းထိန်၊ ကိုမော်မင်းလွင် (ကိုမော်)၊ ကိုအောင်မင်းလွင် (ကိုအောင်)၊ (ကိုမော်နဲ့ ကိုအောင်တို့ညီ အကိုနှစ်ယောက်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့အနီးကပ်လုံခြုံရေးတာဝန်ယူခဲ့ရတဲ့ ဗိုလ်မှူးမင်းလွင်ရဲ့သားနှစ်ယောက်ပါ)။

နောက်…ကိုယ်ရေးအတွင်းရေးမှူး ကိုမြင့်ဆွေ(တင်ဆွေမိုး)နဲ့ မသိင်္ဂီ၊ ပြန်ကြားရေးအဖွဲ့နဲ့ ကျွန်တော်တို့လိုက်ပါရပါတယ်။ ကျွန်တော်တို့အုပ်စု ညောင်တုန်းမြို့ကိုရောက်တဲ့အထိ ဘာပြဿနာမှမရှိပဲ၊ နဂိုကသတ်မှတ်ထားတဲ့နေရာတွေမှာ ပြည်သူ တွေကို ဒေါ်အောင်ဆန်းစုကြည်စည်းရုံးရေး တရားဟောပြောခဲ့ရပါတယ်။ မအူပင်ခရိုင်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (ခဝတ) ဥက္ကဋ္ဌ ဗိုလ်မှူးမြင်စိုးက မြို့ကိုစစ်ကားနဲ့ပတ်နေတာကလွဲရင်ပေါ့။

ညနေပိုင်းနားချိန်၊ ညောင်တုန်းသဲသောင်ပြင်မှာ ကျွန်တော်တို့အုပ်စုနဲ့ ညောင်တုန်းမြို့နယ်စည်းရုံးရေးအဖွဲ့ကလူတွေ ဘော လုံးကန်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်က လာရောက်အားပေးကြည့်ရှုတော့ ပရိသတ်များခဲ့တာပေါ့။ အဲဒီညက ဦးသာ စိုးရဲ့နေအိမ်မှာ တညအိပ်ရပါတယ်။ နောက်တနေ့မနက်မှာ ကျွန်တော်တို့အုပ်စု ဓနုဖြူကိုဆက်ထွက်ခဲ့ပါတယ်။

ဓနုဖြူမြို့ကိုဝင်ဝင်ချင်း အခြေအနေကို သိလိုက်ရပါတော့တယ်။ တမြို့လုံးတိတ်ဆိတ်နေပြီး လမ်းတွေမှာ အနီရောင်လည် စည်းတွေစည်းထားတဲ့ စစ်သားတွေသေနတ်တွေကိုင်ပြီး တန်းစီရပ်နေကြတာပါပဲ။ လမ်းတလျှောက်နေအိမ်ထဲကလူတွေ ခိုးကြည့်နေကြတာ တွေ့ရပါတယ်။

အခြေအနေမဟန်မှန်းသိတော့ သုံးရောင်ခြယ်ကျောင်းသားအဖွဲ့က“ကမ္ဘာမကြေဘူး” သီချင်းကိုကားတွေပေါ်ကအော်ဆိုပြီး မြို့ထဲဝင်လာခဲ့တယ်။ တချို့အိမ်တွေကတော့ မသိမသာလက်ပြပြီး နှုတ်ဆက်ကြတယ်။ လက်ခုပ်တော့ မတီးရဲကြပါဘူး။ လမ်းဘေးမှာတန်းစီရပ်နေကြတဲ့စစ်သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ပါမယ်ထင်တဲ့ကားကို မသိမသာကြည့်နေ တာကို တွေ့ရပါတယ်။ သူတို့လည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးကို မြင်ဖူးချင်ရှာပေမပေါ့။ ဒီလိုနဲ့ ဓနုဖြူမြို့နယ်ရုံးရှိရာ ဦး ကျော်မင်းအိမ်ကို ရောက်လာကြပါတယ်။

မြို့နယ်အင်အယ်ဒီရုံးထဲမှာလည်း မြို့နယ်စည်းရုံးရေးအဖွဲ့ဝင်တွေလောက်သာ ရှိနေပါတယ်။ ကျွန်တော်တို့အုပ်စုလည်း မနက် စာစားပြီး အဖျောက်ကိုပဲ့ထောင်တွေနဲ့ဆက်ပြီး ထွက်ခွာခဲ့တယ်။ အဖျောက်မြို့လေးမှာ မဏ္ဍပ်ကြီးထိုးပြီး ဒေါ်အောင်ဆန်းစုကြည်ကိုကြိုဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကစည်းရုံးရေးတရားဟောခဲ့သလို၊ အဖျောက်မြို့လေးက ကဗျာဆရာတွေကလည်း ကဗျာတွေ ရွတ်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း လေးလေးနက်နက်နားထောင်နေခဲ့သလို ပရိတ်သတ်ကလည်း လက်ခုပ် တီးပြီး အားပေးခဲ့ကြပါတယ်။ အဲဒီအချိန်ကာလမှာ ပရိတ်သတ်အများဆုံး ကဗျာရွတ်ဆိုပွဲဖြစ်ခဲ့ပါတယ်။

ညနေမရောက်တရောက်အချိန်မှာ အဖျောက်ကနေဓနုဖြူမြို့ကိုပြန်လာခဲ့ပါတယ်။ နေ့လည်ကလိုပဲ ပဲ့ထောင်ဆိပ်ကမ်းကနေ ကျွန်တော်တို့အုပ်စု လမ်းလျှောက်တက်လာခဲ့ကြပါတယ်။ ရှေ့ဆုံးကအင်အယ်ဒီ၊ ဗဟိုလူငယ်တာဝန်ခံ ကိုဝင်းသိန်းက အလံကိုင်ပြီးလျှောက်ပါတယ်။ သူ့နောက်မှာက ဒေါ်အောင်ဆန်းစုကြည်လျှောက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘယ်ညာဘေးနှစ်ဖက်မှာ ထုံးစံအတိုင်း ကိုမော်နဲ့ ကိုအောင်တို့ပေါ့၊(ကိုမော်မင်းလွင်နဲ့ ကိုအောင်မင်းလွင်တို့နှစ်ယောက်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့လုံခြုံရေးတာဝန်ခံ ဗိုလ်မှူးမင်းလွင်ရဲ့သားတွေပါ)။ အနောက်မှာ သုံးရောင်ခြယ်တွေ၊ ကျွန်တော်က နောက်ဆုံးက ဦးကြည်မောင်နားမှာ၊ အဘဦးကြည်မောင်က ဓနုဖြူခြေလျင်တပ်ရင်းက နောက်တန်းမှူး ဗိုလ်မှူးမောင်ထွန်းနဲ့ စကားပြောရင်း လျှောက်ခဲ့ပါတယ်။

စာတိုက်ရှေ့မှာတော့လမ်းကိုပိတ်ပြီး အနီရောင်လည်စည်းစစ်သားတွေ ဆယ်ယောက်လောက် တန်းစီရပ်နေတာကို ခပ်လှမ်း လှမ်းကနေ တွေ့နေရပါတယ်။ လမ်းပေါ်မှာလမ်းလျှောက်လာတဲ့ဒေါ်အောင်ဆန်းစုကြည်ကို အဓိကထားပြီး သေ နတ်တွေချိန်ထားကြတယ်။ စစ်သားတွေရဲ့နောက်မှာ ဟမ်းစပီကာကိုကိုင်ထားတဲ့ ဓနုဖြူမြို့နယ် မဝတအတွင်းရေးမှူး ဗိုလ်ကြီးမြင့်ဦးကရပ်ပြီး လမ်းပေါ်မှာ လူငါးယောက်ထက်ပိုပြီးစုဝေးလမ်းလျှောက်သူတွေကို ပစ်မိန့်ပေးရလိမ့်မယ်ဆိုပြီး အသံခပ်မာမာနဲ့ပြောနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အုပ်စုက လမ်းမပေါ်မှာ အုပ်စုဖွဲ့လျှောက်လာသလို ဖြစ်နေတဲ့ အခြေအနေပါ။ အဲဒါကိုဗိုလ်ကြီးမြင့်ဦးက စပြီး ပစ်မိန့်ပေးဖို့ တစ်နှစ်သုံးစပြီး ရေတွက်နေပါပြီ။

ဒေါ်အောင်ဆန်းစုကြည်က သူ့နောက်ကလူတွေကို လမ်းဘေးဆင်းလျှောက်ဖို့ နောက်လှည့်ပြီးပြောလိုက်ပါတယ်။ ဒေါ် အောင် ဆန်းစုကြည်စကားကြောင့် လူတွေလမ်းဘေးဆင်းလိုက်ကြတဲ့အချိန်မှာ လမ်းလယ်ခေါင်ပေါ်မှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ ကိုမော်တို့ညီအကိုပဲ ကျန်နေခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်ကြီးမြင့်ဦးက တစ်နှစ်သုံးရေပြီးသွားလို့ပစ်ဆိုပြီး အော်ဟစ် အမိန့်ပေးသံဟာ အတော်ကျယ်လောင်သွားပါတယ်။ ဒီပစ်မိန့်ပေးသံနဲ့တပြိုင်နက်တည်းမှာ၊ နောက်ကလူအုပ်စုကလည်း လမ်းဘေးကိုဆင်းလိုက်ရတဲ့အချိန်၊ ဦးကြည်မောင်နဲ့အတူလမ်းလျှောက်လာတဲ့ ဗိုလ်မှူးမောင်ထွန်းက ကြားပြီး မပစ်နဲ့ မပစ် နဲ့လို့အော်ပြီး ရှေ့ကိုလက်တားပြပြီး ပြေးသွားပါတယ်။

ဒီအချိန်မှာပဲသေနတ်နဲ့ချိန်ထားတဲ့စစ်သားတွေရဲ့သေနတ်ကို လက်နဲ့အသာဖယ်ပြီး စစ်သားတွေကြားကနေ ဒေါ်အောင် ဆန်းစုကြည်ဖြတ်လျှောက် သွားပါတယ်။ စစ်သားတွေကပစ်မိန့်နဲ့တားဆီးမိန့်ကို တပြိုင်ထဲရလိုက်တော့ ချိန်ထားတဲ့သေနတ် ကိုင်လက်တွေဟာ တုန်ရီနေပြီး အသားတွေနီရဲ နေပါတယ်။ ပြောမယ်ဆိုရင် တပ်စိတ်တစ်စိတ်ရဲ့ပစ်အားဟာ ဒေါ်အောင် ဆန်းစုကြည်သာမကပဲ နောက်ကပါလာတဲ့လူတွေပါ အတုံးအရုံး သေနိုင်လောက်တဲ့အနေအထားပါ။

ဗိုလ်ကြီးမြင့်ဦးဟာသူ့ရဲ့ပစ်မိန့်ကိုတားဆီးခံလိုက်တာမကျေမနပ်နဲ့ပေါက်ကွဲပြီး ပခုံးပေါ်ကကြယ်ပွင့်တွေကို လက်နဲ့အတင်းဆွဲဖြုတ်ပစ်ပေါက်လိုက်တယ်။ ဗိုလ်မှူးမောင်ထွန်းနဲ့ စစ်သားတွေက ပေါက်ကွဲနေတဲ့ ဗိုလ်ကြီးမြင့်ဦးကို ဖမ်းချုပ်ပြီး ခေါ်သွား ပါတယ်။

အမှန်တော့ ဗိုလ်ကြီးမြင့်ဦးဟာ မြေလတ်ပိုင်းမြို့တမြို့မှာ မဆလကောင်စီအတွင်းရေးမှူးဖြစ်ခဲ့ပါတယ်။ ၈၈ အရေးအခင်းမှာ မြို့လူထုက သူ့ အိမ်ကိုဝိုင်းပြီး ခဲနဲ့ထုလိုက်လို့ထွက်ပြေးခဲ့ရပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီးချိန်မှာ ဓနုဖြူ မဝတအတွင်း ရေးမှူးအဖြစ်နဲ့ရောက်လာခဲ့ပြီး ဒီမိုကရေစီလှုပ်ရှားတက်ကြွသူတွေကို အဓမ္မဖိနှိပ်ခဲ့ပါတော့တယ်။ သူက ရှေ့တန်းမှာ ဒဏ်ရာရခဲ့ပြီး ဂန်းရှော့နဲ့တပ်ကအငြိမ်းစားယူပြီး အုပ်ချုပ်ရေးဖက်ကိုပြောင်းလာတဲ့သူပါ။ အဲဒီညမှာပဲ ဧရာဝတီတိုင်းမှူးဗိုလ်မှူးချုပ်မြင့်အောင်ကပြန်ခေါ်ယူလိုက်လို့ ပုသိမ်ကိုရောက်သွားတယ်လို့ သိလိုက်ရပါတယ်။ အဲဒီအချိန်တုန်းက သတင်းမှောင် ချထားတဲ့ခေတ်ဆိုတော့ အဲဒီဗိုလ်ကြီးမြင့်ဦး ဘာဆက်ဖြစ်တယ်ဆိုတာအခုအချိန်ထိဘယ်သူမှ မသိရတော့ပါဘူး။

ဒီလုပ်ကြံမှုဟာ စစ်အာဏာရှင်ဆူးတစ်ချောင်း စိုက်နေလို့ဖြစ်ပါတယ်။ နောက်တချက်က မဆလခေတ်မှာရခဲ့ဖူးတဲ့အာဏာနဲ့ အခွင့်အရေးတွေ ဆုံးရှုံးလိုက်ရလို့ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဗိုလ်ကြီးမြင့်ဦးထက် ပိုနစ်နာဆုံးရှုံးသူတွေပိုများပါတယ်။ စစ်အာဏာရှင်ခေတ်အောက်မှာ ဒီမို ကရေစီအရေးအတွက်သွေးတွေ၊ အသက်တွေ၊ ဘဝတွေများစွာဆုံးရှုံးခဲ့ရပါတယ်။ ဒီမိုကရေစီအတွက်ဆုံးရှုံးတဲ့လူတွေမှာလည်း လက်တုံ့ပြန်ချင်တဲ့နာကျည်းချက်အာဃာတဆူးတွေစိုက်နေတဲ့သူအနည်းအများတော့ ရှိနေနိုင်ပါတယ်။ ဒါပေမဲ့ ဒီလူတွေအတွက်ကတော့ လက်တုံ့ပြန်နိုင်မယ့်အခွင့်အရေးတွေ မရခဲ့ပါဘူး။ ငွေကြေး၊ လက်နက်နဲ့အာဏာ၊ ငွေကြေးဆိုတာတွေ မပြည့်စုံခဲ့လို့ထင်ပါတယ်။ နောက်တချက်က လက်တုံ့ပြန်နိုင်ဖို့ အတွက် အ ကြောက် တရားတွေနဲ့ ဖိနှိပ်ထားတဲ့အတွက်ကြောင့်လည်း ပါဝင်နေပါလိမ့်မယ်။

အဓိကအချက်ကတော့ ဒီမိုကရေစီအတွက်တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတဲ့သူအများစုဟာ အသိဉာဏ်ရှိခဲ့ကြသူတွေလို့ ပြော ချင်ပါတယ်။ ခေတ်ဆိုးကြီးနဲ့စနစ်ဆိုးကြီးကို မြန်မာပြည်မှာဖယ်ရှားပစ်နိုင်ဖို့ပဲ ရည်ရွယ်ခဲ့တာပါ။

နိုင်ငံရဲ့ခေါင်းဆောင်တွေကိုလုပ်ကြံဖို့ကြံစည်သူတွေဟာ လောဘဇောတွေ၊ အာဏာဇောတွေကို အသိဉာဏ်နဲ့မထိမ်းနိုင်သူ တွေဖြစ်ပါတယ်။

ကျွန်တော်တို့ဖက်ကလည်း လုံခြုံရေးကိုပိုပြီး အလေးအနက်ထားဖို့လိုနေပါတယ်။ ခေါင်းဆောင်တွေလည်း မိမိကိုယ်မိမိယုံ ကြည်မှုမလွန်ကဲဖို့ လိုအပ်ပါတယ်။ လုပ်ကြံလိုသူတွေမှာ အာဏာအတွက် အာဃာတအနာဆူးတချောင်းတော့ အမြဲစိုက် ဝင်နေပါလိမ့်မယ်။

မြတ်လှိုင်း

Photograph by Minzayar Oo / Panos


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts